သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရစစ်ဆင်ရေးကြောင့် ကရင်ရွာသားများ ထိုင်းဘက်ပြေး


ဘားအံခရိုင်ထဲက ကရင်ရွာသားတချို့ဟာ ဇွန်လဆန်းပိုင်းကစပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးဝင်ရောက် လာနေကြ ပါတယ်။ အခုချိန်ထိ ထောင်နဲ့ချီတဲ့ ရွာသားတွေ ဒီလိုထွက်ပြေးလာကြတာဟာ စစ်အစိုးရနဲ့ ဒီကေဘီအေ (ကရင်ဗုဒ္ဓဘာသာ အဖွဲ့) တွေရဲ့ ပူးပေါင်းစစ်ဆင်မှုတွေကြောင့် ဖြစ်တယ်လို့ ဒုက္ခသည်ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ အခု ထိုးစစ်ဆင်နေတဲ့နေရာဟာ ဒုက္ခသည်အများအပြား ခိုလုံနေတဲ့စခန်းတခုနဲ့လည်း နီးကပ်နေပါတယ်။ ရွာသားတွေကို မိုင်း ရှင်းလင်းရေးမှာ အသုံးပြုသလို စစ်ဆင်ရေးအတွက်လည်း အလုပ်ကြမ်းတွေ ခိုင်းစေတာတွေ ပေါ်တာဆွဲတာတွေလည်း ရှိနေတဲ့အတွက် ဒီလိုထွက်ပြေးကြတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး CIDKB လို့ခေါ်တဲ့ အိုးအိမ်ပစ်ခွာ ထွက်ပြေးကြသူ များ ဆိုင်ရာ ကရင်လူထုရေးရာ ကော်မတီ တာဝန်ခံ ဦးစောစတိ(ဖ) က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခုဖြစ်တဲ့ဟာက ကျနော်တို့ဘက်ဆို ဘားအံခရိုင်ပေါ့။ မြန်မာပြည်မြေပုံအရ ဆိုရင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် က ရွာသူရွာသားတွေက ဒီကေဘီအေ ကနေ တပ်သားသစ်တွေ စုဆောင်းတယ်။ အဲဒီတပ်သားသစ်တွေ စုဆောင်းတဲ့ အပေါ်မှာ ရွာသားတွေက စစ်တပ်ထဲ မဝင်ချင်လို့ ထွက်ပြေးတာကလည်း အကြောင်းတကြောင်း၊ နောက်တချက်က နယ်စပ်ဒေသမှာရှိတဲ့ လွယ်ပေါ်ဟော ဒုက္ခသည် IDP စခန်းပတ်ဝန်းကျင်မှာလည်း နအဖ နဲ့ ဒီကေဘီအေ ပူးပေါင်း စစ်ကြောင်းတွေက စစ်ဆင်ရေးလုပ်နေတယ်။ အဲဒါကြောင့် ရွာသားတွေက မနေရဲဘဲနဲ့ သူတို့က ထိုင်းဘက်ကမ်းကို ကူးလာ တယ်။ လောလောဆယ်ကတော့ ထိုင်းဘက်ကလည်း အခု ယာယီ ခိုလှုံခွင့်ပေးထားတယ်လို့ ကျနော်တို့ သိရတယ်။ တက်ခ် ခရိုင်၊ ထတောင်ယမ်း မြို့နယ်မှာလို့ ပြောရမှာပေါ့လေ။”

အဲဒီတော့ သူတို့တွေက ဒုက္ခသည်စခန်းမှာလည်း မရှိဘူးဆိုတော့ သူတို့ ဘယ်လို နေ နေရလဲ၊ -

“အဲဒါ တချို့တလေကတော့ တချို့ ရွာတွေမှာ စာသင်ကျောင်းဟောင်း၊ ဘုန်းကြီးကျောင်းတွေတို့၊ တချို့တလေကျတော့ ရွာသူရွာသားတွေကပဲ ယာယီ လက်ခံထားပေးတယ်လေ။ အဲဒီလိုပဲ သူတို့ လောလောဆယ် နေနေကြတယ်။ အဲဒီမှာ ထိုင်း ရွာတွေ ရှိတယ်။ အဲဒီရွာတွေမှာပဲ သူတို့ ယာယီ ခိုလှုံနေတယ်။”

CIDKB တာဝန်ခံ စောစတိ(ဖ) ကို နော်ရှိုးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG