သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေး အာဆီယံပြဿနာ ကမ္ဘောဒီးယား ဝေဖန်


မြန်မာနိုင်ငံအတွင်းက နိုင်ငံရေး ပြဿနာတွေဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတခုတည်း မဟုတ်ဘဲ အာဆီယံ အရှေ့တောင် အာရှနိုင်ငံတွေရဲ့ ပြဿနာ ဖြစ်လာနေပြီ ဆိုပြီး ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုပါတယ်။ မြန်မာ စစ် အစိုးရက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် မစွတ်ဖက်ဖို့ ပြောဆိုနေပေမယ့်လည်း ဒေသတွင်း နိုင်ငံတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိတ်မရှည်တော့တာကို ပြသလာနေပုံရတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောဆိုကြ ပါတယ်။ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဂျီယု ကျွန်းမှာ ကျင်းပနေတဲ့ တောင်ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေအကြား သံတမန်ဆက်ဆံရေး အနှစ် (၂၀) ပြည့် အခမ်းအနားကို တက်ရောက်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီး Hor Namhong က မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို အခုလို ပြောဆိုသွားတာပါ။

အာဆီယံဟာ မြန်မာနိုင်ငံပါဝင်တဲ့ မိသားစု အဖွဲ့အစည်းတခုဖြစ်ပြီး ဒီမိသားစု အဖွဲ့အစည်းကို ထိခိုက်စေတဲ့ ဘယ်လိုကိစ္စမျိုး မဆို ဒီ အာဆီယံ မိသားစု ဂုဏ်သိက္ခာကိုလည်း ထိခိုက်ပါတယ်။ မိသားစုဝင် တနိုင်ငံချင်းစီရဲ့ အရေးကိစ္စတွေက မိသားစု တခုလုံးကို ထိခိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မြန်မာနိုင်ငံတခုတည်းရဲ့ ပြဿနာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ဒါဟာ အာဆီယံရဲ့ ပြဿနာပါလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Hor Namhong က ပြောဆိုသွားတာပါ။

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ အရင်က ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း စတဲ့နိုင်ငံတွေ ပြောဆိုခဲ့ကြဖူးပေမဲ့ ကမ္ဘောဒီးယား နိုင်ငံဟာ ပြောလေ့ပြောထ နည်းခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံတွင်း အခြေအနေတွေဟာ ဒေသတွင်း နိုင်ငံတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ကမ္ဘောဒီးယားနိုင်ငံက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်တာပါ။

မြန်မာစစ်အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ အင်းစိန်ထောင် အကျဉ်းထောင်ကို ပြောင်းရွှေ့ပြီး တရားစွဲဆိုနေတဲ့အချိန်ဟာ ဒေသတွင်းနိုင်ငံတွေ အစည်းအဝေးတွေ ကျင်းပနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက စတင် တရားစွဲဆိုခဲ့ပြီး တပတ်အကြာ မေလ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ (၉) ကြိမ်မြောက် အာရှ နဲ့ ဥရောပ နိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးအစည်းအဝေး ကျင်းပ ခဲ့ပါတယ်။

မေလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ အာဆီယံ နဲ့ အီးယူ ၀န်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မှာ ကျင်းပပြန်ပါတယ်။ တချိန်တည်းမှာပဲ ရှန်ဂရီလာ ဆွေးနွေးပွဲဆိုတဲ့ အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ အဓိက ဆွေးနွေးပွဲ ကိုလည်း မေလ ၂၉ ရက်နေ့ ညနေကနေ ၃၁ ရက်နေ့အထိ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။

အခု ဇွန်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာတော့ တောင်ကိုရီးယားနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပနေတာပါ။ စစ် အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတာက ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ခုခံကာကွယ် နေတဲ့အကြား ကျင်းပခဲ့တဲ့ အစည်းအဝေးတွေအားလုံးမှာ မြန်မာ့နိုင်ငံအရေးကို မဖြစ်မနေ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ၀ါရင့်နိုင်ငံရေး သမားကြီး သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းကတော့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးကို အခုလို သုံးသပ် ပါတယ်။

"အမေရိကန်ပြည်ထောင်စုတို့ ဥရောပအဖွဲ့တို့ကနေပြီးတော့ အကုန်လုံးတော်တော် ပြင်းပြင်းထန်ထန်တွေ ပြောလာတဲ့အခါ ကျတော့ တရုတ်ကပါ နည်းနည်းပါးပါး လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်တွေ ဘာတွေပေါ့လေ၊ တချို့ ထိုက်သလောက် ပျော့ပျော့ပြောင်းပြောင်းနဲ့ လိုက်လာတာတွေ တွေ့ရတယ်။ အာဆီယံကလည်း သူတို့က မြန်မာပြည်ကြောင့် အာဆီယံက နံမည်မကောင်းဖြစ်နေတော့ သူကလည်း သူတို့နိုင်ငံတွေ သူတို့လူမျိုးအတွက်ပဲ ယူကြမှာပဲ။ တနေ့ကျရင်တော့ ထိုင်းနိုင်ငံက စပြီးတော့ ပြောလာတဲ့အခါကျတော့ အရင်လိုတော့ ကာကွယ်တော့မယ်လို့ မထင်တော့ဘူး။ တဖြည်းဖြည်း သူတို့က ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ ဆန္ဒကို ထိုက်သလောက် လိုက်လျောလာလိမ့်မယ်လို့ ဒီလိုပဲ မြင်နေပါတယ်။"

သခင်ချန်ထွန်းရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကိုယ်တိုင် မြန်မာ့အရေးကို ဝေဖန်လာတဲ့အတွက် အရင်က တတိုင်းပြည်နဲ့ တတိုင်းပြည် ပြည်တွင်းရေး ကို မစွက်ဖက်ရေး၊ အပြုသဘောဆောင်ရေး ဆိုပြီး ပြောဆိုခဲ့ကြပြီး ဘာပဲဖြစ်ဖြစ် မသိကျိုးကျွန် လုပ်ခဲ့တဲ့ လမ်းစဉ်ကို အာဆီယံနိုင်ငံတွေ လမ်းခွဲထွက်လာပြီ ဆိုတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။ အာဆီယံဟာ ပဋိညာဉ်စာတမ်းကို လက်ခံပြီး လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားလာတဲ့အချိန် နှစ်ပေါင်းများစွာ အရိုးစွဲခဲ့တဲ့မူတွေကို ပြင်ဆင် လာတဲ့ ခြေလှမ်းဆိုပြီးတော့လည်း သုံးသပ်သူတွေရှိပါတယ်။ ဒီထက်ပိုပြီး ပြည်တွင်းလုံခြုံရေးနဲ့ တည်ဆဲဥပဒေ ဆိုတာတွေ ကို အကြောင်းပြပြီး တရားမဲ့လုပ်ရပ်တွေ လုပ်ကိုင်လို့ရတဲ့ ခေတ်တခေတ်ဟာ ဒေသတွင်းနိုင်ငံတွေကြားမှ ကုန်ဆုံးသွားပြီလို့ သုံးသပ်ကြသူတွေလည်း ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG