သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရားစစ်ဆေးမှု ရုံးချိန်း နောက်သီတင်းပတ်ထိ ရွှေ့ဆိုင်းထား


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံထွက်ဆိုမယ့် သက်သေတွေကို ပယ်ချထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒီကနေ့ တိုင်းတရားရုံးမှာ ကြားနာပြီး အဆုံးအဖြတ်ပေးဖို့အတွက် ရှေ့တပတ် အင်္ဂါနေ့ကို သတ်မှတ်လိုက် တယ်လို့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။

အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ဖြစ်တာမို့ ပြန်လည် သုံးသပ်လက်ခံဖို့ အကျိုးဆောင် ရှေ့နေတွေရဲ့ တင်ပြချက်တွေကို အခုလို ကြားနာမှုတွေ ရှိခဲ့တဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ဟာ တားမြစ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး စစ်ဆေးနေတဲ့ တရားခွင် အဆုံးသတ်မယ့်ရက်လည်း နောက်ဆုတ်သွားပါပြီ။ တရားခွင် အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်သွင်းခဲ့ပေမဲ့ တရားရုံးက လက်မခံဘဲ တယောက်သာ ခွင့်ပြုခဲ့တဲ့အတွက် ရန်ကုန်တိုင်း တရားရုံးကို ပြင်ဆင်ချက် လျှောက်ထားတာကို လက်ခံကြားနာတာတွေ လုပ်ဆောင်နေတာမို့ တရားခွင်အစီအစဉ်မှာ မူလက သတ်မှတ်ထားတဲ့ ကာလထက် နောက်ဆုတ်သွားတာပါ။ ဒါဟာဆိုရင် တရားခွင်မှာ လျှောက်လဲချက်တွေ တင်ဖို့ အစောပိုင်းက သတ်မှတ်ထားရက်ကို ရွှေ့ဆိုင်းရတာ တတိယအကြိမ်ပါ၊ မူလက ဒီတပတ် အစောပိုင်းမှာ နှစ်ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ ပေးကြဖို့ ရက်သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်း ဒီကနေ့ သောကြာနေ့ကို ပြောင်းလဲ သတ်မှတ်ခဲ့ပြီး၊ အခုနောက်ဆုံး ထပ်ပြီး ရွှေ့ဆိုင်းလိုက်ရတာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန် စွပ်စွဲခံရသူတွေ ရှေ့နေရှေ့ရပ်တွေ တက်ရောက်လာကြတဲ့ ရန်ကုန် အင်းစိန် ထောင်တွင်းက တရားခွင်က အခုလို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင် ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကျနော်တို့ မနက်ပိုင်းက အင်းစိန်မှာလေ၊ မူလ တရားရုံးပေါ့။ အဲဒီကို သွားပါတယ်။ ၁၀ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် တို့ရော၊ မစ္စတာ ယက်ထော တို့ရော အားလုံးလာပါတယ်။ တရားရုံးလည်း ထိုင်ပါတယ်။ တရားရုံးက ထိုင်ပြီးတော့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တိုင်းတရားရုံးမှာ ပြင်ဆင်မှုရှိနေတဲ့အတွက် ဒီနေ့ ရုံးချိန်းကိုတော့ ဇွန်လ ၁၂ ရက်နေ့ကို ရွှေ့လိုက်ပါ တယ်။ ၁၂ ရက်နေ့ကတော့ ကျနော်တို့က mention date လို့ ခေါ်တယ်။ မြန်မာလိုလည်း “ဖော်ပြရန်” လို့ ခေါ်တယ်။ ကျနော်တို့ argument ပေးဖို့အတွက်တော့ မဟုတ်သေးဘူး။ တိုင်းရုံးက အမိန့်ပေါ်မှာ မူတည်ပြီးမှ အောက်ရုံးက ဆက်သွား မှာလေ။ အဲဒီတော့ အဲဒီ mention date ကိုပေးလိုက်ပါတယ်။”

တရားခွင်ရဲ့ အစောပိုင်း ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် ဘက်က သက်သေတယောက်သာ တင်ပြခွင့်ရပြီး တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်တွေ ဖက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆိုခွင့် ပေးခဲ့တာမို့လည်း ဒါဟာ မျှတတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုပြီး ရှေ့နေတွေက ပြောခဲ့ကြတာပါ။

ဒါပေမယ့်လည်း ဒါကို ပြန်လည် လက်ခံပေးဖို့ သူ့ရဲ့ ရှေ့နေတွေက လျှောက်ထားခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက လက်ခံ ခဲ့တဲ့နောက် ဒီလို တရားခွင် အစီအစဉ်တွေမှာ အပြောင်းအလဲ ရှိခဲ့တာပါ။ ဒီလို ခုခံချေပမယ့် သက်သေတွေကို လက်ခံသင့် မခံသင့် ဆိုတာနဲ့ ပတ်သက်လို့လည်း ဒီကနေ့ ညနေပိုင်း တိုင်းတရားရုံးက ကြားနာပြီး အဆုံးအဖြတ်ပေးဖို့ ရှေ့တပတ်ကို ရက်ချိန်း သတ်မှတ်လိုက်တယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ညနေပိုင်းက ကျနော်တို့ ၃ နာရီမှာ တိုင်းတရားရုံးမှာ အစိုးရဘက်ကလည်း လာပါတယ်။ ကျနော်တို့ဘက်ကလည်း ကျနော်ပဲ လျှောက်လဲချက် ပေးပါတယ်။ လျှောက်လဲချက်ပေးပြီးတော့ တိုင်းတရားရုံးကတော့ ဒီအမှုနဲ့ ဒီပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့ ၉ ရက်နေ့ ၃ နာရီမှာ အမိန့်ချမယ်၊ ရက်ချိန်းပေးလိုက်ပါတယ်။”

အစောပိုင်းမှာတုန်းက ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် အဖြစ်နဲ့ သူ့ ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ က ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုး နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း တို့ကို အစောပိုင်းက တင်သွင်းခဲ့ပေမဲ့ ဦးကြည်ဝင်း တဦးထဲကိုသာ တရားရုံးက ခွင့်ပြုခဲ့တာပါ။ ဥပဒေ အကျိုးဆောင်တွေ အနေနဲ့ကတော့ ရည်ရွယ်ထားသလို သက်သေတွေ အားလုံး တရားခွင်မှာ ကြားနာခွင့်ရမယ် ဆိုရင်တော့ ခုခံချေပဖို့ အတွက် အလားအလာတွေ ရှိလာလိမ့်မယ်လို့လည်း မျှော်လင့်ထားကြတာပါ။

ကျန်နေသေးတဲ့ သက်သေတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲထားတာတွေကို ချေဖျက်နိုင်မယ့် အချက်အလက်တွေကို အလေးထား ထွက်ဆိုဖို့ ရည်ရွယ်ထားတာလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိက ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ ဥပဒေမှာ အရေးကြီးတဲ့ အချက်တွေ ရှိတယ်။ အဲဒီ အရေးကြီးတဲ့အချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးအနေနဲ့ ဖြစ်နိုင်မဖြစ်နိုင် ဆိုတဲ့ပြဿနာတွေကို ကျနော် တို့ တင်မှာပါ။ ကျနော်ပြောမှာက စာရိတ္တ ဆိုတာပဲ။ စာရိတ္တ ဆိုတာက ဒေါ်အောင်ဆန်းစုကြည် ခိုးဆိုးလုယက်တာ မဟုတ် ဘူးဗျ။ ကျနော်တို့ အဲဒီ ထိန်းသိမ်းတဲ့ဥပဒေမှာ ပါတဲ့ အေးချမ်းသာယာရေးကို ချိုးဖောက်နေတဲ့သူလား၊ နိုင်ငံတော် အေးချမ်းသာယာရေး အများပြည်သူ အေးချမ်းသာယာရေးကို နှောက်ယှက်နေတဲ့သူလား။ သူ့ရဲ့ နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးခံယူချက် နဲ့ အဲဒီဟာနဲ့ ဘယ်လောက်ငြိလဲ၊ မငြိဘူးလား။ ဒါကို ကျနော်တို့ နည်းနည်း မီးမောင်းထိုးပြချင်တာပါ။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင် ဦးဉာဏ်ဝင်း ပါ။ ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံချေပမယ့် သက်သေ တွေ အားလုံး တရားခွင်မှာ တင်ပြထွက်ဆိုခွင့်ရဖို့ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲကြတဲ့ ရန်ကုန်တိုင်း တရားရုံးက ညနေ ပိုင်း တရားခွင်မှာတော့ အင်းစိန် ထောင်တွင်းမှာလို တံခါးပိတ် ကြားနာတာမျိုးမဟုတ်တာမို့ လာပြီး တက်ရောက် နားထောင်သူ အများအပြား ရှိခဲ့တယ်လို့လည်း တွေ့ခဲ့ကြသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG