သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓနုတ်ဘုရားပြိုတဲ့ နေရာ အပျက်အစီးတွေကြား ပိတ်မိနေသူတွေ ရှာဖွေနေဆဲ


ရန်ကုန်မြို့ တဘက်ကမ်း ဓနုတ် ရွာက ဓနုတ်ဘုရား ရုတ်တရက် ပြိုကျသွားလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြောင်းကို ဒလ မြို့ခံများနဲ့ မနန္ဒာချမ်းက မေးမြန်းထားပါတယ်။

ရန်ကုန်တိုင်း ဒလမှာရှိတဲ့ ဓနုတ် စေတီတော်ကြီးကို ပြန်လည်မွမ်းမံနေတုန်းမှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပြိုကျခဲ့တဲ့ စေတီတော်ကြီးရဲ့ အုတ်ပုံတွေကြားမှာ ပိမိနေတဲ့ သူတွေကို ကယ်ဆယ်တာတွေ ဒီနေ့ ဆက်လုပ်နေဦးမယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ဒီပြိုကျမှုကြောင့် လူသေဆုံးမှု ရှိခဲ့ပြီး၊ တော်တော်များများ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ ကယ်ဆယ်ရေး အခြေအနေကို မျက်မြင် သက်သေ တဦးက…..

"ဘုရားမှာ လုပ်တဲ့ အလုပ်သမား အယောက် ၃၀လောက် ပိမိသွားတယ်။ ဒီနေ့အထိ မြေတူးစက်တွေ၊ ကရိန်းတွေနဲ့ သယ်တာ ၈ယောက်လောက် ကျန်သေးတယ်လို့ ပြောတယ်။ အဲဒီ ဘုရား ပတ်လည်မှာ ဝန်းတွေ ခတ်ထားပြီးတော့၊ ကြည့်တဲ့ သူတွေက အပြင်ကနေ ကြည့်ရတာပေါ့။ ကြက်ခြေနီတို့၊ ဆိုင်ရာလူကြီးတွေ ရှိတယ်။ ဒဏ်ရာရတဲ့သူတွေတော့ သေချာ မသိ ဘူး။ ပိသွားတဲ့သူကတော့ ၃၀ ယောက် ရှိတယ်။ ဒီနေ့အထိ သယ်တာ ၈လောင်းလောက် ကျန်သေးတယ်လို့ ပြောတယ်။ ခေါင်းပြတ်တို့၊ ပေါင်ပြတ်တွေကို မြေကြီးထဲက ထုတ်လာတာ တွေ့တယ်။"

ဓနုတ်စေတီတော်ကြီးဟာ အရွယ်အစားအားဖြင့် ဆူးလေ စေတီတော်ကြီးထက် ကြီးပြီးတော့ အရင်တခေါက် မြေငလျင် လှုပ်တုံးက ဒီစေတီတော်ကြီး ပျက်စီးခဲ့တာကြောင့် အဲဒီ စေတီတော်ကို ပြန်လည်မွမ်းမံနေရင်း စနေနေ့က အခုလို ပြိုကျ ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် ပြိုကျခဲ့တယ်ဆိုတာကတော့ မသိရသေးပါဘူး။ ကဆုန်လပြည့်နေ့ မတိုင်ခင်ကတော့ စေတီတော်ကြီး ထီးတင်ပွဲ အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေဇနီး ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် တက်ရောက်ခဲ့တာပါ။ ဒီ စေတီတော်ကြီးကို ပြန်လည် မွမ်းမံဖို့အတွက် ရွှေသံလွင် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ခံထားတာဖြစ်ပြီး၊ စေတီ မွမ်းမံ ရေးမှာ ရေတပ်က စစ်မှုထမ်းတွေ၊ နေ့စားအလုပ်သမားတွေနဲ့ ရွှေသံလွင် ဆောက်လုပ်ရေးက အလုပ်သမားတွေ ပါဝင်ကြ ပါတယ်။ မနေ့က ဓနုတ် စေတီတော်ကြီး ပြိုကျပြီးတဲ့နောက်ပိုင်း၊ လက်ရှိစေတီတော်ကြီးရဲ့ ပုံသဏ္ဍာန် မြင်ရပုံကို အဲဒီ မျက်မြင် သက်သေကပဲ…..

"အရင် ငလျင်လှုပ်တုံးက အပုံလောက်ပဲ နည်းနည်းလေးပဲ ကျန်တော့တယ်။ ကျန်တာကို ငုံပြီးတော့ အရင် ဘုရားပုံစံ အတိုင်း ပြန်တည်လိုက်တယ်။ မနေ့က ပြန်တည်ထားတဲ့ အင်္ဂဒေတွေ အကုန်လုံးပြိုကျသွားတာ။ နဂို အပုံအတိုင်းပဲ ပြန် ကျန်နေခဲ့တော့တယ်။ အခုတည်ထားတဲ့ ဘုရားက ဆူးလေ ဘုရားထက် ကြီးတယ်။ ငလျင်လှုပ်ပြီး ကျန်ခဲ့တဲ့ ပုံစံအတိုင်းပဲ အခု ကျန်ခဲ့တော့တယ်။"

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် ထီးတင်ခဲ့တဲ့ ရန်ကုန်တိုင်း ဒလ က ဓနုတ် စေတီတော်ကြီး ပြိုကျမှု မှာ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိခဲ့တဲ့ အခြေအနေနဲ့ ဒီလူတွေ အားလုံးကို ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေ တဲ့အကြောင်း မျက်မြင်သက်သေတဦးက ပြောခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG