သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း ၂၆ ရက်နေ့ ထပ်ရွှေ့


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုနေတဲ့အမှု ရုံးချိန်းကို ဇွန်လ ၂၆ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ ဒီကနေ့ အင်းစိန်ထောင်ဝန်းထဲက အထူးတရားရုံးမှာ မိနစ် ၂၀ လောက်ပဲ ကြာခဲ့တဲ့ ရုံးချိန်းအတွင်း အခုလို ရွှေ့ဆိုင်းလိုက်တာလို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက အကြောင်းစုံ သိရအောင် ဆက်သွယ် မေးမြန်းတဲ့အခါဦးဉာဏ်ဝင်း က အခုလို စပြီး ဖြေခဲ့ပါတယ်။

“ဒီနေ့ကတော့ ကျနော်တို့ အင်းစိန်တရားရုံးပေါ့၊ မူလတရားရုံးကို ကျနော်တို့ သွားပါတယ်။ ဒီနေ့ ၁၂ ရက်နေ့ကို ရုံးချိန်း ထပ် ရှိတာကိုး။ အဲတော့ ရုံးလည်း အားလုံးထွက်ပါတယ်။ ဒေါ်စုရော၊ မစ္စတာ ယက်တော တို့ ဒေါ်ခင်ဝင်း တို့ အားလုံး ထွက်ပါ တယ်။ ရုံးချိန်းအနေနဲ့ကတော့ ၉ ရက်နေ့က တိုင်းတရားရုံးက ဒေါ်ခင်မိုးမိုး ကို သက်သေအဖြစ် စစ်ခွင့် ပေးထားတယ်။ ဒေါ်ခင်မိုးမိုး က တောင်ကြီးမှာနေတာ။ အဲဒါကြောင့် သူ့ကို စစ်ဖို့ ၂၆ ရက်နေ့ကို ရုံးချိန်းပေးလိုက်ပါတယ်။ ၂၆ ရက်နေ့ ကျရင် ဒေါ်ခင်မိုးမိုးကို စစ်ရပါမယ်။”

၂၆ ရက်နေ့မှာ ဒေါ်ခင်မိုးမိုး ကို စစ်မယ်ဆိုတော့ ဒီကြားထဲမှာ သက်သေ ရုံးချိန်းလည်း ရှိတယ်၊ အဲဒါကို ပြန်ဖျက်တယ်လို့ ကျနော်တို့ ကြားထားပါတယ်။ အဲဒီအခြေအနေကရော ခင်ဗျာ။ -

“အဲဒီအခြေအနေက မနေ့က နေ့ခင်းမှာ ၁၇ ရက်နေ့လို့ ကျနော်တို့ဆီကို အကြောင်းကြားတယ်။ ပြီးတော့ ညနေ ၄ နာရီ လောက်ကျတော့ အဲဒါကို ပြန်ဖျက်တယ်။ နောက်ထပ် ရုံးချိန်းပေးမယ်လို့ ပြောသွားတယ်။ ဒီနေ့ညနေကျတော့ အဲဒီ ၁၇ ရက်နေ့ကိုပဲ ပြန်ပြီးအတည်ဖြစ်သွားပြန်ပြီ။ ကျနော်တို့ ၁၇ ရက်နေ့မှာ လက်ခံရေး လျှောက်လဲချက် ပေးရမယ်။”

ဒီအပေါ် ဘယ်လို နားလည်ပါသလဲခင်ဗျ။ -

“ကျနော်တို့က ဒါမျိုး သိပ်မတွေ့ဖူးဘူးလေ။ တရားရုံးချုပ်ဆိုတာ တိတိကျကျပဲ လုပ်တာ။ ဒီတခါကျတော့မှ ရုံးချိန်းပေးလိုက်၊ ပြင်လိုက်။ နောက်တခါ ပြန်အတည်ဖြစ်ပေါ့ဗျာ။ ဒါကတော့ သူတို့ကိစ္စပဲလေ ကျနော်တော့ မသိဘူးဗျ။”

ဆိုတော့ ဒီ ၁၇ ရက်နေ့မှာ သက်သေကိစ္စ ရုံးချိန်း၊ ၂၆ ရက်နေ့မှာက နဂို ရုံးချိန်းပေါ့။ -

“ဟုတ်ပါတယ်။”

တကယ်လို့ ၁၇ ရက်နေ့မှာ သက်သေကိစ္စက မပျက်ခဲ့ဘူး ဆိုပါတော့။ အဲဒါဆိုရင် ဘယ်လိုဖြစ်မလဲ ဆရာ၊ ၁၇ ရက်နေ့က တရားရုံးချုပ်က နောက်ဆုံးအဆင့်ပဲလား ခင်ဗျာ။ -

“ဟုတ်ကဲ့။ ဒီကိစ္စတွေနဲ့ပတ်သက်ရင်တော့ နောက်ဆုံး အဆင့်ပဲ။”

တကယ်လို့ အဲဒီနေ့မှာ မပြတ်ခဲ့ဘူး။ နောက်တရက် ထပ် ချိန်းတယ်ဆိုရင် အခု ၂၆ ရက် ချိန်းထားတဲ့ဟာကရော ဘယ်လိုဖြစ်သွားမလဲ။ -

“၂၆ ရက်နေ့ကတော့ တိုင်းက ခွင့်ပြုထားတဲ့ဟာ ဒါကတော့ ဆက် စစ်မှာပေါ့။”

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရတဲ့အခါ ကျန်းမာရေး ဘယ်လိုများ မြင်ပါသလဲခင်ဗျာ။ -

“ကျနော်တို့အမြင်တော့ ကျန်းမာရေး ကောင်းပါတယ်။ ခါတိုင်းလိုပဲ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ပါပဲ။ ကျနော်တို့ ဒီနေ့ကတော့ သိပ်တော့ မကြာဘူးပေါ့ဗျာ။ ၁၅ မိနစ် မိနစ် ၂၀ လောက်တော့ စကားပြောခွင့် ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမှုကိစ္စက သာမန် ပြစ်မှုကိစ္စမဟုတ်ဘူး။ နိုင်ငံရေး ဆက်နွယ်တဲ့ကိစ္စလို့ ပြောတယ် ဆိုပြီးတော့ ကျနော်တို့ သိရပါတယ်။ အဲဒီအပေါ်မှာ ဆရာ ဘယ်လို နားလည်ပါသလဲ။ -

“ကျနော် နားလည်တာထက်ကို ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားနဲ့ပြောရရင် စပြီးတော့ ထိန်းသိမ်းတဲ့ ဥပဒေပေါ့။ နိုင်ငံတော်အား နှောက်ယှက်ဖျက်စီးလိုသူ ဘေးအန္တရာယ်မှ ကာကွယ်ရေး ဆိုတဲ့ ဥပဒေ၊ ဒီဥပဒေ ကိုယ်တိုင်ကိုယ်က နိုင်ငံရေးကိစ္စပဲ၊ ထိန်းသိမ်းတာလည်း နိုင်ငံရေးကိစ္စ အထိန်းသိမ်းခံရတာ။ အခု တရားစွဲတော့လည်း ဒီဥပဒေပုဒ်မ နဲ့ပဲ စွဲတယ်။ ဆိုတော့ ဒါက နိုင်ငံရေးအမှုပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီလို ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေတဲ့အချိန်တုန်းက ရေဒီယို နားထောင်ခွင့် ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ အခုရော ရေဒီယိုတွေဘာတွေ နားထောင်ခွင့်ရပါသလား။ -

“အခု နားထောင်ခွင့် မရှိပါဘူး။”

သူ့ကို ထားတဲ့နေရာကို ပထမ သိထားတဲ့ အင်းစိန်ထောင်ဝင်းထဲမှာပဲလား။ အပြောင်းအလဲ ရှိပါသလား။ -

“အရင်နေရာမှာပဲလို့ ကျနော် သိရပါတယ်။”

စာတွေဘာတွေရော ဖတ်ခွင့်ရပါသလားခင်ဗျ။ -

“သတင်းစာတော့ မရဘူး။ ကျနော်တို့ အင်္ဂလိပ်စာအုပ်တွေ၊ ပြင်သစ် စာအုပ်တွေတော့ ထောင်ဝန်ထမ်းတွေကတဆင့် ပေးပါတယ်။ ဖတ်ခွင့်ရပါတယ်။”

နေအိမ်အကျယ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီပေါ့လေ။ ကြေညာထားြပီးသားပဲ။ နေအိမ်အကျယ်ချုပ် လွတ်သွားပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိန်းသိမ်းမှုအောက်ကို ပြန်ရောက်တယ်လို့ အဓိပ္ပါယ် သက်ရောက်မှာပေါ့ ဆရာ။ -

“ဟုတ်ကဲ့။ ရောက်ပါတယ်။”

အဲဒီတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နေအိမ်ကို မိတ်ဆွေတွေကသွားပြီးတော့ ရှင်းလင်းတာ လုပ်ဖို့ အခွင့်မရဘူးလို့ သိပါတယ်။ အဲဒီအခြေအနေကရော ခင်ဗျာ။ -

“အဲဒီအခြေအနေကတော့ အခု ကျနော် သိသလောက်ပေါ့။ မနက်ဖြန် ဝင်ခွင့်ရပြီလို့ ကျနော်တို့ သိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုထားတဲ့အမှု ရုံးချိန်း ရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ အမှုမှာ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG