သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ဘက် တဦးတည်းသောသက်သေ တရားရုံးမှာ ထွက်ဆို


တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန် အင်းစိန်ထောင်ထဲက
အထူးတရားခွင်မှာ ရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ဘက်က ခုခံချေပတဲ့ သက်သေတဦးရဲ့ ထွက်ဆိုချက်ကို ဒီကနေ့ ရုံးတော်က
ကြားနာခဲ့ပြီးတော့ နောက်တကြိမ်ရုံးချိန်းကိုတော့ တနင်္လာနေ့ကို ရွှေ့ဆိုင်းလိုက်ပါ
တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တွေကတော့ ဒီလို သက်သေတဦးသာ
ထွက်ဆိုခွင့်ပေးတဲ့အတွက် တောင်းဆိုတင်ပြတာတွေ ထပ်လုပ်ဖို့လည်း ပြင်ဆင်နေပါ
တယ်။ ဒီလို ထောင်တွင်း ရုံးတင်စစ်ဆေးနေချိန် ဒေါ်အောင်ဆန်းစုကြည်ကို အားပေး
ကြောင်း ပြသတဲ့အနေနဲ့ ထောင်အနီးအနား ရောက်လာသူတွေထဲက တကိုယ်တော်
ဆန္ဒပြသူ တယောက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။ တရားခွင်က
နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထား
ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့
စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ သူ့ဘက်က ခုခံ
ထွက်ဆိုပေးတဲ့ သက်သေတဦးကို စစ်ဆေးပြီး အပြီးသတ် လျှောက်လဲချက်တွေ
တင်သွင်းဖို့ လာမယ့်တနင်္လာနေ့ကို တရားရုံးက ပြန်ပြီး ရက်ချိန်းသတ်မှတ်လိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်အတွက် ကာကွယ်ထွက်ဆိုပေးဖို့ တင်ပြထားတဲ့ သက်သေ
၄ယောက်ထဲက ၁ ယောက်ဖြစ်တဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့က အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီက ဦးကြည်ဝင်းကိုသာ ရုံးတော်က လက်ခံစစ်မေးပြီး
အခုနောက်ဆုံး တရားခွင်ကို အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆိုရင် တင်သွင်းလာတဲ့ သက်သေတွေကို ကြားနာပြီးဖြစ်တာမို့ ရှေ့တပတ်ကျရင်
နှစ်ဖက်ရှေ့နေတွေက အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းရတော့မှာ ဖြစ်တဲ့
အတွက် မကြာခင် တရားခွင် ကြားနာစစ်ဆေးမှုတွေ အဆုံးသတ်တော့မယ်လို့လည်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ရှေ့နေ ဦးကြည်ဝင်းက
ပြောပါတယ်။

“ပြောရရင်တော့ ဒီနေ့ ရှေ့နေ လပွတ္တာက ဦးကြည်ဝင်းကို စစ်လိုက်တယ်။ ဒီနေ့က ဒါပဲ။
ပြီးတဲ့အခါကြတော့ ဒို့က သက်သေ ၄ ယောက်တင်တားကိုး၊ ၄ ယောက်တင်တာကို
သူတို့က ၁ ယောက်ပဲ လက်ခံတယ်၊ ၃ ယောက်ကိုတော့ သူတို့က မစစ်ဘူးဆိုပြီး
ငြင်းတယ်၊ ရုံးက။ အဲဒီဟာကိုလည်း အခု အင်းစိန်သွားပြီး ကော်ပီကူးပြီးတော့ အရေး
ဆိုမယ်၊ ဒီအတိုင်းချည်း ငြိမ်တော့ မခံဘူး။ အချိန်မီရင်လည်း မီသလို အရေးဆိုမယ်။
ဒါပဲ။ ရုံးချိန်းက တနင်္လာနေ့ကို အပြီးသတ်လျှောက်လဲချက်၊ အဲဒီ တနင်္လာ လျှောက်လဲ
ချက်ပြီးရင် နှစ်ရက် သုံးရက်ပေါ့၊ အလွန်ဆုံးကြာရင် တပတ်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးကြည်ဝင်း
ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလို ထောင်တွင်း အထူးတရားခွင်မှာ စစ်ဆေးနေချိန် ထောင်အနီးပတ်ဝန်းကျင်မှာ
လုံခြုံရေး အတားအဆီးတွေကြားက ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံ
ကြောင်း ပြသဖို့ ရောက်လာသူတွေကလည်း အများအပြား ရှိနေကြဆဲပါ။ ဒီအထဲက
အနည်းဆုံး တဦးဟာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အားပေးရင်း တကိုယ်တော် ဆန္ဒပြရာက အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ အင်းစိန်ထောင်အနီးအနားကို နေ့စဉ်ဆိုသလို သွားနေတဲ့ အန်န်အယ်လ်ဒီပါတီ အတွင်းရေးမှူး
ဦးဝင်းတင်က ပြောပါတယ်။

“ကျနော်ရောက်သွားတဲ့အခါကြတော့ ခါတိုင်းလိုပဲ လူ ၂,၀၀၀ ပတ်ဝန်းကျင်လောက်
လာကြတယ်။ ဟိုနေရာတကွဲ၊ ဒီနေရာ တကွဲပေ့ါ။ ဟိုသစ်ပင်ရိပ်၊ ဒီသစ်ပင်ရိပ် အဲလိုပဲ
ထိုင်ပြီးနေကြတယ်။ ခါတိုင်းလိုပဲ မုန့်တွေပေးတဲ့လူတွေက ပေးပေါ့လေ။ စားစရာ
ချိုချဉ်ထုပ် ပေးတဲ့လူကပေး၊ မြေပဲပေးတဲ့လူကပေး၊ သောက်ရေသန့်ပေးတဲ့လူကပေး။

“အဲဒီကနေ တနာရီခွဲလောက် ရောက်တဲ့အခါကြတော့ လူတယောက်က အောင်သုခ
လမ်းဆိုတာ၊ ကျနော်တို့ထိုင်နေတဲ့နေရာရဲ့ ဘေးကလမ်း၊ လမ်းသွယ်လေးပေါ့၊ အဲဒီ
လမ်းသွယ်လေးနဲ့ အင်းစိန်လမ်းမကြီးကို ဆက်တာပေါ့၊ အဲဒီလမ်းသွယ်က ထွက်လာပြီး
အင်းစိန်လမ်းမကြီးပေါ် ရောက်တဲ့အခါ အနောက်ဘက်ကို မျက်နှာလှည့်လိုက်တယ်၊
ပေါက်တောဝပေါ့၊ ထောင်ဘူးဝဘက်ကို မျက်နှာလှည့်လိုက်ပြီး လိပ်လာတဲ့ အဝတ်တခု
ကို ဆွဲဖြန့်လိုက်တဲ့အခါကျတော့ အဝတ်လိပ်ထဲမှာ ဘာပါလဲဆိုတော့ အမေစုကို
ကာကွယ်သင့်ပြီဆိုတဲ့ စာရေးထားတယ်။ အဲဒီလူရဲ့နာမည်က ဦးဇော်ညွန့်တဲ့။

“အဲဒီဆန္ဒပြပွဲ ဝုန်းဝုန်း ဝုန်းဝုန်း ဖြစ်သွားတဲ့အခါ လူ နှစ်ယောက်သုံးယောက်လောက်က၊
ကျနော်တု့ိအထဲတွေမှာနေတဲ့ အရပ်ဝတ်အရပ်စားနဲ့နေတဲ့ ရဲအရာရှိတွေ ဘာတွေ
ဖြစ်မှာပေါ့ဗျာ၊ ရဲသားတွေက ဒီလူ့ကို ဖမ်းဆွဲလိုက်တဲ့အခါ ဒီလူက ရုန်းကန်နေတယ်။
ကောင်းကောင်းမွန်မွန်ပါပဲ လက်မောင်းကို ဖမ်းဆွဲလိုက်ပြီးတော့ သူ့လက်ထဲမှာရှိတဲ့
ဆန္ဒပြတဲ့စာရွက်ကို သိမ်းလိုက်တယ်။ သူ့ကို ဝိုင်းဆွဲကြတယ်။ ဆွဲလာပြီးတော့
ကျနော်တို့နဲ့ မျက်နှာချင်းဆိုင် ဈေးအပေါ်ထပ်မှာ ရုံးခန်းရှိတယ်ပြောတယ်၊ အဲဒီ
အပေါ်ထပ်ကို ဆွဲတင်သွားတယ်လို့ ကြားတယ်။ ဒါပဲ။”

အန်န်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

ကြားနာစစ်ဆေးမှုတွေကို ထောင်တွင်းအထူးတရားခွင်မှာ ဆက်တိုက်ဆိုသလို
လုပ်လာတဲ့ နေရာမှာ ဒီတပတ်ထဲမှာတော့ စွပ်စွဲခံထားရသူတွေဖြစ်တဲ့ ဒေါ်အောင်ဆန်း
စုကြည်၊ သူနဲ့အတူ အဖော်အဖြစ် နေထိုင်ကြသူ ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မဝင်းမမနဲ့
နောက် နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန်
နိုင်ငံသား ဂျွန် ဝီလျမ် ယက်ထော (John William Yettaw) တို့က ရုံးတော်မှာ ထွက်ဆို
ခဲ့တာပါ။ ဒီလို ကြားနာစစ်ဆေးတာတွေ လုပ်နေတာ၊ စွပ်စွဲခံရသူတွေဘက်က ရှေ့နေ
ရှေ့ရပ်တွေနဲ့ ဥပဒေကြောင်းအရ ခုခံချေပနေတာတွေ ရှိပေမယ့်လည်း တရားခွင်ရဲ့
ဆောင်ရွက်ချက်တွေမှာ မျှမျှတတ စီရင်ဆုံးဖြတ်မယ့် အရိပ်အယောင်မျိုးတော့
မတွေ့ရဘူးလို့ ဥပဒေအကျိုးဆောင်တွေက ပြောကြပါတယ်။

အင်္ဂါနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ အပြစ်မရှိကြောင်း
ခုခံချေပတဲ့ နေရာမှာဆိုရင်လည်း သူ့နေအိမ်ခြံဝင်းထဲကို ကျုးကျော်ဝင်ရောက်ခဲ့သူနဲ့
ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို စာနာစိတ်နဲ့သာ ကူညီခဲ့တာမို့ အပြစ်မရှိကြောင်း
ပြောခဲ့တာပါ။ ဒီလို မဖိတ်ခေါ်ဘဲ ရောက်လာသူတဦးအတွက် ထိန်းသိမ်းခံနေရသူမှာ
အပြစ်မရှိသလို၊ လုံခြုံရေးတာဝန် ယူထားသူတွေရဲ့ ပျက်ကွက်မှုအတွက်ကိုလည်း
အာဏာပိုင်တွေက အရေးတယူလုပ်တာမျိုး မရှိတာဟာ ဘက်လိုက်ရာရောက်နေတယ်
ဆိုပြီးတော့လည်း ရုံးတော်ကို စာရေးပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG