သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဒုတိယ ကာကွယ်ရေးဝန်ကြီး ပြောကြားချက် NLD ကန့်ကွက်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဥပဒေချိုးဖောက်လို့ အရေးယူရတာဖြစ်တယ် ဆိုပြီး စစ်အစိုးရ တာဝန်ရှိသူတယောက်က ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ တရားခွင်မှာ ကန့်ကွက်ကြောင်း တင်ပြမယ်လို့ သူမရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီက ပြောဆိုလိုက်ပါတယ်။ တရားခွင်မှာ အပြစ်ရှိမရှိ ဆိုတာတောင် မဆုံးဖြတ်ရသေးခင် အခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာဟာ တရားဥပဒေကို ကျော်လွန်တဲ့ လုပ်ရပ်အဖြစ် အဲန်အယ်လ်ဒီ ပါတီက အခုလို တုံ့ပြန်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရားခွင်ကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က အကြောင်းစုံကို တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ အပြစ်ကျူးလွန်သူ တဦးဖြစ်တာမို့ အရေးယူဖို့လုပ်ရတာလို့ မြန်မာစစ်အစိုးရ အရာရှိတဦးက ပြောတဲ့အပေါ် ကန့်ကွက်မယ်ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောလိုက်တာပါ။ တားဆီး ကန့်သတ်မိန့်ကို ဖောက်ဖျက်ပြီး နေအိမ်ခြံဝန်းထဲ တိတ်တဆိတ် ရေကူးဝင်လာသူ တဦးကို လက်ခံခဲ့တယ်၊ အဖြစ်မှန်ကို လည်း ထိမ်ချန်ထားတာမို့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အရေးယူရုံက လွဲလို့ ရွေးစရာလမ်း မရှိတော့ဘူး ဆိုပြီး မြန်မာ စစ်အစိုးရ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့် က စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ရှန်ဂရီလာ အာရှဒေသ လုံခြုံရေး ဆိုင်ရာ အစည်းအဝေး အတွင်း တနင်္ဂနွေနေ့တုန်းက မှတ်ချက်ပေး ပြောသွားခဲ့တာပါ။ ဒါပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆို ကြားနာနေတဲ့ တရားခွင်မှာတောင် အပြစ်ရှိမရှိ မဆုံးဖြတ်ရသေးခင် ဒီလိုမှတ်ချက်ပေး ပြောဆိုတာဟာ ဥပဒေကို ကျော်လွန်နေတဲ့ လုပ်ရပ်ဖြစ်တာာမို့ ကန့်ကွက်ဖို့ ဖြစ်လာရတာလို့ အဲန်အယ်လ်ဒီပါတီ အတွင်းရေးမှူး
ဦးဝင်းတင် က ပြောပါတယ်။

“ဒီတရားစီရင်ရေးစနစ်ကြီးတခုလုံးက ပျက်နေတာပဲဟာ။ အဲဒီတော့ ဒေါ်စုအမှုနဲ့ပတ်သက်လာရင် ကျနော်တို့က စပြီးတော့ ကန့်ကွက်နေတဲ့ကိစ္စက - ဥပမာ၊ တရားခံလို့ ပြောတယ်ဗျာ။ သူတို့တရားခွင်မှာ တရားမစွဲခင်ကတည်းက တရားစွဲတင်မှု မလုပ်ခင်ကတည်းက သူတို့က တရားခံလို့ သုံးတယ်။ ဒီလိုပဲ တရားဥပဒေရဲ့ ဓလေ့ထုံးစံတွေရော၊ အသုံးအနှုန်းတွေရော သဘောထားတွေရော သဘောတရားတွေရော အကုန်လုံးကို ဖောက်ဖျက်နေတာဗျ။ အဲဒီတော့ ဒီကိစ္စမှာလည်း ဒီ ကာကွယ်ရေးဌာနက ဒုတိယဝန်ကြီးဆိုတဲ့ပုဂ္ဂိုလ်က ပြောတဲ့စကားက ဒေါ်စုကို တရားတောင်မချရသေးဘူး။ သူက အပြစ် ရှိတယ်လို့ ပြောနေပြီ။ အဲဒါ အမှန်အတိုင်းပြောရရင်တော့ တရားစီရင်ရေးကို ဖောက်ဖျက်နေတာပဲ။ သူတို့ ဒါမျိုးပြောဖို့ မကောင်းဘူးပေါ့။ အဲဒီတော့ ကျနော်တို့ကလည်း ဒါနဲ့ပတ်သက်ပြီးတော့ ကန့်ကွက်တာလည်း များပြီ။ ဒေါ်စုအမှုနဲ့ကို ပြောနေရတာ။ ကျနော်တို့ကတော့ ဒါနဲ့ပတ်သက်ပြီး မကျေနပ်ဘူး။ ဒါလည်း ကျနော်တို့ လျှောက်လဲချက် ပေးတဲ့အခါ ကျတော့ ဒါကို တရားတင်တာကိုပြောခိုင်းဖို့ ကျနော်တို့ သဘောထားရှိတယ်ဗျ။”

ဒီလို စစ်အစိုးရ ရဲ့ အဆင့်မြင့်အရာရှိ တဦးကမှတ်ချက်ပေး ပြောဆိုတာတွေ ထွက်ပေါ်မလာခင် ကတည်းကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ကြားနာနေတဲ့ တရားခွင်ဟာ မျှမျှတတ စီရင်ဆုံးဖြတ်ဖွယ်မရှိဘူးဆိုပြီးတော့ သံသယတွေ ဝင်နေ ကြတာပါ။ ဒီကြားထဲကမှ အခုလို ပြောဆိုလိုက်တာဟာ အာဏာပိုင်တွေဖက်က ရည်ရွယ်ချက်တွေကို ပိုပြီး ထင်ထင် ရှားရှား မြင်သာလာစေတယ်လို့လည်း ဦးဝင်းတင် က ပြောပါတယ်။

“ကျနော်တို့ လူတိုင်းက အရပ်စကားနဲ့ပြောမယ်ဆိုရင်တော့ ဒီအမှုဟာပေါ့ဗျာ။ ဇာတ်သိမ်းခံသိနေတဲ့ ဝတ္ထုလို ဖြစ်နေတယ်၊ အပြင်မှာပြောတဲ့စကားက ဘာလဲဆိုရင် ဘာပဲပြောပြော စီရင်ချက်ဆိုတာ ကလပ်ပေါ်မှာတင်ထားတဲ့ စာအိတ်ဖောက် လိုက် ရုံံပဲ။ တရားသူကြီးက ဘာမှ ပြောစရာမရှိဘူး။ ဆိုတော့ ဒီသဘောထားတွေကို အရပ်သုံးစကားတွေ ကျနော်တို့တွေ ပြောတဲ့ စကားတွေနဲ့ကို တသားတည်းကျနေတဲ့ဟာကို သူတို့က ထုတ်ပြီးတော့ ဝန်ခံနေသလိုမျိုး ဖြစ်နေတယ်။ အဲဒီတော့ ဆိုလိုတာ ကတော့ ကျနော်တို့က မစွပ်စွဲရသေးဘူး။ မပြောရသေးဘူး။ သူတို့က သူတို့ရဲ့ ဇာတိရုပ်ကို ဖော်ပြနေသလိုဖြစ်နေတယ်။ အဲတော့ သူတို့ရဲ့ သဘောထားတွေ သတ်မှတ်ချက်တွေဟာ သူတို့ရဲ့ ပြဋ္ဌာန်းချက်တွေဟာ ပေါ်နေပြီလို့ အဲဒီလိုပဲ ပြောရ တော့မှာပဲဗျ။”

ဒေါ်အောင်ဆန်းစုကြည် ကို အခုလို တရားစွဲဆို အရေးယူဖို့ ပြင်ဆင်နေလို့ နိုင်ငံတကာကဝေဖန်မှုတွေ ထွက်ပေါ်နေချိန် မြန်မာစစ်အစိုးရဖက်ကတော့ ဒါဟာ ပြည်တွင်းရေးရာ ကိစ္စတခုအဖြစ်၊ မြန်မာနိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်တွေအဖြစ် ကာကွယ် ပြောဆိုနေတာပါ။ နိုင်ငံတကာက ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေ ပါဝင်တက်ရောက်တဲ့ စင်္ကာပူနိုင်ငံက အစည်းအဝေးမှာလည်း ဗိုလ်ချုပ် အေးမြင့် က ဒါဟာ နိုင်ငံတကာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်တာမဟုတ်ဘူး၊ မြန်မာနိုင်ငံမှာလည်း ဥပဒေ အထက် ဘယ်သူမှ မရှိဘဲ တရားဥပဒေစိုးမိုးနေပါတယ်လို့ ပြောခဲ့တာပါ။ ဦးဝင်းတင် ကတော့ ဥပဒေစိုးမိုးမှု မရှိတဲ့ သာဓကတွေ ရှိနေတဲ့အကြောင်း အခုလို ဆိုပါတယ်။

“တရားစီရင်ရေးအထက်မှာ မရှိဘူးရှိတယ် ဆိုတဲ့ဟာတွေက ကျနော် ပြောချင်တာကတော့ - နောက်ကြောင်း အဝေးကြီး ဟာတွေကို ထားလိုက်ဦးမယ်ဗျာ။ ဆိုပါတော့ဗျာ ဥပမာဆိုတော့ ဒီပဲယင်းအမှုလိုဟာမျိုး။ ကျနော်တို့ ဒေါ်စုနဲ့ ပတ်သက်ပြီး တော့ ထင်ထင်ရှားရှားကြီး ပြောနိုင်တဲ့ကိစ္စ။ ဒီပဲယင်းအမှုလိုဟာမျိုးဖြစ်ရတဲ့ဟာက ဘာပဲပြောပြော အနည်းဆုံးပေါ့ဗျာ။ ခေတ်အဆက်ဆက်မှာ ရှေးခေတ်တွေမှာ သပိတ်မှောက်ရင်ပဲဖြစ်ဖြစ်၊ အဓိကရုဏ်း ဖြစ်ရင်ဖြစ်ဖြစ်၊ အလုပ်သမား ဆန္ဒပြမှု တွေဖြစ်ဖြစ်၊ မဆလ လက်ထက်တုန်းကဆိုရင် အလုပ်သမား အရေးအခင်းတွေ ပေါတယ်။ ဒါတွေအကုန်လုံးဟာ စုံစမ်း စစ်ဆေးရေးတွေ လုပ်ရတယ်။ စုံစမ်းစစ်ဆေးရေးတွေကနေပြီးတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို အစီရင်ခံစာ တင်ရ တယ်။ အဲဒီမှာလည်း ကောက်ချက်တွေ ဖော်ပြရတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လို ကိစ္စမျိုးမှာ၊ ဒီပဲယင်းလို ကိစ္စမျိုးမှာ စုံစမ်းစစ်ဆေးရေးလိုဟာမျိုး လုံးဝမရှိဘူး။ အဲဒါက ဘာကိုပြသလဲဆိုတော့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေး အထက်မှာ လူတွေရှိနေတယ်။ သို့မဟုတ်ရင်လည်း တရားဥပဒေရဲ့ လက်လှမ်းမမီတဲ့ လူတွေ ရှိနေတယ်။ အကြောင်းအရာတွေ ကိစ္စ တွေရှိတယ် ဆိုတာကို ပြောနေတာပဲဗျ။”

အဲန်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပါ။ တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာ နေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ၊ အခုလာမယ့် သောကြာနေ့ကျရင် နှစ်ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ သတ်မှတ်ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံကာကွယ်နေတဲ့ ဥပဒေ အကျိုးဆောင်တွေဘက်ကတော့ စွပ်စွဲခံထားရသလို ချိုးဖောက်မှု မရှိတဲ့ အကြောင်း အလေးပေး လျှောက်လဲသွားဖို့ ပြင်ဆင်ထားကြပါတယ်။ ဒါပေမယ်လို့ ပြီးခဲ့တဲ့ ကြားနာမှုတွေတလျှောက် တရားခွင်ရဲ့ ဆောင်ရွက်ချက်တွေမှာ မျှတမှု မရှိတာတွေ တွေ့ရတဲ့အကြောင်းလည်း ဥပဒေအကျိုးဆောင်တွေက ပြောနေကြတာပါ။

ပြီးခဲ့တဲ့ တပတ်ထဲတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ ခုခံချေပတဲ့ နေရာမှာလည်း၊ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ သူ့မှာအပြစ်မရှိကြောင်းနဲ့ တကယ်တမ်း ဒီကိစ္စမှာ တာဝန်ရှိသူတွေဖြစ်တဲ့ လုံခြုံရေးအာဏာပိုင်တွေရဲ့ ပျက်ကွက်မှုအတွက်ကို အရေးတယူလုပ်တာမျိုး မရှိတာဟာလည်း ဘက်လိုက်ရာ ရောက်နေတယ် ဆိုပြီးတော့ ရုံးတော်ကို ပြောဆိုထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG