သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်သေပယ်ချခံကိစ္စ ဒေါ်စု အကျိုးဆောင်ရှေ့နေတွေ တိုင်းတရားရုံးမှာ ပြင်ဆင်မှုဖွင့်


ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုခံနေရတဲ့ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံချေပဖို့ တင်သွင်းတဲ့
သက်သေတွေကို ရုံးတော်က လက်မခံ ပယ်ချခဲ့တာဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်
ဖြစ်တာမို့ ပြန်လည်သုံးသပ်လက်ခံဖို့ အကျိုးဆောင်ရှေ့နေတွေက တောင်းဆိုလိုက်ပါ
တယ်။ တရားခွင်ရဲ့ ဆောင်ရွက်ချက်တွေမှာ မျှမျှတတ ဆောင်ရွက်တာတွေ မရှိဘူးလို့
ဝေဖန်သံတွေ ထွက်နေတဲ့ကြားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်
တွေက အခုလို ဆောင်ရွက်လိုက်ကြတာပါ။ တရားခွင်အခြေအနေတွေကို စောင့်ကြည့်
နေတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တားဆီးကန့်သတ်ထားတဲ့အမိန့်ကို ဖောက်ဖျက်တယ်လို့
စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ သူ့ဘက်က ခုခံ
ထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်သွင်းခဲ့ပေမယ့် ဒါကို တရားရုံးက လက်မခံဘဲ
တယောက်သာ ခွင့်ပြုခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ဥပဒေအကျိုးဆောင်
တွေက ပြန်ပြီးတင်ပြခဲ့တာပါ။ မူလက သက်သေ ၄ ယောက်အဖြစ်နဲ့ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီက ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊
အတွင်းရေးမှူး ဦးဝင်းတင်၊ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မို့မို့နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းတို့ကို တင်သွင်းခဲ့ပေမဲ့
ဦးကြည်ဝင်း တဦးတည်းကိုသာ တရားရုံးက ခွင့်ပြုခဲ့တာပါ။

ဒီလို သက်သေအများစုကို ပယ်ချခဲ့ပေမဲ့လည်း ဒါကို ရုံးတော်က ဥပဒေနဲ့အညီ
ဆုံးဖြတ်ဆောင်ရွက်ခဲ့တာ မဟုတ်တဲ့အတွက် အခုလို ပြန်ပြီးတင်ပြရတာလို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက
ပြောပါတယ်။

“ကျနော်တို့သက်သေ ၄ ယောက်မှာ ၃ ယောက်ကို ငြင်းတယ်။ အဲဒီကိစ္စကို ဥပဒေနဲ့
မညီဘူးလို့ ကျနော်တို့က ဒီနေ့ပဲ တိုင်းတရားရုံးမှာ ပြင်ဆင်မှု ဖွင့်လိုက်တယ်။
အမိန့်ကို ကူးလို့ရတော့ အကြောင်းပြချက် မပါဘူး။ဥပဒေမှာက အကြောင်းပြချက် ရှိရမယ်။ အဲဒီအကြောင်းပြချက်ကိုလည်း ရေးထားရမယ်၊ Record ရှိရမယ်လို့ ပြောတယ်။ ဒါကြောင့် ဒါဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ကျနော်တို့ အဲဒီပြင်ဆင်ချက်ကို တင်တာ။ မနေ့က အဲဒီစာရွက်ရတော့ ဒီနေ့တင်တာ။”

ပြီးခဲ့တဲ့ တပတ်ထဲတုန်းက သက်သေအဖြစ် ထွက်ဆိုတဲ့ခဲ့တဲ့ ဦးကြည်ဝင်းကတော့
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေဟာ ခိုင်မာမှုမရှိသလို ဥပဒေကြောင်းနဲ့
မညီကြောင်း ရုံးတော်ကို ပြောခဲ့တာပါ။ ဒီလို ဒေါ်အောင်ဆန်းစုကြည်ဘက်က
သက်သေ ၁ ယောက်သာ တင်ပြထွက်ဆိုခွင့်ရပြီး တရားလိုအဖြစ် တရားစွဲဆိုထားတဲ့
အာဏာပိုင်တွေဘက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆိုခွင့်
ရခဲ့တာမို့လည်း ဒါဟာ မျှတတဲ့ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုပြီး ရှေ့နေတွေက ပြောနေ
တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို တရားခွင်မှာတင်ပြီး ရှေ့နေ ရှေ့ရပ်တွေနဲ့ ခုခံကာကွယ်ခွင့်
ပေးထားပေမယ့် တရားစီရင်ရေးစနစ်ဟာ အစိုးရရဲ့အလိုကျ ဖြစ်နေတာမို့ ဒီတရားခွင်
ကနေ တရားမျှတမှု ရနိုင်ပါ့မလားဆိုတဲ့ သံသယတွေလည်း ရှိနေကြပါတယ်။ မြန်မာ
စစ်အစိုးရ အာဏာပိုင်တွေကတော့ နိုင်ငံတကာက ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး
တုံ့ပြန်တဲ့နေရာမှာ တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်ပြီး နေအိမ်ခြံဝင်းထဲ
တိတ်တဆိတ် ရေကူးဝင်လာသူတဦးကို လက်ခံခဲ့တာကြောင့် အရေးယူဖို့ ဖြစ်ရတာ
ဆိုပြီး ကာကွယ်ပြောဆိုနေတာပါ။

ဒါပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ကြားနာနေတဲ့ တရားခွင်မှာတောင်
အပြစ်ရှိမရှိ မဆုံးဖြတ်ရသေးဘဲ ဒီလိုပြောဆိုနေတာတွေဟာ တရားစီရင်ရေးစနစ်ရဲ့
လွတ်လပ်မှုအပေါ် သံသယတွေပွားစရာသာ ဖြစ်ရတယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“အဲဒီလိုပြောဆိုနေတာ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုကျူးလွန်တယ်လို့ အာဏာပိုင်
တွေက ပြောနေကြတာ၊ အဲဒါ တရားရုံးကိစ္စကို ဝင်ရောက်စွက်ဖက်တဲ့သဘော။
တရားရုံးက လုပ်ရမယ့်အလုပ်၊ အပြစ်ရှိတယ်၊ မရှိဘူး တရားရုံးက ဆုံးဖြတ်မှု မလုပ်ရ
သေးတဲ့အချိန်မှာ ပြစ်မှုကျူးလွန်တယ်လို့ အာဏာပိုင်တွေပြောတာ လုံးဝမသင့်လျော်
ဘူး။ ဒီလိုပြောခြင်းအားဖြင့် ဒီနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိရဲ့လားလို့ သံသယ
ဖြစ်စရာတွေ ပိုပြီးတော့ ထင်ထင်ရှားရှား ပေါ်လာတယ်။ တရားစီရင်ရေး လွတ်လပ်မှု
ရှိရဲ့လား၊ အာဏာပိုင်တွေက အပြစ်ရှိတယ် ဘာညာ ပြောနေရင်၊ တရားရုံးက ဆုံးဖြတ်
ရမယ့်ကိစ္စဗျ။ အဲတော့ တရားရုံးရဲ့ဆောင်ရွက်ခွင့်ကို ဝင်ရောက်စွက်ဖက်တဲ့သဘောလို
ဖြစ်နေတယ်။ တရားရုံးရဲ့ လွတ်လပ်မှု Independent ဖြစ်ရဲ့လားဆိုတာလည်း မေးခွန်း
ထုတ်စရာ ဖြစ်နေတယ်။”

တချိန်တည်းမှာပဲ ဒီရက်ပိုင်းတွေအတွင်း ကျင်းပပြုလုပ်နေတဲ့၊ မြန်မာနိုင်ငံလည်း
အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ တခြား
နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အခုအဖြစ်အပျက်
ဟာ ပြည်တွင်းရေးကိစ္စတခုသာ ဖြစ်တာမို့ ဝင်ရောက် မစွက်ဖက်သင့်ဘူးဆိုပြီး တုံ့ပြန်
သံတွေလည်း ကြားနေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းက
တော့ ဒီလိုမယူဆနိုင်ဘူးလို့ ဆိုပါတယ်။

“ပြည်တွင်းရေးတော့ မှန်တာပေါ့ဗျာ။ ဒါပေမယ့် ခင်ဗျား အိမ်နီးနားချင်း မိဘက
သားသမီးကို သေလောက်အောင် ရိုက်နေရင် ခင်ဗျားတို့ ကျနော်တို့ ရပ်ကြည့်လို့
ရမလား၊ ဒီလိုစဉ်းစားရမယ် ထင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြ
သွားတာ ဖြစ်ပါတယ်။

တားဆီးကန့်သတ်ထားတဲ့အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့
ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ အခုလာမယ့် သောကြာနေ့ကျရင်
နှစ်ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ သတ်မှတ်ထား
ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံကာကွယ်နေတဲ့ ဥပဒေအကျိုးဆောင်
တွေဘက်ကတော့ စွပ်စွဲထားသလို ချိုးဖောက်မှုမရှိတဲ့အကြောင်း အလေးပေး
လျှောက်လဲသွားဖို့လည်း ပြင်ဆင်ထားကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG