သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ရုံးတင်တဲ့အတွက် မြန်မာမူဝါဒ ပြင်ရခက်


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာအစိုးရကနေ ပြင်းပြင်းထန်ထန် ကိုင်တွယ်လာ တာကြောင့် မြန်မာနိုင်ငံ အပြောင်းအလဲအတွက် စစ်အစိုးရနဲ့ ထိစပ်ဆောင်ရွက်မယ့် အမေရိကန်ပြည်ထောင်စု စဉ်းစား ချက်အပေါ်မှာ အဟန့်အတား ဖြစ်စေတယ်လို့ အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သမ္မတအိုဘားမား အဆိုပြုခံထားရ သူက ပြောဆိုသွားပါတယ်။ ဒီအကြောင်း မစုမြတ်မွန်က တင်ဆက်ပါတယ်။

အမေရိကန်အစိုးရရဲ့ အာရှဆိုင်ရာ ထိပ်တန်း သံတမန်တဦးအဖြစ် Kurt Campbell ကို အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနေရာ သမ္မတအိုဘားမားက အဆိုပြုထားတာပါ။ မနေ့က အထက် လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ကြားနာပွဲမှာ သူ့ရဲ့ အရှေ့အာရှဆိုင်ရာ နိုင်ငံခြားရေး သဘောထား စဉ်းစားချက် တွေကို အထက်လွှတ်တော် အမတ်တွေက မေးမြန်းကြရာမှာ Mr.Campbell က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ထည့်သွင်း ပြောသွားတာပါ။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သြဇာဟာ အထူးသဖြင့် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်အတွင်း အတော်ကြီး အားနည်း ကျဆင်းသွားတယ်လို့ အထက်လွှတ်တော် အမတ်တွေကို Mr.Campbell က ပြောပါတယ်။ ဒါ့ကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးသမားတွေ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အစိုးရပိုင်း အဖွဲ့အစည်း တွေ အားလုံးဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာနိုင်ငံမှာ လက်လွှတ် ဆုံးရှုံးမှုတွေ ရှိလာတယ်လို့ ပြောသွားပါတယ်။

ဒီအတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး မူဝါဒကို အခု နိုင်ငံခြားရေး ဝန်ကြီး ကလင်တန် လက်ထက် ပြန်ပြီး ဆန်းစစ် သုံးသပ်မှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရနဲ့ တိုက်ရိုက် ထိစပ်သွားဖို့ စဉ်းစားချက်ကို ပြောပါတယ်။

ဒါပေမဲ့လည်း အခု ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ အာဏာပိုင်တွေက တရားစွဲဆိုလိုက်တာကြောင့် ဒီ စဉ်းစားချက် တွေကို အတန်ငယ် ထိခိုက်မှုရှိတယ်လို့ Mr.Campbell က အထက်လွှတ်တော် အမတ်တွေကို ရှင်းပြပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ဘာတွေ ဆက်လုပ်မယ်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်အခြေအနေကို နိုင်ငံခြားရေး ဌာနအနေနဲ့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ဒီအခြေအနေတွေဟာ အခု အမေရိကန်ရဲ့ မူဝါဒ ပြန်လည် သုံးသပ်မှု အပေါ်မှာ အများကြီး သက်ရောက်လာလိမ့်မယ်လို့လည်း ရှင်းပြသွားပါတယ်။

Mr.Campbell ဟာ လက်ရှိ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ခရစ်စတိုဖာဟီလ်းရဲ့ နေရာအတွက် လျာထားခံရသူပါ။ အမေရိကန်ပြည်ထောင်စုရဲ့ အာရှနိုင်ငံများအရေး ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ သံတမန်နေရာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG