သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုတွေဖြစ်


အီရန်နိုင်ငံမှာ လက်ရှိ သမ္မတ မာမွတ် အမာဒီနီဂျက် မဲအပြတ်အသတ်နဲ့ အနိုင်ရကြောင်း အရာရှိတွေ ကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ တီဟီရန်မြို့တော် လမ်းတွေပေါ်မှာ လမ်းလျှောက် ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား စနေနေ့က တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မစ္စတာ အမာဒီနီဂျက် ရဲ့ ထိပ်ဆုံးက ပြိုင်ဘက် ပြုပြင်ပြောင်းလဲရေး ဝါဒီ မစ္စတာ ဟိုဆေး မူဆာဗီ ကို ထောက်ခံသူတွေက တီဟီရန် မြို့အနှံ့မှာ ကား တာယာ တွေကို မီးရှို့၊ ခဲတွေကို ပစ်ပေါက်ကြနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသား တွေရဲ့ အဓိကရုဏ်း ပြီးရင်တော့ အဆိုးရွားဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီရွေးကောက်ပွဲဟာ မတရားသဖြင့် လုယူခံလိုက်ရတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြပြီးတော့ အာဏာရှင် ကျဆုံးပါစေ ဆိုတဲ့ ကြွေးကြော်သံ တွေကိုလည်း ဟစ်အော်နေကြပြီး မစ္စတာ မိုဆာဗီ သူတို့ပေးထားတဲ့ မဲတွေကို ပြန်ယူပေးပါလို့ တိုက်တွန်းနေကြပါတယ်။

ရဲတွေ ဘက်ကလည်း မျက်ရေယိုဗုံးတွေနဲ့ ပစ်၊ နံပါတ်တုတ်တွေနဲ့ ရိုက်ပြီးတော့ လက်တုံ့ပြန်ပါတယ်။ ဆန္ဒပြတဲ့လူအုပ်ကို လူစုခွဲဖို့ အဓိကရုဏ်း ထိန်း ရဲတွေကလည်း လူအုပ်ထဲကို မော်တော်ဆိုင်ကယ်တွေ နဲ့ မောင်းဝင်ကြပါတယ်။ မစ္စတာ အမာ ဒီနီဂျက် က မဲ ၆၂.၆ % ရရှိပြီးတော့ မစ္စတာ မူဆာဗီ က မဲ ၃၃.၇၅ % ရရှိတယ်လို့ အီရန်ပြည်ထဲရေး ဝန်ကြီးက ကြေညာ ပြီးတဲ့နောက်မှာ ဆူပူမှုတွေက စနေနေ့မှာ စတင်ဖြစ်ပွားတာ ဖြစ်ပါတယ်။

ဒီလို မဲအသာရမှုက အောင်မြင်မှုကြီး တရပ်ပါလို့ မစ္စတာ အမာဒီနီဂျက် က မိန့်ခွန်းပြောကြားသွားပြီးတော့ ဒီ ရွေးကောက် ပွဲဟာ အပြည့်အ၀ လွတ်လပ်မှုရှိတဲ့ ရွေးကောက်ပွဲပါလို့ လည်း ပြောပါတယ်။ မြို့တော်မှာတော့ လက်ကိုင်ဖုန်း အဆက် အသွယ်တွေကိုလည်း ဖြတ်တောက်ခံရပါတယ်။ Facebook လိုမျိုး မိတ်ဆွေဖွဲ့ အင်တာနက် ကွန်ယက်တွေကိုလည်း ဝင် ရောက်တဲ့အခါမှာ ဆက်သွယ်မှု အခက်အခဲနဲ့ ကြုံရတယ်လို့ ကြားပါတယ်။

အီရန်နိုင်ငံမှာ မဲဆွယ်တော့ မစ္စတာ အမာဒင်နီဂျက် ရဲ့ ပြိုင်ဘက် မစ္စတာ မူဆာဗီ ကို ထောက်ခံတဲ့ ငယ်ရွယ်တဲ့ မဲပေးသူ တွေက လူစုစည်းဝေးပွဲတွေကို ပြုလုပ်ဖို့ လက်ကိုင်ဖုန်းတွေ အင်တာနက်တွေကို အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

အီရန်သမ္မတ မာမွတ် အမာဒီနီဂျက် သမ္မတ အဖြစ်နဲ့ ပြန်လည် ရွေးကောက်ခံရတာနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်မှု တွေ ကတော့ အမျိုးမျိုး ဖြစ်နေပါတယ်။ အီရန်နိုင်ငံရဲ့ အငြင်းပွားစရာ ဖြစ်နေတဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး မဲလိမ်တာ၊ မဲခိုးတာ အပါအဝင် တခြား မူ မမှန်တဲ့ ရွေးကောက်ပွဲ အခြေအနေတွေကို အမေရိကန်နိုင်ငံ ကလည်း အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံက ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေဟာ အီရန်ပြည်သူတွေရဲ့ ဆန္ဒနဲ့ သဘောထား အမှန်ကို ဖော်ပြတဲ့ ရလဒ်တွေဖြစ်ဖို့ကိုပဲ အမေရိကန်ပြည်ထောင်စုက မျှော်လင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ကနေဒါနိုင်ငံမှာ ရောက်ရှိနေစဉ် ပြောကြားသွားပါတယ်။ အီရန်ပြည်သူတွေ ဘယ်လို ဆုံးဖြတ်တယ် ဆိုတာကို တခြား ကမ္ဘာ့နိုင်ငံ တွေလိုပဲ အမေရိကန်ပြည်ထောင်စု ကလည်း စောင့်ကြည့်နေတယ်လို့ သူမက ပြောပါတယ်။

မစ္စတာ အမာဒီနီဂျက် ရဲ့ ခြိမ်းခြောက်တာ ပစ်မှတ်ထားတာကို မကြာခဏဆိုသလို ခံရတဲ့ အစ္စရေး နိုင်ငံကလည်း အီရန် ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်ပြီး အလွန်ပဲ စိုးရိမ်မိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အာရပ် အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှုးချုပ် အာမာမူဆာကာ က မစ္စတာ အမာဒီနီဂျက် ကို ဂုဏ်ပြုပြောကြားခဲ့ပြီး၊ အီရန်နိုင်ငံနဲ့ အာရပ်ကမ္ဘာ ဆက်ဆံရေး ပိုကောင်းလာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဆီရီးယားသမ္မတ ဘာရှာအလ်အာဆက်၊ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ဟားမတ်စ်နဲ့၊ အစ္စလာမ် ဂျီဟတ် အဖွဲ့တွေကလည်း မစ္စတာအမာဒီနီဂျက် ကို ဂုဏ်ပြုခဲ့ကြပါတယ်။ အီရန်ုဟာ ဟားမတ်စ် အဖွဲ့ကို ထောက်ခံတဲ့နိုင်ငံ ဖြစ်ပါ တယ်။ အီရန်နိုင်ငံမှာ ရှိတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကတော့ ရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ မစ္စတာ အမာ ဒီနီဂျက် ကို အသာရအောင် လိမ်ညာ ဖန်တီးထားတာ ဖြစ်တယ်လို့ ပြောပြီးတော့ ရွေးကောက်ပွဲအသစ် လုပ်ဖို့ကို အကြံ ပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG