သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ထောင်ကျသွားရင် NLD ဘာဆက်လုပ်မလဲ


မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုလိုက်တာဟာ
အမျိုးသားဒီမိုကရေစီအဖွဲ့ရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ပယ်ချလိုက်တယ်ဆိုတာ
ပေါ်လွင်နေပါတယ်။ စစ်အစိုးရရဲ့ အဲဒီလို လုပ်ဆောင်ချက်ကို အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဘယ်လိုတုံ့ပြန်သင့်ပါသလဲဆိုတာ ဆွေးနွေးဖို့ အန်န်အယ်လ်ဒီ ဗဟိုအလုပ်
အမှုဆောင်အဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ရှေ့နေ၊ နိုင်ငံရေးအကျဉ်းသား
ဟောင်း ဦးမျိုးညွန့်တို့နဲ့ ဦးကျော်ဇံသာက သောတရှင်တွေကို တွေ့ဆုံပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တချိန်က ဆရာပြောခဲ့တဲ့ ပိတ်ဆို့နေတာရှိရင်
တကယ်တမ်း ဖောက်ထွက်ပါလို့ ဆရာပြောခဲ့ပါတယ်။ အခု ဖောက်ထွက်ရမယ့်အချိန်
ရောက်ပြီလားခင်ဗျ။

သတင်းစာဆရာကြီး ဦးဝင်းတင် ဆွေးနွေးချက်။

“ဖောက်ထွက်ချိန်ဆိုတာ အခုမှရောက်တာ မဟုတ်ဘူးခင်ဗျ။ ကြာလှပြီ၊ ရောက်နေတာ
လို့ပဲ ကျနော်ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအကျပ်အတည်းတွေကို
အမြဲတမ်း စစ်အစိုးရက ဖန်တီးနေတာ၊ တခုပြီးတခု ဖန်တီးနေတာ။ ဆိုပါတော့ဗျာ၊
ကျနော်တို့က ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အောင်မြင်မှုရလဒ်ကို ရလိုက်တဲ့အခါမှာ
ကျနော်တို့က ပြည်သူ့လွှတ်တော်ခေါ်ပေး၊ အာဏာ ၃ ရပ် လွှဲပြောင်းပေး၊ အခြေခံ
ဥပဒေကို ကျုပ်တို့ဆွဲမယ်လို့ ပြောတဲ့အချိန်မှာ သူတို့က ဘာကြေညာလဲဆိုတော့
အမျိုးသားညီလာခံ ကျင်းပတယ်ဆိုပြီး သူတို့ Road Map အတိုင်းပဲသွားတော့မယ်ဆိုပြီး
အခြေခံဥပဒေကို သူတို့ဆွဲမယ်၊ သူတို့ဆွဲတဲ့ အခြေခံဥပဒေအတိုင်း ပေါ်ပေါက်လာမယ့်
ရွေးကောက်ပွဲတို့ ဘာတို့ကနေ အဲဒီအစိုးရကို အာဏာအပ်မယ်၊ လွှဲပြောင်းပေးမယ်
ဆိုတဲ့သဘောမျိုး ပြောတယ်။ အဲဒီမှာတခါ နိုင်ငံရေးအကျပ်အတည်းတွေ ပေါ်ခဲ့တယ်။

“ဒုတိယအကြိမ် ကျနော်တို့လုပ်ခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ ကြေညာချက်အမှတ် ၁၈ ထုတ်ပြီး
ခင်ဗျားတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကတော့ ဒီမိုကရေစီစံနှုန်းတွေနဲ့ အများကြီး
လွဲနေတယ်၊ အဲဒါကြောင့် အခြေခံဥပဒေကို ကျနော်တို့ပြင်မယ်၊ ပြင်လို့ရဖို့အတွက်
လွှတ်တော်ခေါ်ပေးပါ၊ လွှတ်တော်က ကွပ်ကဲပြီး ဒီအခြေခံဥပဒေကို ပြင်ပါ့မယ်လို့
ကျနော်တို့ ကမ်းလှမ်းတယ်။ အဲတော့ ဘာလုပ်လဲ၊ ၂၀၀၉ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေက မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့မှာ ပြောလိုက်တယ်၊ အခြေခံဥပဒေ
ကို ပြင်မပေးဘူး၊ အထိတောင်မခံဘူး၊ မထိပါးနဲ့လို့ ပြောတယ်။

“တခါ ကျနော်တို့က ရွှေဂုံတိုင်ကြေညာစာတမ်းကို ထုတ်ပြီးတော့ ပြောလိုက်တယ်။
ရွေးကောက်ပွဲကို ဝင်ဖို့အထိ ရည်ရွယ်ချက်ရှိတယ်လို့ ပြောလိုက်တယ်။ တွေ့ဆုံ
ဆွေးနွေးပွဲတွေ လုပ်ကြဖို့ ကမ်းလှမ်းလိုက်တယ်။ ဒါ တောင်းဆိုနိုင်ငံရေးကနေ
ကမ်းလှမ်းနိုင်ငံရေးကို ပြောင်းလာတာ။ ဒါပေမယ့် ဘာလုပ်လိုက်သလဲ၊
ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းပြီး ထောင်ထဲသွင်းလိုက်တယ်၊ ထောင်ချဖို့ ကြံစည်တယ်။
ဘာဖြစ်လု့ိ အဲလိုပြောရလဲဆိုတော့ ထောင်ချကို ချမှာမို့ ထောင်ချဖို့ ကြံစည်တယ်လို့
ကျနော်ပြောတာ။ အခုရက်ပိုင်းမှာတော့ သူတို့ အထွေထွေအခြေအနေ အမျိုးမျိုး
ကြောင့် ရွှေ့ဆိုင်း၊ အတိုးအလျှော့၊ အလျှော့အတင်းတွေ၊ လိုက်လိုက်လျောလျောတွေနဲ့
လုပ်တယ်။ ဒါပေမယ့် ထောင်ချမှာပါပဲ၊ စိတ်ချပါ။

“အဲဒါကြောင့် ဒီလို နိုင်ငံရေးအကျပ်အတည်းတွေ ပေါ်လာတိုင်း ပေါ်လာတိုင်းမှာ
ကျနော်တို့က ဖောက်ထွက်ရမှာပဲဗျ။ အဲတော့ ဖောက်ထွက်ဖို့အချိန်ဆိုတာ အခုမှ
ကျတာ မဟုတ်ဘူး။ ဟိုတုန်းကတည်းက ကျလာတယ်လို့ ကျနော် ပထမ ပြောချင်
ပါတယ်ဗျာ။”

“တွေ့ဆုံဆွေးနွေးပွဲလမ်းကြောင်း ပိတ်တယ်ဆိုတာက သဘောတူတယ်။ သို့သော် အဲဒီ
ပိတ်တာနဲ့ ရွေးကောက်ပွဲဝင်တာနဲ့ကတော့ တခြားစီပဲဗျ၊ ဘာမှမဆိုင်ဘူး။ တကိစ္စဆီလို့
ကျနော်ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲ
လမ်းကြောင်း ပိတ်တာနဲ့ပတ်သက်ပြီး ကျနော်ပြောချင်တယ်။ ကျနော်တို့ပြောနေတာက
တွေ့ဆုံဆွေးနွေးဖို့ကို ကျနော်တို့ကပြောတယ်၊ ပြောတဲ့အထဲမှာ ရွှေဂုံတိုင်ကြေညာ
စာတမ်းထဲမှာပါတဲ့ စာလုံးလေးတလုံးကို ကြည့်ပါ။ ဘာလဲဆိုတော့ အဆုံးအဖြတ်
ပေးနိုင်မည့် ပုဂ္ဂိုလ်များပါဝင်သော၊ အပြန်အလှန် လေးစားသော အမျိုးသားပြန်လည်
သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပါဆိုတဲ့ စကားလုံးပါတယ်ဗျ။

“အဲတော့ အဆုံးအဖြတ်ပေးနိုင်မယ့်ပုဂ္ဂိုလ် ဆိုတာက၊ စစ်အစိုးရဘက်ကတော့
ဘယ်သူတွေ ဘယ်ဝါတွေ ကျနော် မပြောချင်ဘူး၊ ကျနော်တို့ဘက်ကတော့
ဒေါ်အောင်ဆန်းစုကြည်ပဲ၊ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အန်န်အယ်လ်ဒီခေါင်းဆောင်
ဖြစ်နေတဲ့အတွက် ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်သည် တွေ့ဆုံဆွေးနွေးပွဲမှာ
အဆုံးအဖြတ်ပေးနိုင်သောပုဂ္ဂိုလ်လို့ ပြောနေတာမဟုတ်ဘူး။ ကျနော်တို့ပြောနေတာ
ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ဗိုလ်ချုပ်ကြီးစောမောင်
လက်ထက်တုန်းက ပါတီတွေများနေတာဗျာ၊ ကျုပ်တို့က ဘယ်သူနဲ့ဆွေးနွေးရမှာလဲ
ဆိုတဲ့ စကားကို ပြောတဲ့အတွက်၊ အဲဒီအချိန်တုန်းက ကျနော်က အာဏာဖီဆန်ရေး
လှုပ်ရှားမှုကို Operator အနေနဲ့ လုပ်ကိုင်နေပါတယ်၊ အဲဒီအချိန်မှာ ကျနော်
ဒေါ်အောင်ဆန်းစုကြည်ကို Operator ကိစ္စကို ပြန်အပ်ပြီး ပါတီပေါင်းများစွာကို
လိုက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို Mandate ပေးဖို့ လိုက်ဆွေးနွေးပါတယ်။
ဒါကြောင့် ကျနော် သေချာသိပါတယ်၊ ဒီကိစ္စကို။

“ကျနော်ပြောချင်တာက အဲဒီအချိန်တုန်းက ပါတီ ၁၀၀ ကျော်က ဒေါ်စုကို Mandate
ပေးခဲ့တယ်ဗျ။ တွေ့ဆုံဆွေးနွေးပွဲ လုပ်တဲ့အခါ ဒေါ်စုဟာ ပါတီအားလုံးကို ကိုယ်စားပြု
ပြီးတော့ ဆွေးနွေးဖို့ဆိုတာ Mandate ပေးခဲ့ပါတယ်။ အဲဒါကြောင့် ကျနော်ပြောချင်
တာက ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်တယ်။
ဒီအဆုံးအဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာဟာ အန်န်အယ်လ်ဒီခေါင်းဆောင်
ဖြစ်နေလို့ ပြောခြင်းမဟုတ်ဘူး၊ တခုတည်းကြောင့် ပြောခြင်းမဟုတ်ဘူး။ ပါတီ
၁၀၀ ကျော်ရဲ့ Mandate၊ နှစ်ပေါင်း ၂၀ ကျော် ခိုင်မြဲလာတဲ့ ပါတီ ၁၀၀ ကျော်ရဲ့
Mandate ကလည်း ဒေါ်စုဆီမှာရှိတယ်။ အဲဒါကြောင့် ဒေါ်စုဟာ အဆုံးအဖြတ်ပေးနိုင်တဲ့
ပုဂ္ဂိုလ်လို့ ပြောတာ။ အဲဒီအခါမှာ ဒီ ဒေါ်စုကို ဖမ်းပြီး ထောင်ချဖို့လုပ်နေတယ်၊ အနည်း
ဆုံးတော့ တရားခွင်ရောက်ပြီ၊ တရားတွေလည်း စီရင်ပြီးပြီ၊ စီရင်ချက်ချဖို့ပဲ လိုတော့
တယ်။ စီရင်ချက်ချဖို့ဆိုတာလည်း သိပ်များများမရှိဘူး၊ ထောင်ချဖို့ပဲရှိတယ်။

“အဲတော့ ဒါကိုကြည့်ခြင်းအားဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကတော့ ပိတ်သွား
ပြီလို့ ကျနော်ပြောပါတယ်။ ဒါက တချက်ပေါ့ဗျာ။ သို့သော် တွေ့ဆုံဆွေးနွေးရေး
လမ်းကြောင်း ပိတ်တဲ့အထဲ ကျနော်တို့ ဘာလုပ်မလဲ။ ဖောက်ထွက်ဖို့လမ်း ပြောကြမယ်
ဆိုရင် ဘယ်လိုလုပ်မလဲ စဉ်းစားဖို့ဖြစ်တယ်။ အဲဒီနေရာမှာ ခုနမိတ်ဆွေကြီးတယောက်
ပြောသွားတဲ့ ရွေးကောက်ပွဲဝင်ဖို့ပဲရှိတယ် ဆိုတာကတော့ သိပ်ပြီးတော့ မဆိုင်လှဘူးလို့
ကျနော်ထင်တယ်။ ရွေးကောက်ပွဲက တကိစ္စ၊ တွေ့ဆုံဆွေးနွေးရေးက တကိစ္စပဲ။
ကျနော်က အဲဒီလိုပဲ သဘောထားပါတယ်။ အဲတော့ ကျနော်ပြောချင်တာက
ရွေးကောက်ပွဲကိစ္စကတော့ မဆိုင်ပါဘူး။ ဖောက်ထွက်ဖို့ကိစ္စနဲ့ ပတ်သက်လို့ကတော့
ကျနော် စကားတခွန်းထဲ ပြောချင်ပါတယ်။ ကျနော်တို့ နိုင်ငံရေးအသစ်ကို ရှာရမယ်။
အဲဒီ နိုင်ငံရေးအသစ်အားဖြင့်သာ ဖောက်ထွက်ရမယ်လို့ ကျနော်ပြောချင်ပါတယ်။”

“ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်းပဲ၊ ကျနော်တို့ပြောတာ တွေ့ဆုံဆွေးနွေးရေး
လမ်းကြောင်းပိတ်တာ စစ်အစိုးရက ပိတ်တာဗျ။ ကျနော်တို့က အမြဲတမ်းဖွင့်ထားတယ်။
ဒေါ်စုက လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက အတိုင်းပဲ ဒီနေ့လည်း တွေ့ဆုံဆွေးနွေးပွဲကိစ္စကို
မျှော်မှန်းပြီးတော့ ပြောနေတာပဲ။ ဆိုလိုတာက တွေ့ဆုံဆွေးနွေးပွဲ လမ်းကြောင်းကို
ကျနော်တို့ မစွန့်ဘူး။ နောက်တခုက ကျနော်ပြောတဲ့စကားကလည်း ရှင်းရှင်းလေးပဲ၊
ကျနော်တို့ သည်းခံမယ်၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်လာရင် ကျနော်တို့ သည်းညည်း
ခံပြီးလုပ်မယ်။ သို့သော် မတရားတဲ့ဟာတွေ လုပ်ငန်းအကြီးတွေ လုပ်လာရင်တော့
ကျနော်တို့ ခေါင်းငုံ့မခံဘူးလို့ပြောတယ်။ ဒါရှင်းရှင်းလေးပဲ။

“ဒီနေ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီးတော့ တွေ့ဆုံဆွေးနွေးဦးမလား၊ ညှိနှိုင်းဦးမလား၊
ဒီမိုကရေစီနည်းကျ လုပ်ဦးမလား၊ အဲဒါတွေအကုန်လုံးက ဒေါ်စုရဲ့လမ်းစဉ်အတိုင်းပဲ။
အမြဲတမ်း တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဖွင့်ထားတဲ့အတွက် ကျနော်တို့ဟာ
သည်းညည်းခံပြီး ဒီမိုကရေစီပါရမီ ဖြည့်ပြီးတော့ ဆက်လုပ်သွားမှာပဲ။ လမ်းစရှာ
သွားဦးမှာပဲ။ သို့သော် မတရားတဲ့ဟာတွေ လုပ်လာရင်တော့ ကျနော်တို့က ခေါင်းငုံ့
မခံနိုင်ဘူး။ ဘယ်လိုခေါင်းငုံ့မခံနိုင်တာလဲဆိုတာတော့ ထပ်ပြီးဆွေးနွေးရမှာပဲ။
သေချာတာတခုကတော့ ကျနော်တို့ ခေါင်းငုံ့မခံနိုင်ဘူး။ ခေါင်းငုံ့ခံလွန်းအားကြီးရင်
မှားမှာပဲ။ ခေါင်းငုံ့မခံနိုင်အောင်တော့ လုပ်ရမယ်။ ခေါင်းငုံ့မခံနိုင်ဘူးဆိုတာက အမျိုးစုံ
အဓိပ္ပာယ်ဖွင့်လို့ ရပါတယ်၊ ယူဆလို့ရပါတယ်၊ ပုံသဏ္ဌာဖော်လို့ရပါတယ်။

“နောက်တခုက ဦးစိန်ဝင်းပြောတာလည်း မမှားပါဘူး။ ကျနော်တို့ခေါင်းဆောင်မှုကို
မထိန်းနိုင်ခဲ့ဘူး။ ရှင်းနေတာပဲ။ နေရာပေါင်းများစွာ အချိန်ပေါင်းများစွာ ခေါင်းဆောင်မှု
မပေးနိုင်တဲ့အတွက်၊ မပေးနိုင်ဘူးဆိုတာ ပြတ်သားတဲ့ခေါင်းဆောင်မှု မပေးနိုင်ဘူး၊
သို့မဟုတ် မှန်ကန်တဲ့ခေါင်းဆောင်မှု မပေးနိုင်ဘူး၊ အခြေအနေနဲ့ကိုက်ညီတဲ့
ခေါင်းဆောင်မှု မပေးနိုင်ဘူး။ ဒါတွေက ငြင်းစရာမလိုဘူး။ နှစ်ပေါင်း ၂၀ အတွင်းမှာ
ကြည့်လိုက်ရင် ဒါတွေသိနေတာပဲ။ ဒါတွေနဲ့ပတ်သက်လို့ ကျနော် ဘာမှအငြင်းမပွား
ချင်ဘူး။ ကျနော်ပြောနေတာက ဖောက်ထွက်တဲ့လမ်းစဉ်က ဒီကိစ္စတွေနဲ့ သိပ်မဆိုင်
လှဘူး။ ကျနော်က တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ပိတ်မထားဘူး။ ပိတ်ပြီဆိုပြီး
ငိုကြီးချက်မနဲ့ ဒီဟာကြီးကို စွန့်ခွာသွားဖို့ ပြောနေတာမဟုတ်ဘူး။ ငုံ့မခံဘူး၊ ငုံ့ခံတယ်
ပြောနေဖို့မဟုတ်ဘူး။ ခေါင်းဆောင်မှုကိစ္စ ပြောနေတာမဟုတ်ဘူး။ ကျနော်ပြောနေ
တာက အပြုသဘောနဲ့ လုပ်မယ်ဆိုရင် နိုင်ငံရေးအသစ်ရှာရမယ်။ နိုင်ငံရေးအသစ်
သာလျှင် ဖောက်ထွက်ဖို့လမ်းကြောင်းဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။

“နိုင်ငံရေးအသစ်က ဘာလဲဆိုတာကတော့ အန်န်အယ်လ်ဒီတခုတည်းနဲ့ နိုင်ငံရေး
အသစ်လုပ်လို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရကိုယ်တိုင်က တွေ့ဆုံ
ဆွေးနွေးရေး နည်းအားဖြင့်သော်လည်းကောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့
ပတ်သက်လို့သော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်၊ သို့မဟုတ် ဒီရလဒ်များကို
လေးစားလိုက်နာရေးနဲ့ ပတ်သက်လု့ိသော်လည်းကောင်း၊ သူတို့ဘက်က အကုန်လုံး
လမ်းတွေပိတ်လိုက်ပြီ၊ လမ်းတွေလွှဲလိုက်ပြီ။ ပိတ်လိုက်ပြီဆိုရင် သူတို့ဘက်က
နိုင်ငံရေးတွေ အကုန်လုံးပိတ်ပစ်လိုက်ပြီ။ အဲလိုဆိုရင် ကျနော်တို့ဘာသာ နိုင်ငံရေး
ရှာရတော့မှာပေါ့။ ကျနော်တို့ရှာမယ့် နိုင်ငံရေးဟာ အခြေခံအားဖြင့် စစ်အစိုးရ
ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုတဲ့ ဦးတည်ချက်မှာ ကျနော်တို့
အားလုံး သဘောတူရမယ်။ အားလုံးညီတဲ့နိုင်ငံရေးကို ရှာရမယ်။

“နောက်တခုက ကျနော်တို့ရဲ့ မူဘောင်ဟာ ညီညွတ်ရေးနဲ့ဖြစ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ်
ညီညွတ်ရေးပဲ ဖြစ်ရမယ်ဆိုတာ၊ အဲဒီနှစ်ခု အခြေခံပေါ်မှာ မူတည်တဲ့ နိုင်ငံရေးအသစ်
ကို ကျနော်တို့ ရှာရမယ်။ ဒါ အန်န်အယ်လ်ဒီတခုတည်းနဲ့ မပြီးဘူး။ အန်န်အယ်လ်ဒီနဲ့
တခြားအဖွဲ့အစည်းများ၊ အဲဒီမှာ ကျောင်းသားအဖွဲ့အစည်းများ ပါမယ်၊ ၈၈ မျိုးဆက်
ကျောင်းသားလိုဟာမျိုး၊ ပြင်ပမှာ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေတဲ့ အင်အားစု
များ၊ ဥပမာ နယ်စပ်ဒေသမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းများ၊ စသည်
စသည် နောက်ဆုံးပိတ် ပြည်ပမှာရောက်နေတဲ့ အင်အားစုများ အကုန်လုံးနဲ့
ပေါင်းစည်းပြီးတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အခြေခံတခု၊ မူနဲ့၊ နောက်တခု
က ညီညွတ်ရေးဘောင်၊ အဲဒီနှစ်ခုကို အခြေခံတဲ့ နိုင်ငံရေးသစ်ကို ရှာဖွေဖော်ထုတ်နိုင်
မယ်ဆိုရင် ဒါဟာ ကျနော်တို့ရဲ့ ဖောက်ထွက်မှု ဖြစ်လာလိမ့်မယ်လို့ ပြောချင်ပါတယ်။”

အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့
ဆွေးနွေးချက် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG