သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်နိုင်ငံ ၆ ရက်ကြာခရီး စတင်


မြန်မာစစ်အစိုးရရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ ၆ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်ကို ဒီကနေ့ပဲ စတင်လိုက်ပါပြီ။ အခုခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုအတွက်လို့ တရားဝင် ပြောဆိုထားပေမဲ့ မြန်မာ နိုင်ငံက လက်ရှိနိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ အားပေးထောက်ခံမှု ရအောင် ကြိုးစားမှု တခု အဖြစ် အကဲခတ်တွေကတော့ တွက်ဆကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

တရုတ်နိုင်ငံ ဒုတိယသမ္မတ ရှီ ကျင်ပင်း (Xi Jiping) ရဲ့ ဖိတ်ကြားချက်အရ မြန်မာစစ်အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင် တဦး ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ၆ ရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ပဲ စတင်လိုက်တာပါ။ အခုခရီးစဉ်ဟာ အိမ်နီးချင်း မိတ်ဆွေ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့ တရားဝင် ဆိုထားပေမဲ့ ဒီရက်ပိုင်းတွေအတွင်း မြန်မာစစ်ခေါင်းဆောင်တွေ တရုတ်နိုင်ငံကို သွားသွားလာလာ လုပ်နေတာဟာ လက်ရှိ နိုင်ငံရေး ပြဿနာတွေနဲ့ ဆက်စပ်လိမ့်မယ်လို့ အကဲခတ်တွေက ယူဆနေကြတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆို အရေးယူဖို့လုပ်နေတာ၊ တရုတ်နိုင်ငံနဲ့ နယ်နမိတ် ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံထဲက တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ မပြေလည်နိုင်သေးဘဲ ဖြစ်နေတဲ့ ပြဿနာတွေ ပါဝင်လိမ့်မယ်လို့ တွက်ဆနေကြတာပါ။ တရုတ်-မြန်မာနယ်စပ်က အကဲခတ်တဦးဖြစ်တဲ့ ဦးအောင်ကျော်ဇော ရဲ့ အမြင်ကတော့ -

“လုပ်မယ့် issue တွေက သိသာတာပဲလေ။ အဓိက ကတော့ Road map မှာ အဓိက ကျတဲ့ နှစ်ခုပေါ့ဗျာ။ အတိုက်အခံတွေ မပါနိုင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းချုပ်ထားရင် အတိုက်အခံတွေ ပါနိုင်ဖို့ မဖြစ်တော့ဘူး။ အဲဒါက တခု။ နောက် တခုက အဲဒီဟာနဲ့ပတ်သက်လို့ ဖြစ်နေတဲ့ ကိစ္စပေါ့နော်။”

မကြာသေးခင်ကလည်း မြန်မာစစ်တပ်က တတိယ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း သွားရောက်ခဲ့တာ၊ မရှေးမနှောင်းဆိုသလို အခုနောက်ထပ် ထိပ်တန်းအရာရှိတဦး သွားရောက်ခဲ့တာဟာ နိုင်ငံရေးအရ တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံ ရဖို့ကြိုးပမ်းမှုလို့ တွက်ဆသူ နောက်တဦးကတော့ ထိုင်း-မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးဌေးအောင် ပါ။

“ကျနော် မြင်တာကတော့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကိစ္စတွေနဲ့တော့ ဆက်စပ်မယ်လို့ ထင်တာပေါ့နော်။ နိုင်ငံရေးကိစ္စ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူဖို့ကိစ္စနဲ့လည်း သက်ဆိုင်နိုင်တယ်။ နောက်တခုက အခု တရုတ်နယ်စပ်မှာရှိတဲ့ အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေ၊ နယ်ခြားစောင့်တပ်အဖြစ်နဲ့ ပြောင်းလဲဖို့ ကိစ္စတွေမှာ လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့ကိစ္စတွေ၊ ဒါတွေနဲ့လည်း သက်ဆိုင်နိုင်တယ်။ နောက်တခုကလည်း နအဖ စစ်အစိုးရကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးယူဖို့ ပေါ်ပေါက်နေတဲ့ကိစ္စတွေ နဲ့လည်း ပတ်သက်နိုင်တယ်လို့ ထင်တယ်။ ဗိုလ်ချုပ် ရွှေမန်း က ဗိုလ်ချုပ်မှူးကြီး မောင်အေး မသွားခင် တပတ်လောက် အလိုမှာ ကြိုတင်ပြီးတော့ သွားခဲ့တယ်။ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး မောင်အေး က ခရီးထွက်မယ် ဆိုပြီးတော့ တရားဝင် ကြေညာတာတွေ ဖြစ်လာတယ် ဆိုတော့ ဗိုလ်ချုပ် ရွှေမန်း သွားခဲ့ တုန်းက တချို့ မပြေလည်တဲ့ကိစ္စတွေ ပေါ့လေ။ ဗိုလ်ချုပ် ရွှေမန်း နဲ့တင် ဆုံးဖြတ်ပေးလို့ မရနိုင်တဲ့ကိစ္စတွေ ကျန်ခဲ့လို့ပေါ့ အခု ဗိုလ်ချုပ်မှူးကြီး မောင်အေး က သွားရောက်ရတယ်လို့ပဲ ကျနော်တော့ ယူဆတယ်။”

ဒီလို တရုတ်အစိုးရရဲ့ နိုင်ငံရေးထောက်ခံမှုတွေရဖို့ မြန်မာစစ်အစိုးရဖက်က ကြိုးပမ်းနေတယ်ဆိုပေမဲ့လည်း တရုတ် အစိုးရဆီက သိပ်များများစားစား မျှော်လင့်စရာ မရှိဘူးလို့လည်း အကဲခတ်တွေက ယူဆနေကြတာပါ။ မကြာသေးခင် အချိန်တွေကစလို့ တရုတ်အစိုးရ အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လက်မခံနိုင်စရာတွေ ကလည်း ရှိနေတာမို့လို့ ဦးအောင်ကျော်ဇော က ဆိုပါတယ်။

“အဓိက ပြဿနာ ကတော့ သူက တရုတ်ပြည်ကတော့ အခုဟာက ဟိုတုန်းကလိုတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ သိတာ ကတော့။ နည်းနည်း နိုင်ငံတကာမှာလည်း သူက ထဲထဲဝင်ဝင်ဖြစ်လာတဲ့ အခါကျတော့ သူ လက်လွတ်စပယ် လုပ်လို့မရဘူး တချို့ကိစ္စတွေက။ တစ် အချက်က မြန်မာအစိုးရကိုယ်တိုင်က မရိုးသားမှုတွေ ကစားတာတွေ သူတို့ကို ထားပြီးတော့ တခါတလေကျရင်၊ ဟိုတုန်းက လွန်ခဲ့တဲ့ လေး-ငါးနှစ်က ဆိုရင်တော့ တရုတ်မှတရုတ်ပဲလေ။ အခုဟာက ကိုရီးယားနဲ့ လည်း ကစားတယ်။ ရုရှားနဲ့လည်း ကစားတယ်။ အဲဒီကြားထဲမှာ ကိုရီးယား နဲ့ ရုရှားတို့နဲ့ ဆက်သွယ်မှုက သိပ်ပြီးတော့ နက်ရှိုင်းတယ်။ ဘေးကနေ မသိတာတွေ အများကြီး ရှိတယ်။ အဲဒီလို အခြေအနေမှာ ၃ လပိုင်းမှာ လီချန်ထွန်း ဆိုတာ သူတို့ရဲ့ နံပါတ် (၅) အဆင့်ရှိတဲ့ ခေါင်းဆောင် လာတဲ့အချိန်မှာ တွေ့တဲ့အခါတိုင်းမှာ နိုင်ငံရေးအရ နှစ်ဖက် အပြန်အလှန် ယုံကြည်မှု ဆိုတဲ့ စကားလုံး ပါလာတယ်။ ကျနော်တို့ မှတ်မိတယ်။ ၁၉၈၉ ခုနှစ်ကတည်းက ဒီကြားထဲအတွင်းမှာ သူတို့ အပြန်အလှန် ပေးတဲ့စာရွက်တွေ ကျနော်တို့ အကုန် ပြန်လှန်တဲ့အခါမှာ တွေ့ရတယ်။ အဲဒီတော့ ဟိုတုန်းက မသုံးတဲ့ စကားလုံး ပါတယ်။ ဒီစကားလုံး သုံးတယ် ဆိုတာ အပြန်အလှန် ယုံကြည်မှု နည်းလာလို့ ဒီစကားကို ပြောတာပေါ့ဗျာ။”

ထိုင်း-မြန်မာနယ်စပ်က စစ်ရေး၊ နိုင်ငံရေး အကဲခတ်တဦးဖြစ်တဲ့ ဦးဌေးအောင် ကတော့ တရုတ်အစိုးရရဲ့ နိုင်ငံတကာ အတိုင်းအတာမှာ ပါဝင်ပတ်သက်မှုတွေ အရ အရင်လို မြန်မာစစ်အစိုးရအပေါ် အပြည့်အဝထောက်ခံသွားဖို့ မမျှော်လင့် နိုင်ကြောင်း ပြောပါတယ်။

“မြန်မာစစ်အစိုးရနဲ့ မြန်မာပြည်အပေါ်မှာ တရုတ်အစိုးရရဲ့ အကျိုးစီးပွားတွေကတော့ အများကြီး ရှိတာပဲလေ။ ဒါပေမဲ့ လည်းပဲ တပိုင်းကပြန်ကြည့်ရင်လည်းပဲ စစ်အစိုး အနေနဲ့ ကိုင်တွယ်တာတွေမှာ နိုင်ငံတကာရဲ့ လက်ခံနိုင်မှု ဖြစ်အောင် လည်းပဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ တရုတ်က အကြိမ်ကြိမ် တိုးတိုးတိတ်တိတ် ပေါ့လေ။ အကြံပေး တိုက်တွန်းတာတွေ ရှိခဲ့တယ်လို့ ကျနော်တို့ သိရတာတွေ ရှိတယ်။ ဒါပေမယ့် စစ်အစိုးရက ဒါတွေကို တခါမှ ဂရုစိုက်ပြီးတော့ လိုက်နာတာမျိုး မရှိခဲ့ဘူးလေ။ အဲဒီအခါကျတော့ အခုဆိုလို့ရှိရင် တရုတ်အစိုးရမှာ နအဖ စစ်ခေါင်းဆောင်တွေကို အကာအကွယ် ပေးတဲ့ အတွက် နိုင်ငံတကာမှာလည်း မျက်နှာပျက်ရတာတွေ ရှိတယ်။ အထူးသဖြင့်တော့ မြန်မာပြည်သူတွေရဲ့ ရွံရှာမုန်းတီးမှုကို ပိုခံရတာပေါ့ဗျာ။ နိုင်ငံတကာမှာရှိတဲ့ တရုတ်သံရုံးတွေရှေ့မှာ မြန်မာအတိုက်အခံတွေ အားလုံးက သွားပြီး ဆန္ဒပြနေတာ က ဒါကို ဖော်ပြနေတာပဲလေ။ အဲဒီအခါကျတော့ စစ်အစိုးရကနေ တရုတ်နိုင်ငံ အနေနဲ့ပေါ့ ရေရှည်မှာ စစ်အစိုးရကို ဆက် ပြီးတော့ အကာအကွယ်ပေးဖို့ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာ သူတို့လည်း စဉ်းစားလာရတာပေါ့။ တပိုင်းကတော့ ပစ်ရမှာလည်း အဆီနဲ့ ဝင်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ် ပုံစံမျိုး ဖြစ်နေတာပေါ့။”

မြန်မာစစ်အစိုးရရဲ့ ဒုတိယအဆင့်အမြင့်ဆုံးပုဂ္ဂိုလ် တဦးလည်းဖြစ် ကြည်းတပ် ဦးစီးချုပ်လည်း ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူး ကြီး မောင်အေး ဟာ တရုတ်နိုင်ငံကို ၂၀၀၃ ခုနှစ်တုန်းကတကြိမ်၊ ၂၀၀၆ ခုနှစ်တုန်းကတကြိမ် သွားရောက် ခဲ့ဘူးပါတယ်။ ဒီလိုပဲ လွန်ခဲ့တဲ့နှစ်တွေအတွင်း တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေ အပြန်အလှန် သွားရောက် လည်ပတ်မှုတွေလည်း ရှိခဲ့တာပါ။ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း တို့ ပြီးခဲ့တဲ့နှစ်ထဲ တုန်းက တရုတ်ပြည်ကို သွားရောက်ခဲ့ဖူးပါတယ်။

မြန်မာစစ်အစိုးရရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်နိုင်ငံကို ၆ ရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ပဲ စတင်လိုက်ပါပြီ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG