သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂိုချုပ်ထောင် မြန်မာပြည်ခရီးစဉ် စင်ကာပူ အတိုက်အခံ ဝေဖန်


မြန်မာစစ်အစိုးရက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးအရေးယူဖို့ ကြိုးစားနေတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းတခုလုံးက မြန်မာစစ်အစိုးရကို ဝိုင်းဝန်း ဝေဖန်နေချိန်မှာ စင်ကာပူ နိုင်ငံရဲ့ ဝါရင့် ထိပ်တန်းဝန်ကြီးတဦးဖြစ်တဲ့ ဂိုချုပ်ထောင် ဟာ ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို လေးရက်ကြာခရီး သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်အဆုံး စင်ကာပူ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက အပြစ်ပေးအရေးယူဖို့ ကြိုးစားနေတာနဲ့ပတ်သက်လို့ စိတ်ပျက်မိတဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အခုလို ပြောဆိုမှုတွေနဲ့အတူ မြန်မာနိုင်ငံကို သူ သွားရောက်ခဲ့တာတွေ ပတ်သက်လို့ ဝေဖန် သုံးသပ်ချက်အမြင်တွေလည်း အမျိုးမျိုး ရှိနေပါတယ်။ မခင်ဖြူထွေးက တင်ပြထားပါတယ်။

သူ့ရဲ့ လေးရက်ကြာ ခရီးစဉ်အဆုံး စင်ကာပူသတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ မစ္စတာ ဂိုချုပ်ထောင်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်မှုတွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရကို ဝေဖန်ပြောဆိုခဲ့သလို အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး ဆက်ပြီး ဖမ်းဆီးထိန်းသိမ်းထားမယ်ဆိုရင် မြန်မာစစ်အစိုးရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို တရားဝင်မှုမရှိဘူးလို့ အများက ဝေဖန်ကြမှာဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ အခုလို ဝေဖန်ပြောဆိုမှုနဲ့ပတ်သက်လို့ အကောင်းမြင်သူတွေရှိသလို မယုံကြည်သူတွေလည်း ရှိပါတယ်။ စင်ကာပူ အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင် ဒေါက်တာ ချီ စွန်း ဂျွမ် (Chee Soon Juan) ကတော့ - မစ္စတာ ဂိုချုပ်ထောင်ဟာ အများကြားကောင်းအောင် ဟန်ဆောင်ပန်ဆောင် လျှောက်ပြောနေတာ ဖြစ်တယ်၊ သူကိုယ်တိုင် ဝန်ကြီးချုပ်ဖြစ်စဉ် ကာလတုန်းကတောင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို စင်ကာပူနိုင်ငံမှာ အားပေးခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရကို ဝေဖန်ပြောဆိုတာ၊ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တောင်းဆိုတာတွေက သူတော်ကောင်းယောင်ဆောင်ပြီး လျှောက်ပြောနေတာပါ။ တကယ်တော့ ဂိုချုပ်ထောင် ကိုယ်တိုင်က သူ့နိုင်ငံထဲမှာ ဒီမိုကရေစီစနစ်ကို ဖိနှိပ်နေတဲ့ အစိုးရထဲက သူ တယောက်ပါ။ စင်ကာပူရွေးကောက်ပွဲတွေ ဆိုရင် အတုအယောင်တွေပါ။ သတင်းမီဒီယာတွေ အားလုံးကို အစိုးရက အလုံးစုံ ချုပ်ကိုင်ထားသလို ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးကို ဝန်ကြီးချုပ်ရုံးကပဲ ကိုင်တွယ်တာပါ။ ကိုယ်တိုင်က ဒီမိုကရေစီ နည်းကျမှု မရှိဘဲ မြန်မာနိုင်ငံကိုသွားပြီးတော့ မြန်မာစစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပါလို့ သွားပြောတာက သူတော်ကောင်းယောင်ဆောင်ပြီး လျှောက်ပြောနေတာမဟုတ်ရင် ဘာများဖြစ်ဦးမှာလဲဗျာ။ နောက်တချက်ကြည့်ရင်လည်း စင်ကာပူအစိုးရက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး ရှိနေတဲ့နိုင်ငံတခုပါ။ တကယ်တမ်း မြန်မာစစ်အစိုးရကို ဝေဖန်ရှုတ်ချလိုတာ မှန်ရင်၊ ဒီမိုကရေစီကို အားပေးတာမှန်ရင် မြန်မာစစ်အစိုးရနဲ့ အခုရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ရပ်ပစ်ရမှာပေါ့။ တကယ်တမ်း မြန်မာစစ်အစိုးရကို သက်ဆိုးရှည်နေစေတာက ဒါတွေပဲလေ။”

စင်ကာပူ အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင် ဒေါက်တာ ချီ စွန်း ဂျွမ် ပြောခဲ့တာပါ။

စင်ကာပူနိုင်ငံဟာ ထိုင်း နဲ့ ဗြိတိန်နိုင်ငံတို့ပြီးရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တတိယ အများဆုံးရှိတဲ့ နိုင်ငံ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး နိုင်ငံခြား ကုန်သွယ်မိတ်နိုင်ငံလည်း ဖြစ်ပါတယ်။

မစ္စတာ ဂိုချုပ်ထောင်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စင်ကာပူနိုင်ငံရဲ့ အကျိုးအတွက် ဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို အမှန်တကယ် လိုလားတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ အခုလို သုံးသပ်ပါတယ်။

“ဂိုချုပ်ထောင် အခု သွားတဲ့ခရီးစဉ်က ကျနော် ထင်တာကတော့ အာဆီယံအဖွဲ့ကို ကိုယ်စားပြုပြီး သွားတဲ့သဘောမျိုးလို့ ကျနော် ယူဆ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ အာဆီယံ အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်တဲ့ ဆူရင်း ပစ်ဆူဝမ် က ထိုင်းနိုင်ငံက ဒီမိုကရက် ပါတီ အဖွဲ့ဝင် ဖြစ်နေသလို တဘက်ကလည်း ထိုင်းနိုင်ငံနဲ့ အခု မြန်မာပြည်နဲ့ ကြားထဲမှာ သံတမန်ရေးအရ နည်းနည်းလေး ကတောက်ကဆလေး ဖြစ်နေတာတွေ ရှိတဲ့အခါကျတော့ သူ့ကိုယ်စား စင်ကာပူက ဝါရင့် ဝန်ကြီး အခု ဂိုချုပ်ထောင် သွားတယ်လို့ ကျနော် ယူဆပါတယ်။ ကျနော့်အမြင်ကတော့ စင်ကာပူနိုင်ငံက ပြောရမယ်ဆိုရင် တော်တော်ကို လက်တွေ့ကျကျ သုံးသပ်ပြီးတော့ လုပ်တတ်တဲ့နိုင်ငံမျိုးပါ။ သူ့ အကျိုးစီးပွားအတွက် အရင်ကလည်း မြန်မာပြည်က အစိုးရ အဆက်ဆက်နဲ့ ပေါင်းခဲ့တာရှိသလို တဖက်မှာလည်း သူက ဒီအစိုးရတွေကို စီးပွားရေးတံခါးဖွင့်ဖို့ အပါအဝင် တခြား နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကိစ္စတွေကိုလည်း အကြံပေးခဲ့တာ အကြိမ်ကြိမ် ရှိပါတယ်။ အဲတော့ စင်ကာပူနိုင်ငံက နောက်တခုက သံတမန်ရေးနဲ့ ကမ္ဘာ့အခင်းအကျင်းမှာလည်း အတော့်ကို နှံ့စပ်ကျွမ်းကျင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဆိုတော့ အခု မြန်မာပြည်ကို သွားတဲ့ကိစ္စမှာလည်း ကျနော် ယူဆတာကတော့ တဘက်က အာဆီယံရဲ့ အကျိုးစီးပွား၊ သူတို့ရဲ့ အကျိုးစီးပွား ပါသလို တဘက်ကလည်း ကျနော် ထင်တာကတော့ စေတနာကောင်းနဲ့ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲဖို့အတွက် တိုက်တွန်းတာလို့တော့ ကျနော် ယူဆပါတယ်။”

မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်း ပြောခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG