သုံးရလွယ်ကူစေသည့် Link များ

အဲန်အယ်လ်ဒီ လူကြီးလူငယ်တချို့ သတိပေးခံရ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် လူကြီးတချို့နဲ့ လူငယ်အဖွဲ့ဝင်တချို့ကို မြန်မာအာဏာပိုင်တွေက ခေါ်ယူသတိပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် စစ်ဆေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ပါတီတွင်း စာ ရေးသားပေးပို့ခဲ့တဲ့အတွက် အခုလို သတိပေးခံခဲ့ရတယ်လို့ အဲန်အယ်လ်ဒီ ဘက်က ပြောပါတယ်။ အပြည့်စုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် တွေက ဌာနတွင်း စာတစောင် ထုတ်ပြန်ခဲ့တာမို့ အဲန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သုံးဦးနဲ့ လူငယ်ခေါင်းဆောင် သုံးဦးကို ဒီကနေ့ အာဏာပိုင်တွေက ခေါ်ယူသတိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဲန်အယ်လ်ဒီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက -

“လူငယ်တွေက ဌာနတွင်း စာလေးတခု ရိုက်ပြီးတော့ ဝေတယ်။ ဒါကလည်း စီအီးစီ ဆုံးဖြတ်ချက်နဲ့။ ကျနော် မနက်က သိရတာကတော့ မနေ့က ဒီစာရေးတဲ့လူငယ်တွေကို မ၀တ က ခေါ်ပြီးတော့ သတိပေးတယ်ပေါ့။ ဘာကို သတိပေးလဲ ဆိုတော့ အခု ကျနော်တို့အမှုမှာ ဒေါ်အောင်ဆန်းစုကြည်အမှုမှာ ကျနော်တို့က ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာ မူတည်ပြီး သူတို့က အရေးယူတဲ့အပိုင်းလည်း ပါတယ်။ အဲဒီတော့ ကျနော်တို့က ၁၉၇၄ ဥပဒေ မရှိဘူးလို့ ကျနော်တို့ ဒီဟာနဲ့ ပတ်သက်ပြီး ခုခံရေးလမ်းကြောင်းမှာ ပါတယ်။ နောက်တချက်က အမှုကို အများပြည်သူရှေ့မှာ ကြားနာပေးဖို့ ကျနော်တို့ တရားဝင် လျှောက်တယ်။ ရုံးက လက်မခံဘူး။ ဒီဥစ္စာလည်း တရားဥပဒေ စိုးမိုးရေးအတွက် မကောင်းဘူး။ တရားစီရင်မှုနဲ့ မကိုက်ဘူး။ ကျနော်တို့လည်း ဒီလမ်းသွားတယ်။ အဲဒီအချက်ကလေးတွေ ပါတဲ့အတွက် အရေးယူနိုင်တယ် ဆိုပြီးတော့ သတိပေးတယ်လို့ ကျနော် ကြားတယ်။”

ဒါ့အပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ဆင့်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင် ကလည်း -

“အဲန်အယ်လ်ဒီ ကလည်း ထုတ်ပြီးသား ကြေညာချက်ပါတော့ လူကြီးတွေကိုလည်း ခေါ်တယ်လို့ ကြားတယ်။ ကျနော် ကြားတာကတော့ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွှန့်ဝေရယ် သုံးယောက် ခေါ်တယ်လို့ ကြားတယ်။”

အဲန်အယ်လ်ဒီ အလုပ်အမှုဆောင်တွေနဲ့ လူငယ်ခေါင်းဆောင်တွေကို အာဏာပိုင်တွေက ခေါ်ယူသတိပေးခဲ့တာနဲ့ ပတ်သက်လို့ ဦးဝင်းတင် ပြောပြခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG