သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဒုက္ခသည်အရေး ဥရောပသမဂ္ဂ စိုးရိမ်မှုကို စစ်အစိုးရ ပယ်ချ


အခု ရက်ပိုင်းအတွင်း ထိုင်းမြန်မာ နယ်စပ်မှာ မြန်မာစစ်အစိုးရတပ်နဲ့ သူ့ရဲ့ မဟာမိတ် တပ်တွေက ကရင် တိုင်းရင်းသား တွေ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေနဲ့ ပတ်သက်ပြီး ဥရောပ သမဂ္ဂရဲ့ စိတ်ပူ စိုးရိမ်အကြောင်း ဇွန်လ ၁၁ရက်နေ့က ပြောဆိုလိုက်တဲ့အပေါ် မြန်မာ စစ်အစိုးရက လက်မခံ ပယ်ချလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကရင် ဒုက္ခသည် ၃၀၀၀ ထက် မနည်း အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံစေတာနဲ့ ပတ်သက်ပြီး ဥရောပ သမဂ္ဂ က စိတ်ပူ ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အီးယူရဲ့ စိတ်ပူမှုတွေဟာ အကြောင်းမဲ့ သက်သက်သာ ဖြစ်ပြီး၊ တိကျ ခိုင်လှုံမှု မရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး နိုင်ငံရေးအရ ထိုးနှက်ရာ ဦးတည်ချက်နဲ့ အီးယူ ဘက်က ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး ဒီနေ့ထုတ် စစ်အစိုးရ သတင်းစာမှာ ဖော်ပြထားပါတယ်။

ထောင်နဲ့ချီတဲ့ ကရင် ဒုက္ခသည်တွေဟာ ထိုင်းမြန်မာ နယ်စပ်ကို ခိုလှုံရောက်ရှိနေတယ်လို့ ထိုင်းအစိုးရက အတည်ပြုပါ တယ်။ မြန်မာစစ်အစိုးရရဲ့ ကြေညာချက်ထဲမှာတော့ ထိုင်းမြန်မာနယ်စပ်မှာ နေထိုင်သူတွေဟာ အရပ်သား ပြည်သူတွေ မဟုတ်ကြကြောင်းနဲ့ တိုက်ပွဲတွေဟာလည်း ကရင်လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းရဲ့ တိုက်ပွဲတွေသာဖြစ်ကြောင်း ဖြေရှင်း ထားပါတယ်။ ကေအင်ယူ ပြောခွင့်ရ စော ဒေးဗစ်တာကပေါ ကတော့ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ နေထိုင်သူ တွေဟာ သမရိုးကျ လုပ်ကိုင် စားသောက်နေတဲ့ ရွာသားတွေ ဖြစ်ပြီး၊ အခု စစ်ရေးအရ ထိုးနှက်နေတဲ့ တိုက်ပွဲတွေမှာ ဒီကေဘီအေ တပ်တွေကို မြန်မာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပံ့ပိုး ပစ်ခတ် ပေးနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ရွေးကောက်ပွဲကို ထောက်ခံဖို့နဲ့ တိုင်းရင်းသားတွေ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဆက်ပြီး မလုပ်ဖို့ မြန်မာ စစ်အစိုးရဘက်က တိုးမြှင့်ပြီး ဖိအားတွေ ပေးနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG