သုံးရလွယ်ကူစေသည့် Link များ

နာဂစ် ထူထောင်ရေး စစ်အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့  အာဆီယံနဲ့ အလှူရှင် နိုင်ငံတွေ တောင်းဆို


နာဂစ်မုန်တိုင်းဒဏ် ခံရတဲ့ဒေသတွေ ပြန်လည်တည်ထောင်ဖို့ အကူအညီပေးရေးမှာ စစ်အစိုးရဘက်က ပူးပေါင်း ဆောင်ရွက်ပါ့မယ် ဆိုတဲ့ အာမခံချက်ပေးဖို့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေက တိုက်တွန်းနေပါတယ်။ အရင်က နိုင်ငံခြားက အကူအညီပေးရေး အဖွဲ့ဝင်တွေကို ပြည်ဝင်ခွင့် ဗီဇာ ချက်ခြင်း မြန်မြန်ဆန်ဆန် ထုတ်ပေးတဲ့ စနစ်ကို မြန်မာစစ်အစိုးရဘက်က ဖျက်သိမ်းလိုက်ပါတယ်။ စစ်အစိုးရဘက်က ပြည်တွင်း နာဂစ်ထူထောင်ရေး အကူအညီပေးတဲ့ လုပ်ငန်းတွေအပေါ် ကန့်သတ်တာတွေ ရှိလာနိုင်တယ်ဆိုပြီး အလှူရှင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဘက်က စိုးရိမ်မှု တွေလည်း ရှိနေပါတယ်။ ဘန်ကောက်မြို့ကနေ Daniel Schearf သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။

အရင် နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေမှာ နိုင်ငံတကာ အကူအညီတွေ ရအောင် ကြိုးစားပေးခဲ့တဲ့ အာဆီယံ။ ကုလသမဂ္ဂနဲ့ မြန်မာစစ်အစိုးရ ပူးပေါင်းထားတဲ့ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ Tripartite Core Goup ရဲ့အခန်းကဏ္ဍကို စစ်အစိုးရ ဘက်က ပယ်ဖျက်လာတာကို အာစီယံ ခေါင်းဆောင်တွေ ၀န်ခံပြောဆိုလာနေပါတယ်။

တချိန်တည်းမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနေတဲ့ ကိစ္စကလည်း မြန်မာစစ်အစိုးရ အပေါ် အလှူရှင်နိုင်ငံတွေ မေတ္တာပျက်ရတဲ့အကြောင်းတခုဖြစ်နေတာကို အာစီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် ကိုယ်တိုင် ၀န်ခံပြောလာပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုင်ငံတကာ အလှူရှင်နိုင်ငံတွေနဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ကိုယ်စားလှယ် သုံးဆယ်လောက် တက်ရောက်တဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသ ပြန်လည်ထူထောင်ရေး အကူအညီတွေ ပေးဖို့ ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံကို အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့ ကိစ္စ စိုးရိမ်မိတယ်ဆိုပြီး အစည်းအဝေးအပြီး အာစီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“မြန်မာအစိုးရဘက်က တိတိကျကျ အကြောင်းပြန်တာ၊ နောက် အာမခံချက် ထပ်ပြီး ပေးတာမျိုးကို ကျွန်တော်တို့က ရအောင် ကြိုးစားနေပါတယ်။ ကျွန်တော်တို့ လိုချင်တာက ကျွန်တော်တို့ကို မြန်မာအစိုးရဘက်က အပြည့်အ၀ ထောက်ခံမှု ပေးမယ့်၊ သွားရောက် လုပ်ကိုင်နိုင်ခွင့် အပြည့်အ၀ ပေးမယ့်။ မြစ်ဝကျွန်းပေါ်ဒေသကို နိုင်ငံတကာ အကူအညီတွေ ပေးနိုင်အောင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ့် အာမခံချက်မျိုးပါ။”

မြန်မာနိုင်ငံကို ပေးအပ်တဲ့ နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး အကူအညီတွေကို ပထမ ခြောက်လအတွင်းမှာ ကောင်းကောင်းမွန်မွန် ပေးအပ်နိုင်ခဲ့တယ်လို့ ဆူရင်ပစ်ဆူဝမ်က ပြောပါတယ်။ ဒီလို ပေးနိုင်အောင် အာစီယံ၊ မြန်မာနဲ့ ကုလသမဂ္ဂ သုံးဖွဲ့ပေါင်း ကူညီရေး အဖွဲ့က ပူးပေါင်းဆောင်ရွက်ပြီး ဒီလို ပေးအပ်နိုင်အောင် ကမကထလုပ်ပေးခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အရေးပေါ် အကူအညီပေးရေး အနေအထားကနေ ပြန်လည် တည်ထောင်ရေး စီမံချက်တွေ ချမှတ်တဲ့ အချိန် မြန်မာစစ်အစိုးရက နာဂစ်ကယ်ဆယ်ရေး သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ Tripartite Core Goup ရဲ့ ပူးပေါင်း ဆောင်ရွက် နေတဲ့ အခန်းကဏ္ဍကို ဖယ်ရှား လိုက်တယ်လို့ အာစီယံအွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံခြား က အကူအညီပေးရေး အဖွဲ့ဝင်တွေ လာရောက်ကူညီရေး လုပ်ငန်းစဉ်တွေကို အရင်တုန်းကလို မြန်မြန်ဆန်ဆန် လုပ်မပေး တော့ဘဲ ကျန့်ကြာအောင် လုပ်လာခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီး တရားစွဲဆိုနေတဲ့အတွက်လည်း နိုင်ငံတကာ အလှူရှင်တွေ မြန်မာနိုင်ငံအပေါ် စိတ်ပျက်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဒီအချက်က သူတို့ဘက်က စိတ်အား ထက်ထက်သန်သန်နဲ့ ပါဝင်ကူညီချင်တဲ့ ဆန္ဒကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ အလှူရှင်တွေက ထုတ်ပြီး အသေအခြာ ပြောလာပါတယ်။ ကူညီရေးကိစ္စမှာ နှောင့်နှေးတာတွေ ရှိလာနိုင်တယ်လို့ ဆိုပါ တယ်။ အလှူငွေတွေကို ထိမ်းတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စကို အနာဂတ်မှာ ဆက်ပြီး အကူအညီပေးဖို့ ဆက်လုပ်ဖို့ ဆိုတဲ့ ကိစ္စနဲ့ ခွဲပြီး စဉ်းစားကြတာ မဟုတ်ပါဘူး။”

ဒါပေမဲ့လည်း အလှူရှင်တွေက ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ဆိုတဲ့ တောင်းဆိုချက်ကို နာဂစ်အကူအညီ ထပ်ပေး ရေးအတွက် ကြိုတင်သတ်မှတ်ချက် သဘောမျိုးတော့ ပြောတာ မရှိပါဘူးလို့ ဆူရင် ပစ်ဆူဝမ်က ပြောပါတယ်။

ရုံးတင် တရားစွဲဆိုခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နောက်ထပ် အကျဉ်းထောင် ထဲမှာ ငါးနှစ် ထောင်ချနိုင်တယ်ဆိုပြီး မျှော်လင့်ရပါတယ်။ မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ချုပ်နှောင်နိုင်ဖို့အတွက် ဒီလို အမှူဆင် တရားစွဲဆိုတာလို့လည်း အားလုံးက ကျယ်ကျယ်ပျံ့ပျံ့ လက်ခံထားပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေကို ချဉ်းကပ်တဲ့အခါ ပျော့ပျော့ပြောင်းပြောင်းနဲ့ ချဉ်းကပ်နားချတဲ့ မူမျိုးကို ကျင့်သုံးခဲ့ပြီး ဒီ မဟာဗျူဟာကပဲ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးမှာ မြန်မာနိုင်ငံကို အကူအညီတွေ အောင်အောင်မြင်မြင် ပေးနိုင်အောင် လုပ်ပေးနိုင်ခဲ့တယ် လို့ အာဆီယံ အဖွဲ့က ပြောပါတယ်။

မြန်မာစစ်အစိုးရဟာ စောစောပိုင်း နာဂစ်မုန်တိုင်းတိုက်ပြီး သီတင်းပတ် အတော်ကြာအထိ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေကို လက်မခံခဲ့ပါဘူး။ ဒါကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ နောက်ကျပြီး လူတွေ ပိုပြီး ဘေးအန္တရာယ် ကြုံခဲ့ ရတယ်ဆိုပြီး စစ်အစိုးရအပေါ် ဖေ၀န်ချက်တွေ ထွက်ပေါ်ခဲ့တာပါ။

အခုအချိန်အထိ ဧရာဝတီဖြစ်ဝကျွန်ပေါ်ဒေသတွက် အကူအညီ အမေရိကန် ဒေါ်လာ သန်းသုံးရာလောက် ပေးအပ်ခဲ့ပြီး ပါပြီ။ နောက်ထပ် လိုအပ်နေတဲ့ ပြန်လည်ထူထောင်ရေး အကူအညီ အမေရိကန် ဒေါ်လာ သန်း ၇၀၀ လောက်ကို ရဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်ပြီး ကြိုးစားနေကြပါတယ်။ ဒီ မုန်တိုင်းဘေးအန္တရာယ်ကြားမှာ လူ တသိန်းလေးသောင်း လောက် သေဆုံးပြီး နှစ်သန်းလောက်အထိ ဒုက္ခရောက်ခဲ့ကြတာလို့ ဆောင်းပါးရှင် Danief Schearf က ရေးသားထား တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG