သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင် မြန်မာနိုင်ငံခရီး စတင်


စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံက ဝါရင့်ထိပ်တန်းဝန်ကြီး ဂိုချုပ်တောင် (Goh Chok Tong) နဲ့အဖွဲ့ ၄ ရက်ကြာခရီးအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေပါပြီ။

လက်ရှိဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) ရဲ့ဖခင် လီကွမ်ယူး (Lee Kuan Yew) ထံကနေ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ ဂိုချုပ်တောင် မနက်ဖြန် နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် စစ်အစိုးရခေါင်းဆောင်များနဲ့ တွေ့ဆုံကြလိမ့် မယ်လို့ ရန်ကုန်ကလာတဲ့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။

၁၁ နှစ်ကြာပြီးနောက် မြန်မာနိုင်ငံကို ထပ်မံရောက်ရှိသွားတဲ့ ဒီခရီးနဲ့ပတ်သက်ပြီး စိတ်ဝင်တစားနဲ့ ခန့်မှန်းထင်ကြေး ပေးနေကြတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

မြန်မာနိုင်ငံမှာ အခက်အခဲမျိုးစုံနဲ့ ကြုံနေရလို့ မြန်မာအများအပြား စင်ကာပူမှာသွားပြီး အလုပ်လုပ်နေကြတဲ့အခါ ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုဂယက် စင်ကာပူနိုင်ငံကိုပါ ကူးစက်လာလို့ အလုပ်ပြုတ်ကုန်ကြတဲ့အချိန်မှာ မစ္စတာဂိုနဲ့အတူ စင်ကာပူ လူအင်အားဝန်ကြီး ဂန်ကင်မ်ယောင်း (Gan Kim Yong) လည်း လိုက်ပါသွားလို့ သူတို့ဘ၀ တစုံတရာ ပြေလည်လာမလား လို့လည်း အလုပ်ထွက်ခဲ့ရတဲ့ မြန်မာများက မျှော်လင့်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်ကပဲ စင်ကာပူက စစ်အစိုးရ ကို ပြစ်တင်ဝေဖန်လိုက်တဲ့ကိစ္စ၊ ဒါပေမဲ့ မြန်မာနိုင်ငံကို အာဆီယံထဲက ထုတ်ပစ်တာမျိုးတော့ မလိုလားဘူးဆိုတဲ့ကိစ္စ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းဝန်ကြီးချုပ်ရဲ့ စစ်အစိုးရအပေါ် ဝေဖန်မှု စတာတွေနဲ့ပတ်သက်ပြီး ဘာများထူးလာမလဲ ဆိုတာလည်း နိုင်ငံရေးလောကက စောင့်ကြည့်နေကြပါတယ်။

စင်ကာပူမှာ မကြာသေးခင်ကပဲ ခန့်ထားလိုက်တဲ့ စင်ကာပူအစိုးရ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးရာ ပါလီမန်ကော်မတီဥက္ကဋ္ဌ မိုက်ကယ် ပါးလ်မား (Michael Palmer) လည်း လိုက်ပါသွားလို့ စစ်အစိုးရကို လက်နက်မရောင်းဘဲ အရေးယူထားတဲ့ နိုင်ငံ များက စစ်လက်နက်များ စင်ကာပူကတဆင့်ဝယ်ဖို့ ကြိုးပန်းလေမလားလို့လည်း ဆန်းစစ်သူများက ထင်ကြေးပေးနေကြ ပါတယ်။

နာဂစ်ဆိုင်ကလုံး လေမုန်တိုင်းသင့် ဧရာဝတီတိုင်း ကရင်ချောင်ကျေးရွာ ဆေးပေးခန်း စင်ကာပူအထောက်အပံ့ပါလို့ အဲဒီ ဖွင့်ပွဲကိုလည်း ဂိုချုပ်တောင်နဲ့အဖွဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG