သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား အသုံးမပြုရေး ပိုမိုတင်းကျပ်တဲ့ စနစ်ထားဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း


မြန်မာနိုင်ငံတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ကလေးငယ်တွေ စုဆောင်း
အသုံးပြုနေတာတွေကို တားမြစ်ဖို့ မြန်မာစစ်အစိုးရအနေနဲ့ ဒီထက်ကို တင်းကျပ်တဲ့
လုပ်ငန်းစနစ်တွေ ထားရှိဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon)
က မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ကလေးစစ်သား အသုံးပြုမှုကို ကာကွယ်တားဆီးဖို့ ဥပဒေတွေ
ထုတ်ပြန်၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်း စတာတွေအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
အနေနဲ့ ချီးကျူးပြောထားပေမယ့် ကလေးတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ
ဆက်ပြီး အသုံးပြုနေတာတွေ ရှိတာကြောင့် ကလေးတွေကို လက်နက်ကိုင်အဖွဲ့တွေ
အတွင်း အသုံးပြုတာတွေကို ဒီထက်ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့လိုမယ်လို့
အတွင်းရေးမှူးချုပ်က တိုက်တွန်းတာပါ။ မနေ့ကပဲ အတွင်းရေးမှူးချုပ်ကနေ ကုလသမဂ္ဂ
လုံခြုံရေးကောင်စီကို အစီရင်ခံစာ တင်သွင်းပြီး မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခ
တွေမှာ ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုတွေ ရှိနေတုန်းပဲဆိုတာကို စိုးရိမ်တကြီး
ထောက်ပြသွားပါတယ်။

“အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး
ငယ်တွေဆိုင်ရာ အခြေအနေကို လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။ အစီရင်ခံစာ
ထဲမှာ ကလေးတွေအပေါ် အကြမ်းဖက်မှုတွေ ဘယ်လောက်ဆိုးဆိုးဝါးဝါး ဖြစ်နေသလဲ
ဆိုတဲ့ အချက်အလက်တွေ ပါသလို ဒီပဋိပက္ခမှာ တာဝန်ရှိတဲ့ အစိုးရနဲ့ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းတွေ အမည်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ မာရီ အိုကာဘဲ (Marie Okabe)
ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရ တပ်မတော်(ကြည်း) ကို ဒီစာရင်းထဲမှာ ထည့်ထားသလိုပဲ ကရင်၊ ကရင်နီ၊
ရှမ်း၊ ကချင်၊ ၀ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို ကလေးစစ်သား အသုံးပြု
တဲ့ လက်နက်ကိုင်အဖွဲ့တွေအဖြစ် အမည်စာရင်း ပြုထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခ
နဲ့ ကလေးများဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး လာရောက်တဲ့အချိန်မှာ အဲဒီအထဲ
က အချို့အဖွဲ့တွေကို တွေ့ခွင့်ရပေမယ့် မြန်မာအစိုးရနဲ့ လက်နက်ကိုင်တိုက်ဆဲဖြစ်တဲ့
ကေအန်ယူ၊ ကေအန်ပီပီလို အဖွဲ့တွေနဲ့တော့ အကန့်အသတ်တွေကြောင့် တွေ့ခွင့်မရ
ဖြစ်နေပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီအဖွဲ့တွေကိုပါ တွေ့ခွင့်ရဖို့
မြန်မာအစိုးရဘက်က လမ်းဖွင့်ပေးဖို့ အတွင်းရေးမှူးချုပ်က တောင်းဆိုထားပါတယ်။

“ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး၊ ကေအန်ပီပီ ကရင်နီအမျိုးသား
တိုးတက်ရေးပါတီတို့နဲ့ ကုလသမဂ္ဂအကြား တွေ့ဆုံဆွေးနွေးနိုင်ရေး လမ်းဖွင့်ပေးဖို့
အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။ ဒီအဖွဲ့တွေအနေနဲ့
အရင်မူလ ကတိကဝတ်ပြုထားတာ ရှိပေမယ့်လို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်
၁၅၃၉ နဲ့ ၁၆၁၂ တို့အရ အရေးယူဆောင်ရွက်ရမယ့် သဘောတူညီချက်တွေကို
လက်မှတ်ထိုးဖို့ ရှိနေပါတယ်။”

မြန်မာနိုင်ငံတွင်းက တပ်မတော်(ကြည်း) အပါအဝင် လက်နက်ကိုင်တပ်တွေအကြား
ကလေးတွေကို တပ်ဖွဲ့အတွက် အသုံးပြုတာမျိုးမလုပ်ဖို့ တားမြစ်တဲ့ နိုင်ငံတကာနဲ့
ပြည်တွင်းဥပဒေတွေကို ပညာပေးတာမျိုးတွေ၊ သင်တန်းပေးတာမျိုးတွေနဲ့ အပြော
မဟုတ်တဲ့ လက်တွေ့နဲ့ တကယ့်ကို ကျကျနန ကလေးတွေကို ကာကွယ်နိုင်မယ့်
နည်းလမ်းတွေကို တင်းတင်းကျပ်ကျပ်လုပ်ဖို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်း
ခဲ့ပါတယ်။

“လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ကလေးတွေကို စုဆောင်းတာမျိုး ကာကွယ်ဖို့နဲ့
တပ်ဖွဲ့တွေအတွင်း ပုံစံမျိုးစုံနဲ့ ရှိပြီးသားကလေးတွေကိုလည်း တပ်ထဲက ပြန်ထုတ်နိုင်
မယ့် လုပ်ငန်းစနစ်တရပ်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်ဖို့ အတွင်းရေး
မှူးချုပ်က မြန်မာအစိုးရကို အပြင်းအထန် တိုက်တွန်းပါတယ်။”

ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ နာမည်ဆိုး
ရထားတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါပေမယ့် မြန်မာအစိုးရရော တိုင်းရင်းသား လက်နက်ကိုင်
တွေကပါ သူတို့တပ်ဖွဲ့တွေအတွင်း ကလေးတွေကို ခေါ်ယူစုဆောင်းတာ၊ အသုံးပြုတာ
မျိုးတွေ မလုပ်ဖို့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ ထုတ်ပြန်သတိပေးတာတွေ
ရှိတယ်လို့ အမြဲပြောလေ့ရှိပါတယ်။ အဲဒီကြားကပဲ ကလေးစစ်သား အသုံးပြုမှုတွေ
ရှိနေတုန်းပဲဆိုပြီး ကုလသမဂ္ဂရော အခြား လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုကို
မကြာခဏ ခံရလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG