သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ရွေးကောက်ပွဲ ရလဒ် ကန့်ကွက်ဆန္ဒပြသူ တရာကျော်ကို  ဖမ်းဆီး


အီရန်နိုင်ငံက သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ အမာဒီနီဂျက် ပြန်ပြီး အနိုင်ရတဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြသူ ၁၀၀ ကျော်ကို အီရန် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး၊ ဆက် ဆန္ဒပြနေသူကိုလည်း အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက ထိန်းသိမ်းဖို့ ကြိုးစား နေပါတယ်။ ပြုပြင်ပြောင်းလဲရေးသမား သမ္မတလောင်း အဖြစ် ဝင်အရွေးခံသူ မိုဟာမက် မူဆာဘီကလည်း ရွေးကောက်ပွဲ ရလဒ်တွေကို ဖျက်သိမ်းပေးပါလို့ အီရန်မှာ သြဇာညောင်းတဲ့ ဥသျှောင်အဖွဲ့က အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေကို ပန်ကြားခဲ့ပါတယ်။ အစိုးရကို ထောက်ခံသူတွေက မဲလိမ်ကြတဲ့အတွက် သူ ရွေးကောက်ပွဲမှာ ရှုံးခဲ့ရတာဖြစ်တယ်လို့ မစ္စတာ မူဆာဘီ က အပြစ်တင်ပါတယ်။

အီရန် ဆန္ဒပြသူတွေကို အစိုးရရဲ့ နှိမ်နင်းမှုတွေအပေါ် ဥရောပ သမဂ္ဂက စိုးရိမ်ကြောင်း ပြောပါတယ်။ အခုလို အီရန် သမ္မတ ပြန်လည်း ရွေးကောက်ခံရတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှုကို အာဏာပိုင်တွေက သတင်း အမှောင်ချဖို့ ကြိုးစားခဲ့တယ်လို့ နိုင်ငံခြား သတင်းဌာန အတော်များများက ဝေဖန်ပါတယ်။ ဖာဆီ ဘာသာနဲ့ ထုတ်ပြန်တဲ့ ဂြိုလ်တု ရုပ်သံလှိုင်းတွေကို အီရန်က ကြားဖြတ် ဖျက်ခဲ့တယ်လို့ ဘီဘီစီက ပြောပါတယ်။ ဂျာမနီက သတင်းဌာန တခုကလည်း သူတို့ရဲ့ သတင်းထောက်တွေ သတင်းလိုက်တဲ့နေရာမှာ တားဆီးခံရမှုတွေ ရှိတယ်လို့ ပြောပါတယ်။ တခါ အာရဗီ ဘာသာနဲ့ ထုတ်ပြန်တဲ့ ဒုဘိုင်း အခြေစိုက် အယ် အာရေဘီရာ သတင်းဌာနကလည်း တဟီရန် မြို့တော် မှာရှိတဲ့ သူတို့ ဌာနခွဲ ရုံးခန်းကို လည်း ပိတ်ထားဖို့ အမိန့်ပေးခံရတယ်လို့ ပြောပါတယ်။

XS
SM
MD
LG