သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေရထားလမ်း ဖွင့်ပြီးမကြာခင် ပျက်စီး


ဖွင့်လှစ်တာ ၁ နှစ်မပြည့်သေးတဲ့ စစ်တွေမြို့က ရထားလမ်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အစိတ်အပိုင်း တော်တော်များများ ပျက်စီးသွားပါတယ်။ ဒီရထားလမ်း ပျက်သွားတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ မေးမြန်းထားသူကတော့ ဗွီအိုအေ ထိုင်းအခြေစိုက် ကိုကျော်ထင် ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဖွင့်လှစ်ပေးခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ ပထမဆုံး ရထားလမ်းဖြစ်တဲ့ စစ်တွေမြို့က ရထားလမ်းဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းအူကြောင်း နိမ့်ကျသွားပြီး ရထားမသွားနိုင်တော့ဘူးလို့ သိရပါတယ်။ လျော့ကျသွားတဲ့ လမ်းအူကြောင်းကို သဲအိပ်တွေ သိန်းချီပို့နေရတယ်လို့ စစ်တွေမြို့ခံတယောက်က အခုလို ပြောပြပါတယ်။

“မိုးရွာလာတော့ ဖြစ်သလို လုပ်ထားတဲ့ ရထားလမ်းတွေက မြေပြိုကျလို့ အဲဒါကို သဲအိပ်တွေနဲ့ ထိုးနေရတယ်လို့ မြင်တာပဲ။ သဲအိပ်တွေနဲ့ ဖွေးနေတာပဲလို့ ထင်တာပဲ။ သဲအိပ်ကလည်း တော်တော်များများ ဆိုတာ သိန်းချီပြီးတော့ သဲအိပ်တွေ ထိုးနေတာပဲ။ သဲအိပ် ၂ သိန်း ၃ သိန်းလောက် ဖို့ရမယ်ထင်တယ်။ ဒီလောက် သဲအိပ်တွေ ဖို့နေရတော့ သွားလို့ရပါ့မလား အဲဒီရထားလမ်းက။ မိုးကြီးလာတော့ ပျက်စီးတာပေါ့။”

ဒီရထားလမ်းဟာ စစ်တွေမြို့စွန် ပြည်တော်သာ ရပ်ကွက်ကနေ ရေချမ်းပြင် နည်းပညာတက္ကသိုလ် အထိ ၁၂ မိုင်အထိ ရှည်ပြီး စစ်တွေ-မင်းဘူး ရထားလမ်း ဖြစ်တယ်လို့ စစ်အစိုးရက ဆိုပါတယ်။ ရထားလမ်း ပျက်စီးနေပေမယ့် ဒေသခံတွေအဖို့ အခက်အခဲ မရှိဘူးလို့ သူမက အခုလို ဆက်ပြောပါသေးတယ်။

“အဲဒီ ရထားလမ်းကို သိပ် မျှော်လင့်ချက် ကြီးကြီးမားမား နဲ့ စီးမယ့်သူတွေ မရှိပါဘူး။ အဲဒီ ရထားလမ်း ပျက်စီးသွား တော့လည်း လူတွေက ဘာမှမဖြစ်သလိုပါပဲ။ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ရထား ဆိုတာကို ရခိုင်ကလူတွေက မမြင်ဖူးတော့ ရထားလမ်းဖွင့်တယ် ဆိုတော့ အသံကြားတာနဲ့ စီးဖူးတယ်ရှိအောင် သွားစီးတဲ့ပုံစံမျိုးပဲ။ ဒါပေမယ့် လမ်းခရီးအတွက် အဆင်ပြေတယ်ဘာတယ် ဆိုတာတော့ မကြားမိဘူး။”

အခြား စစ်တွေမြို့ခံတယောက်ကလည်း ရထားလမ်းပြိုကျတာကို အခုလို ရှင်းပြပါတယ်။

“လုပ်တော့ လုပ်နေတာပဲဗျ။ လုပ်တော့လုပ်နေတယ် ဆိုတာက ဒီလိုလေ။ အမြန်ပြီးအောင်လို့လေ မြေတွေကဖို့ထားတော့ ရခိုင်က မိုးများတယ် မဟုတ်လား။ ပြိုတယ်လို့ ကြားတယ်။”

ရထားလမ်း ပြင်ဆင်တာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် မီးရထား ဌာနကို မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားမယ့်သူ မရှိပါဘူး။ ၁၉၈၈ ခုနှစ် အာဏာသိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်း တနိုင်ငံလုံးမှာ ရထားလမ်းမိုင် ၁,၃၀၀ နီးပါးကို တိုးချဲ့ ဖောက်လုပ်နိုင်ခဲ့ပြီလို့လည်း သိရပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေး လမ်းမကြီးတွေ ဖောက်လုပ်ဖို့ သဘောတူညီချက်မှာ ရထားလမ်းနဲ့ ကားလမ်း ဆက်သွယ် ဖောက်လုပ်မှုတွေလည်း ပါဝင်ပါတယ်။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ် ဘက်က ကားလမ်း၊ ရထားလမ်း စီမံကိန်းတွေကို အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။ အခု ပျက်စီးနေတဲ့ ပြည်တော်သာ ရေချမ်းငြိမ် ရထားလမ်းဟာ နှစ်နိုင်ငံ ရထားလမ်းကွန်ယက် နဲ့လည်း ဆက်စပ်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က ဒေသခံတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG