သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ တကိုယ်တော်ဆန္ဒပြသူ ဦးဇော်ညွန့် မိသားစုနဲ့ တွေ့ခွင့်မရသေး   


ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အင်းစိန်ထောင်ရှေ့မှာ တကိုယ်တော် ဆန္ဒပြတောင်းဆိုရင်း အဖမ်းခံခဲ့ရတဲ့ ဦးဇော်ညွန့် အခြေအနေကို ဒေါ်နန္ဒာချမ်းက တင်ပြထားပါတယ်။
သူ့ မိသားစုဝင်တွေ နဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေရဲ့ ပြောဆိုချက်အရတော့ ဦးဇော်ညွန့် ကို အခု အင်းစိန် ထောင် မှာ ဖမ်းဆီးထားတယ်။ ဒါပေမဲ့ မိသားစုဝင်တွေနဲ့တော့ အခုထိ တွေ့ခွင့်မပေးသေးဘူး။ သို့သော်လည်း ပါဆယ်တော့ ပေးခွင့်ရပြီလို့ ပြောပါတယ်။ အဲဒါကြောင့် ဦးဇော်ညွန့် မိသားစုဝင်တယောက်ကို ဆက်သွယ်မေးမြန်းကြည့်တော့ သူက

“မတွေ့ဖြစ်သေးပါဘူး။ ကျမတို့က သီးခြားနေတာဆိုတော့ သန်းခေါင်စာရင်းတွေက သူ့မိသားစုမှာပဲ ရှိတော့။ သူ့မိသားစုလည်း မတွေ့ဖြစ်သေးပါဘူး။”

ဦးဇော်ညွန့် ရဲ့ မိသားစုဝင်တဦး ပြောပြခဲ့တာပါ။ ဒီ့မတိုင်ခင်ကတော့ ဦးဇော်ညွန့် ကို အင်းစိန်ထောင်ရှေ့ကနေ အာဏာပိုင်တွေက ဖမ်းဆီးသွားချိန်မှာ ဘယ်ကိုခေါ်ဆောင်သွားတယ်။ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို မိသားစုဝင် တွေရော သူနဲ့နီးစပ်သူတွေပါ ဘယ်သူမှ မသိခဲ့ကြပါဘူး။ ဒါပေမဲ့ သူ့ကို ဖမ်းဆီးထားချိန် အာဏာပိုင်တွေရဲ့ နှိပ်စက် ညှဉ်းပန်းမှုကြောင့် ခန္ဒာကိုယ်မှာ ဒဏ်ရာ ရထားတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦး ပြောပြပါတယ်။

“အဲဒီမှာ ဖြစ်တဲ့ အချိန်တုံးက စွမ်းအားရှင်တွေ၊ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့အချိန်မှာထိုးကြိတ်လိုက်တဲ့အတွက် သွား ၂ချောင်း ကျိုးသွားတယ်။ လောလောဆယ်မှာ မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့်မပေးဘူး။ ပါဆယ်တော့ ရမယ့်သဘောလို့ ကြားတယ်။ ကျန်းမာရေးကတော့ သူ လန်းလန်းဆန်းဆန်းတော့ ရှိတယ်။ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေကြောင့် ဆေးမထိုး ဖြစ်သေးတာပဲ ရှိတယ်။ ဒါတွေ ကုသပြီးမှပဲ မိသားစုနဲ့ တွေ့ခွင့်ပေးမယ့် သဘောလို့ ကျွန်တော်တော့ ယူဆတယ်။ အခုတော့ လူတွေ့တောင် မပေးထားဘူး။ ထိုးကြိတ်တဲ့ ဒဏ်ရာက ဘယ်လောက်ထိ ပြင်းထန်သလဲ ဆိုတာက ခန့်မှန်းလို့ မရဘူး။ သွား ၂ချောင်း ကြိုးသွားတယ်။”

အခုချိန်အထိတော့ ဦးဇော်ညွန့် ကို အာဏာပိုင်တွေဘက်က ပုဒ်မ တပ် တရားစွဲဆိုတာမျိုး မရှိသေးဘူးလို့ သူ့မိသားစုဝင် တွေက ပြောဆိုပါတယ်။ ဦးဇော်ညွန့်ဟာ စစ်မှုထမ်းအရာရှိဟောင်းတဦးဖြစ်ပြီး သူဟာ ၈၈ အရေးတော်ပုံနောက်ပိုင်း အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ကို ဦးဆောင် တည်ထောင်ခဲ့သူဖြစ်သလို ၂၀၀၅ ခုနှစ်က တကြိမ်၊ ၂၀၀၇ ခုနှစ် သိမ်ကြီးဈေးရှေ့မှာ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြတောင်းဆိုခဲ့တုန်းက တကြိမ် နှစ်ကြိမ် အဖမ်းခံခဲ့ရဖူးပါတယ်။ အခု တကြိမ်ဟာ တတိယတကြိမ် ဖြစ်ပါတယ်။

အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အင်းစိန်အထူးတရားရုံးမှာ စတင်ရုံးထုတ်တဲ့နေ့က အင်းစိန်ထောင် ရှေ့မှာ ဦးဆုံး အဖမ်းခံခဲ့ရတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုထွေးသိန်း ကိုလည်း အခု အင်းစိန်ထောင်မှာ ဖမ်းဆီးထားပြီး မိသားစု ဝင်တွေနဲ့ တွေ့ခွင့် ပေးခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးက ပြောပြပါတယ်။ သူ့ကို ၁၉၅၀ ခုနှစ် အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) နဲ့ အရေးယူထားပြီး လာမယ့် သောကြာနေ့မှာ အင်းစိန်မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးမယ်လို့ ပြောပါတယ်။ အခုလို ကိုထွေးသိန်း ဖမ်းဆီးခံနေရချိန်မှာ အာဏာပိုင်တွေကနေ မိသားစုဝင်တွေကို ဖိအားပေးခဲ့လို့ ရွှေပြည်သာ စက်မှုဇုံနယ်မြေက မိသားစု ထမင်းဆိုင် ကို ပိတ်ပစ်ခဲ့ရတယ်လို့လည်း ကိုထွေးသိန်းရဲ့ ဇနီးသည်ကလည်း ပြောပြခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG