သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မှ ပြန်လည်သင့်မြတ်ရေးကို လှမ်းနိုင်မည်


အာဆီယံနဲ့ ဥရောပနိုင်ငံတွေကလည်း မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ ပထမဦးဆုံး
အဆင့် ဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ကြေညာထားတဲ့ လာမယ့်နှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး
မျှတဖို့ဆိုရင်တော့ နိုင်ငံရေးအစုအဖွဲ့အားလုံး ဒီရွေးကောက်ပွဲမှာ ပါဝင်လာနိုင်ရေး
နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရမယ်ဆိုပြီးတော့ အီးယူ-အာဆီယံ
နိုင်ငံခြားရေးဝန်ကြီးတွေက မနေ့က မေလ ၂၈ ရက်နေ့မှာ မြန်မာစစ်အစိုးရကို
တောင်းဆိုလိုက်ကြတာပါ။

ကမ္ဘောဒီးယားနိုင်ငံမှာလုပ်တဲ့ အာဆီယံ-အီးယူ ပူးတွဲအစည်းအဝေးမှာလည်း တနေ့က
ဖနွမ်းပင်မှာလုပ်ခဲ့တဲ့ ASEM လိုပဲ မြန်မာနိုင်ငံ အရေးကိစ္စဟာ အတော်လေး နေရာယူခဲ့
ပါတယ်။ ဒီအစည်းအဝေးမှာ သဘာပတိတဦး လုပ်ခဲ့တဲ့ ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
ယန်း ကိုဟော့တ် (Jan Kohout) က အီးယူ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့
သဘောထားကို အခုလိုပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဟာ အမျိုးသား
ပြန်လည်သင့်မြတ်ရေးအတွက် ပထမအဆင့်ပါ။ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့
ဒီမိုကရေစီ အစိုးရတရပ် ပေါ်ပေါက်ရေး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ
ကျင်းပဖို့အတွက်လည်း ပထမအဆင့်ပါ။”

အစည်းအဝေးကို တက်လာတဲ့ မြန်မာစစ်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး
ဦးမောင်မြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စဟာ မြန်မာပြည်တွင်း ဥပဒေ
ရေးရာကိစ္စပဲ ဖြစ်တယ်လို့ အီးယူနဲ့ အာဆီယံဝန်ကြီးတွေကို ရှင်းပြခဲ့ပါတယ်။ ဒုတိယ
ဝန်ကြီး ဦးမောင်မြင့်ဟာ အစည်းအဝေးအပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း
တက်ရောက်လာခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုထားတဲ့
အီးယူ-အာဆီယံ ပူးတွဲကြေညာချက်ကို မြန်မာဘက်က လက်မှတ်ထိုးမထိုးဆိုတဲ့
မေးခွန်းတွေ ဖြေဖို့ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် (Kasit Piromya) က
ပယ်ချခဲ့ပါတယ်။

မြန်မာအစိုးရကတော့ အခုကိစ္စမှာ မြန်မာနိုင်ငံ ပြည်တွင်းရေးပဲဖြစ်တယ်ဆိုပြီး တုံ့ပြန်
သဘောထား ပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စနဲ့ပဲ ပြီးခဲ့တဲ့ အာဆီယံ
အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံရဲ့ ကြေညာချက်ကို မြန်မာစစ်အစိုးရက ပယ်ချပြီး ဒါဟာ
အာဆီယံပဋိညာဉ်နဲ့ မအပ်စပ်ဘူးဆိုပြီး ပြောခဲ့ပါတယ်။ ဒီကြေညာချက်ဟာ ထိုင်းနိုင်ငံ
တနိုင်ငံတည်းရဲ့ သဘောထားလိုလို ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အာဆီယံ
အတွင်းရေးမှူးချုပ်ကိုယ်တိုင်က ဒါဟာ အာဆီယံတခုလုံးရဲ့ သဘောထားကို ထင်ဟပ်
စေတယ်လို့လည်း ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG