သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ရုံးတင်တရားစွဲတာ အာဆီယံ သိက္ခာကျ


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက တရားစွဲဆို ထားတာဟာ အာဆီယံ အရှေ့တောင် အာရှ နိုင်ငံများ အသင်းကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝမ် က ပြောပါတယ်။ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ကြေညာချက်ဟာ ဒေသတွင်း နိုင်ငံတွေရဲ့ သဘောထားကို ထုတ်ဖေါ် ပြသခဲ့တာလို့လည်း အာဆီယံ အတွင်းရေးမှူးချုပ် က ပြောဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပနေတဲ့ အာဆီယံနဲ့ အီးယူ ဝန်ကြီးအဆင့် အစည်းအဝေးအတွင်း ပြောဆိုချက်တွေအကြောင်းကို မညိုညိုလွင်က ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။

အာစီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ကြေညာချက်ဟာ အာဆီယံ ပဋိညာဉ် စာတမ်းကို ချိုးဖေါက်ပြီး မြန်မာနိုင်ငံ ရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွတ်ဖက်တာဆိုပြီး မြန်မာ စစ်အစိုးရက ပြောဆိုနေတဲ့ အချိန် အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က အာဆီယံရဲ့ ရပ်တည်ချက်ကို ထပ်ပြီး ပြောဆိုခဲ့တာပါ။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မှာ ကျင်းပနေတဲ့ အာရှ ဥရောပ နိုင်ငံများ ဝန်ကြီးအဆင့် အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆို ထားတာနဲ့ပတ်သက်လို့ ဆူရင်ပစ်ဆူဝမ်က အခုလို သတင်းထောက်တွေကို ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ အာစီယံရဲ့ ဂုဏ်သိက္ခာနဲ့ အာစီယံ အဖွဲ့ဝင်အားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်စေပါတယ်။ ဒါကြောင့်လည်း အခြား နိုင်ငံတကာက အမြင်သဘောထားတွေနဲ့ ထပ်တူူ အာစီယံအဖွဲ့ကြီးက စိုးရိမ်ပူပန်မှုတွေကို အာစီယံ အလှည့်ကျ ဥက္ကဋ္ဌကနေ တဆင့် ထုတ်ဖေါ်ပြသခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့အတွက် မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည် လေးစား မှုကို လက်လွှတ် ရနိုင်တယ်ဆိုပြီး ထိုင်းနိုင်ငံက သတိပေးခဲ့ပါတယ်။ စစ်အစိုးရကတော့ ထိုင်းနိုင်ငံဟာ အာဆီယံ ပဋိညာဉ် စာတမ်းကို ချိုးဖေါက်ပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဖနွမ်ပင်မှာ အစည်းအဝေး တက်ရောက်နေတဲ့ အီးယူ ဥရောပနိုင်ငံများအဖွဲ့က အာရှဒေသဆိုင်ရာ မူဝါဒရေးရာအဖွဲ့ အကြီးအကဲ Marcin Majewski ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါတယ်ဆိုတာ အားလုံး လက်ခံဘို့ လိုတဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘူးဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို စပြီး လုပ်လို့ မရနိုင်သလို နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်နိုင်မှာလည်းမဟုတ်ပါဘူး။ ဒီအခြေအနေအပေါ် ကျနော်တို့ အထူးပဲ စိုးရိမ်ပါ တယ်။ စစ်အစိုးအပေါ် ရှုတ်ချတဲ့ ကြေညာချက်နဲ့ မြန်မာ့အရေး မျှော်လင့်ချက်တွေကို အားလုံးက ပထမဆုံး တညီတညွတ် တည်း ထုတ်ဖေါ်ပြောဆိုနေကြတာပါ။

မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံရဲ့ ကြေညာချက်ဟာ အာစီယံ အလှည့်ကျ ဥက္ကဌ ရဲ့ အပြင်းထန်ဆုံး အာစီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အီးယူ ဥရောပ နိုင်ငံတွေ စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောဆိုနေတဲ့ တချိန်တည်းမှာ ရှေ့သတင်းပတ် အတွင်း အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေ တောင်ကိုရီးယား နိုင်ငံမှာ တွေ့ဆုံဖို့ရှိပြီး အဲဒီ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံ အရေးကို ဆွေးနွေးမယ်လို့ ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာဂျီ၀ က ပြောပါတယ်။

လာမယ့် ဇွန်လ ၁ ရက်နဲ့ ၂ရက်နေ့တွေ အတွင်း အာဆီယံ နိုင်ငံတွေနဲ့ တောင်ကိုရီးယားအကြား ထိပ်သီး အစည်းအဝေးကို တောင်ကိုရီးယား နိုင်ငံ ဂျီဂျု ကျွန်းမှာ ကျင်းပဖို့ ရှိပါတယ်။ အဲဒီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကိစ္စကို ဆွေးနွေးမယ်ဆိုပြီး ထိုင်း ဝန်ကြီးချုပ်က ပြောဆိုတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG