သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု ဥပဒေရပိုင်ခွင့်များ ဆုံးရှုံးနေ လူ့အခွင့်အရေး ကိုယ်စားလှယ်များ ဝေဖန်


ဒေါ်အောင်ဆန်းစုကြည်ကို အခုလက်ရှိ တရားကြားနာစစ်ဆေးမှုမှာ တရားရေး ရပိုင်ခွင့်တွေ ချိုးဖောက်ခံနေရတယ် ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အထူး ကိုယ်စားလှယ်တွေက မြန်မာစစ်အစိုးရကို ဝေဖန်သွားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ချပြီး အများနဲ့မတွေ့နိုင်အောင် ကန့်သတ်ထားတာ စစ်အစိုးရကိုယ်တိုင် ဖြစ်တဲ့အတွက်လည်း - အခု ဒီနေအိမ်ကို ကျူးကျော်ဝင်ရောက် ခံရတဲ့ကိစ္စမှာ စစ်အစိုးရ ကိုယ်တိုင် တာဝန်ရှိတယ်လို့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်တွေက ထောက်ပြပါတယ်။ အဲဒီထဲက လူ့အခွင့်အရေး ကိုယ်စားလှယ်တဦး ဖြစ်တဲ့ သောမတ်စ်အိုဟေး ကင်တာနား နဲ့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း ထားပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် အမှုကို ကြားနားစစ်ဆေးနေစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က အခြေခံ ဥပဒေကြောင်း ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ် ဆိုပြီး လူ့အခွင့်အရေး ကိုယ်စားလှယ် ၅ ဦးက ထောက်ပြသွားတာပါ။ မြန်မာနိုင်ငံရဲ့ တရား စီရင်ရေးပိုင် အားနည်းချက်တွေကို အရင်ကတည်းကတော့ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေက ထောက်ပြဖူးပါတယ်။ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနား ကတော့ မြန်မာစစ်အစိုးရကို သူတို့အနေနဲ့ အချက်နှစ်ချက် တောင်းဆိုတယ်လို့ ပြောပါတယ်။

"ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ က ကျနော်နဲ့ အခြား လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် ၅ ဦးဟာ မြန်မာအစိုးရကို အခြေခံအားဖြင့် အချက် ၂ ချက် တောင်းဆိုပါတယ်။ ပထမ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် တရားခွင် စစ်ဆေးမှုကို တရားရေး လွတ်လပ်မျှတမှု အာမခံချက် ပေးဖို့ပါ။ ဥပဒေစိုးမိုးတဲ့ နိုင်ငံတိုင်းမှာ တရားခုံရုံးက ပွင့်ပွင့်လင်းလင်းနဲ့ အများပြည်သူကြားနားခွင် ရဖို့ မဖြစ်မနေ အရေးကြီးပါတယ်။ ဒုတိယအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုကို ပြန်ရုတ်ပေးဖို့ပါ။ ဒီစွဲချက်ဟာ တကယ့်ကို အခြေအမြစ် ခိုင်မာမှု မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရဲ့ နေအိမ် အကျယ်ချုပ်အောက်မှာ နေခဲ့ရတာပါ။ ဒါကြောင့် သူမကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ စစ်အစိုးရမှာပဲ တာဝန်ရှိပါတယ်။"

မြန်မာနိုင်ငံ ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား နဲ့အတူ ဥပဒေမဲ့ဖမ်းဆီး ထိန်းသိမ်းမှုဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့ ဥက္ကဌ Ms. Manuela Carmena Castrilo တရားသူကြီးနဲ့ ရှေ့နေ တရားရေး လွတ်လပ်မှု ဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Leandro Despouy လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Margaret Sekaggya လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ပိုင်ခွင့် ဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Frank La Rue တို့ကနေ မြန်မာစစ်အစိုးရကို ဒီတောင်းဆိုချက်တွေ လက်မှတ်ရေးထိုး တောင်းခဲ့တာပါ။ တကယ်တော့ အခုဖြစ်နေတဲ့ အမှု ကိုယ်တိုင်ဟာ အခြေအမြစ် ခိုင်ခိုင်မာမာ မရှိဘဲ နိုင်ငံရေး ပယောဂ ပါနေတယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေက ယူဆထားပါတယ်။

"တကယ်တော့ ဒီစွဲချက်ကြီး က အခြေအမြစ် မရှိပါဘူး။ အခု အမေရိကန် လူမျိုးတဦး သူ့အိမ်ကို ကျူးကျော်ဝင်ရောက် လာတယ် ဆိုတဲ့ စွဲချက်ဖြစ်နေတဲ့ အချိန်မှာ - တကယ်တော့ သူမအပေါ် နေအိမ်အကျယ်ချုပ် သက်တမ်း ကုန်ဆုံးတာမို့ လွတ်မြောက်နေရမယ့် အချိန်ပါ။ ကျနော် ပြောခဲ့သလိုပါပဲ.. တကယ်တော့ အစိုးရရဲ့ ဖမ်းဆီးခံရသူနဲ့ ပတ်သက်တဲ့ ကိစ္စ အ၀၀ဟာ အစိုးရအပေါ်မှာပဲ တည်ပါတယ်.. အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် အခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတယ်ဆိုတာ မှားယွင်းတဲ့အချက်ပါ။"

ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အခု ဒေါ်အောင်ဆန်းစုကြည်အမှု အသွားအလာ အခြေအနေကို အနီးကပ် စောင့်ကြည့်ပြီး ဖိအားပေးနေဖို့ လိုမယ်လို့လည်း မစ္စတာ ကင်တားနားက တိုက်တွန်းပါတယ်။

"နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဒီတရားခွင် ရလဒ်တွေ အခြေအနေ တွေကို အနီးကပ် စောင့်ကြည့်နေဖို့ လိုပါတယ်။ စစ်အစိုးရအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ လေးစားလိုက်နာ လာစေ ရေး တိုက်တွန်းဖို့ လိုပါတယ်။ ရှေ့ဆက် ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ဖို့ လိုပါတယ်။"

မစ္စတာကင်တာနားအနေနဲ့တော့ အခုလာမယ့် ဇူလှိုင်လထဲ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ တောင်းဆိုထားပေမဲ့ စစ် အစိုးရဘက်က သူ့ကို ဘာမှ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်အမှုကိစ္စကို အစိုးရသတင်းစာတွေအပြင် နိုင်ငံတွင်းပုဂလိက သတင်းဂျာနယ်အချို့မှာလည်း ဖော်ပြခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ အစိုးရဖော်ပြတဲ့သတင်းတွေအပေါ်မှာပဲ အခြေခံရေးထားတာတွေ့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုကိုတော့ အခု ကြားနာစစ်ဆေးမှုကို ဇွန် ၂၆ရက်နေ့မှာ ထပ်မံကြားနာဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG