သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ဥပဒေအကျိုးဆောင်တွေ တနာရီကြာ တွေ့ဆုံခွင့်ရ


ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူ့ဘက်က ခုခံချေပမယ့် သက်သေတွေ ထပ်ပြီးတင်ပြခွင့်ရဖို့ လိုလားနေဆဲပဲလို့ သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ သက်သေအဖြစ် တင်သွင်းထားသူ ၄ ဦး အနက် ပယ်ချခံ ထားရဆဲဖြစ်တဲ့ ကျန် ၂ ယောက်ကို လက်ခံဖို့ ဥပဒေ အကျိုးဆောင်တွေက ကြိုးပမ်းနေတာကိုလည်း ဆက်လုပ်သွားဖို့ ဒီကနေ့ ရန်ကုန် အင်းစိန်ထောင်တွင်းမှာ တွေ့ဆုံစဉ် ပြောခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ တရားခွင် အခြေအနေတွေကို တောက်လျှောက် စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က ဒီသတင်းကို တင်ပြပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်သွင်းခွင့်ရဖို့အတွက် ဥပဒေ အကျိုးဆောင်တွေက ကြိုးပမ်းခဲ့ပေမဲ့ ၂ ဦးသာ ခွင့်ပြုထားတာမို့ နောက်ထပ် ကျန်နေသေးတဲ့ သက်သေတွေ တင်သွင်းခွင့်ရဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လိုလားနေတဲ့အကြောင်း ပြောလိုက်တာပါ။ ပယ်ချခံ ထားရတဲ့ နောက်ထပ် သက်သေ ၂ ဦးဖြစ်ကြတဲ့၊ ဒေါ်အောင်ဆန်းစုကြည်လိုပဲ နေအိမ် အကျယ်ချုပ် ကျခံနေ ရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ နောက် အတွင်းရေးမှူး ဦးဝင်းတင် တို့ကိုပါ တရားခွင်မှာ ထွက်ဆိုခွင့်ရဖို့ ဆက်ပြီး ကြိုးပမ်းသွားဖို့ ပြောလိုက်တာပါ။ ရန်ကုန် အင်းစိန် ထောင်တွင်းမှာ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေ မွန်းလွဲပိုင်းက ၁ နာရီကျော်ကြာ တွေ့ဆုံမှုအတွင်း အခုလို ပြောလိုက်တာလို့ ဒီအထဲက ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“မနေ့က တိုင်းတရားရုံးက သက်သေတဦး ထပ် ခွင့်ပြုတယ်။ ဦးတင်ဦး၊ ဦးဝင်းတင်တို့ကို လက်မခံဘူး။ အဲဒီ အမိန့်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရှေ့ဆက်လုပ်ဖို့ ဆွေးနွေးကြတယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်က အမှုဟာ ဥပဒေအရ မမှန်ဘူး ဖြစ်တဲ့အတွက် ဆုံးခန်းတိုင်အောင် ကျွန်တော်တို့ အထက်အဆင့်ကို တက်ပါ၊ လိုအပ်သလို လုပ်ပါလို့ ညွှန်ကြားပါတယ်။”

တားဆီး ကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန် ထောင်တွင်းက တရားခွင်မှာ၊ သက်သေ ၄ ယောက် အဖြစ်နဲ့ အန်အယ်လ်ဒီ ပါတီ က ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်၊ တောင်ကြီးမြို့က တရားရုံးချုပ် ရှေ့နေ ဒေါ်ခင်မိုးမိုး နဲ့ ဧရာဝတီတိုင်း လပွတ္တာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း တို့ကို တင်သွင်းခွင့်ရဖို့ ကြိုးပမ်းနေကြတာပါ။ ဒါပေမဲ့လည်း အစောပိုင်းမှာ ဒီအထဲက ဦးကြည်ဝင်း တဦးထဲကိုသာ တရားရုံးက ခွင့်ပြုခဲ့လို့ ရန်ကုန်တိုင်း တရားရုံးကို ပြင်ဆင်ချက် လျှောက်ထားခဲ့ပေမဲ့ နောက်ထပ် ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဒေါ်ခင်မိုးမိုး ကိုပဲလက်ခံဖို့ မနေ့တုန်းက ဆုံးဖြတ်လိုက်တာပါ။ ဒါဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ချက် မဟုတ်တာမို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေက တရားရုံးချုပ်အထိ ဆက်ပြီး လျှောက်လဲသွားဖို့လည်း ပြင်ဆင် နေကြတာပါ။ အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေ ၁ယောက်သာ တင်ပြထွက်ဆိုခွင့် ရပြီး တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်တွေ ဘက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆိုခွင့် ရခဲ့တာမို့လို့လည်း ဒါဟာ တရားမျှတမှု မရှိဘူးဆိုပြီး ရှေ့နေတွေက ပြောထားတာပါ။ နေအိမ်ခြံဝန်းထဲကို အမေရိကန် နိုင်ငံသားတဦး တိတ်တဆိတ် ရေကူး ဝင်ရောက်တာကို လက်ခံတာဟာ တားမြစ်ချက်ကို ဖောက်ဖျက်တာဆိုပြီး အာဏာပိုင်တွေ ဘက်က စွပ်စွဲပြီး တရားစွဲဆိုထားပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ သူဟာ အပြစ်မရှိကြောင်း ရုံးတော်ကို ပြောထားတာပါ။ တကယ်တော့ နေအိမ်အကျယ်ချုပ် သက်တမ်းစေ့တော့မယ့်အချိန် အခုလို နောက်ထပ် အပြစ်ပေး အရေးယူ ခံရမယ့် အခြေအနေမျိုး ဖြစ်လာတာမို့ အခုအဖြစ်အပျက်နဲ့ ပတ်သက်လို့ သံသယ တွေလည်း ထွက်ပေါ်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုဖြစ်ရပ်တခုလုံးဟာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါဝင်နေတယ်လို့ ယုံကြည်ထားတဲ့အကြောင်း တွေ့ဆုံဆွေးနွေးခွင့်ရခဲ့တဲ့ ရှေ့နေ ဦးဉာဏ်ဝင်း ကပဲ ပြောပြပါတယ်။

“ဒီနေ့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအမှုကတဲ့ ဘာမှ သူမကျူးလွန်ဘဲနဲ့ လုပ်တာ။ ဒါဟာ နိုင်ငံရေးအရ တရားစွဲတဲ့ အလုပ်ပဲလို့ သူ ဒီလို သုံးသပ်ထားပါတယ်။”

ဒီလိုပဲ နောက်ထပ် ဥပဒေနဲ့ မညီ်တဲ့ လုပ်ရပ်တွေကလည်း ရှိနေဆဲလို့လည်း ဒေါ်အောင်ဆန်းစုကြည် က ရှုမြင်ထားတာပါ။ အခုဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် ကို အခုနောက်ဆုံး ထပ်ပြီး စွပ်စွဲချက် အသစ် တွေနဲ့ အရေးယူဖို့ လုပ်လာချိန်ကစလို့ မူလက ပြစ်ဒဏ်တွေ ပျက်ပြယ်သွားပြီ ဖြစ်မဲ့လည်း ဆက်လက်ပြီး သက်ရောက်မှုတွေက ရှိနေဆဲ ဖြစ်တာကြောင့် ဒါဟာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် က လက်မခံနိုင်ဘဲ ဖြစ်နေရတယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“အခု ၂၆ရက် မေလကတည်းက ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ထားတဲ့ တားဆီးမှုတွေ အကုန်လုံးကို ရုတ်သိမ်းလိုက်ပြီ။ ရဲချုပ်ကြီး ကိုယ်တိုင်နဲ့ ရဲမှူးချုပ် တယောက်က လာပြီးတော့ ဖတ်ပြတယ်။ ကျွန်တော်တောင် ရှိတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ကို နှောက်ယှက် ဖျက်ဆီးလိုတဲ့ ဥပဒေနဲ့ အရေးယူ ထားတာ လုံး၀ မရှိတော့ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အိမ်မှာ နှစ်ပေါင်းများစွာ ပစ္စည်း အဟောင်း နဲ့ ကောင်းတာတွေ ဖယ်၊ မကောင်းတာတွေ ကို ထုတ်ချင်လည်း ထုတ်ဖို့ အဲဒီတာဝန်တွေကို ပေးလိုက်တယ်။ အဲဒီ တာဝန်ပေးလိုက်တဲ့သူတွေက အခုထိ အဲဒီ အိမ်ကို ဝင်လို့ မရဘူး။ အထက် အမိန့် စောင့်နေတယ်လို့ ပြောတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလုံး၀ မကျေနပ်ဘူးလို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာဥပဒေမှ မရှိတော့ဘဲနဲ့ ဒီလို လုပ်တာဟာ ဥပဒေမဲ့တယ်လို့ ပြောပါတယ်။ ဥပဒေအရရော ဘာတွေကို ဆောင်ရွက်နိုင်မလဲ နည်းလမ်းရှာပါလို့ ကျွန်တော့်ကို ညွှန်ကြားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်းစိန်ထောင်တွင်းမှာ တွေ့ဆုံခဲ့တဲ့ သူ့ရဲ့ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပါ။ ဒီကနေ့ ထောင်တွင်း တွေ့ဆုံမှုတွေအတွင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်မှု ရှိလာတာ တွေ့ရတယ်လို့လည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။ အစောပိုင်းမှာတုန်းကတော့ ကြွက်တက်တဲ့ ဝေဒနာ ဆိုးဆိုးရွားရွား ခံရပေမဲ့ အခုအခါမှာတော့ အရင်ကထက်စာရင် သက်သာလာတဲ့အကြောင်း ရှေ့နေ တွေကို ပြောပြတယ်လို့လည်း ဆိုပါတယ်။ အစောပိုင်းမှာတုန်းကတော့ အခုလာမယ့် သောကြာနေ့ ကျရင် ရန်ကုန် အင်းစိန်ထောင်တွင်းမှာ ကြားနာနေတဲ့ တရားခွင်မှာ၊ ရှေ့နေတွေ လျှောက်လဲချက်တွေ တင်သွင်းဖို့ ယာယီအားဖြင့် သတ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံပေးမယ့် သက်သေတွေ နောက်ထပ် တင်သွင်းခွင့်ရဖို့ ကြိုးပမ်းမှုတွေ ရှိလာတာနဲ့အမျှ တရားခွင် အစီအစဉ်တွေမှာ အပြောင်းအလဲတချို့ ရှိလာမယ်လို့လည်း မျှော်လင့်ရကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG