သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ မြန်မာအပါအဝင် လူကုန်ကူးမှု အခြေအနေ ဆိုးဝါးနေဆဲ


အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနရဲ့ ၂၀၀၉ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာ နိုင်ငံဟာ Tier 3 လို့ခေါ်တဲ့ အဆင့် ၃ မှာ ဆက်ပြီး သတ်မှတ်ခံရပြီး မလေးရှားနိုင်ငံကတော့ အဆင့် ၂ ကနေ အဆင့် ၃ ကို လျှော့ချခံလိုက်ရပါတယ်။ မလေးရှားနိုင်ငံ အခုလို အဆင့်ကျသွားတာဟာ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ၊ အလုပ်သမား တွေကို လူကုန်ကူးတာတွေ ပပျောက်သွားအောင် ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တာကြောင့် တစိတ်တပိုင်း ပါပါ တယ်။ ဒီအခြေအနေတွေကို စုစည်းပြီး ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံဟာ အဆင့် ၃ မှာ ဒီနှစ်ဆိုရင် ကိုးနှစ်မြောက် ဆက်တိုက် သတ်မှတ်ခံရတာပါ။ လူကုန်ကူးတာကို တားဆီးတာ၊ ကျူးလွန်သူတွေကို အပြစ်ပေးတာနဲ့ မဖြစ်အောင် အကာအကွယ်ပေးတာတွေမှာ တိုးတက်မှုတွေရှိခဲ့ပေမဲ့ ထိထိ ရောက်ရောက် လုပ်ဆောင်မှု အားနည်းနေသေးတဲ့အတွက် အဆင့် ၃ မှာ ပဲ ဆက်ပြီး သတ်မှတ်ထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ရုံးရဲ့ ညွှန်ကြားရေးမှူး Luis De Baca က ပြောပါတယ်။

“ကျွန်တော်တို့ တွေ့ရတဲ့ အခြေအနေတွေထဲမှာ ထည့်စဉ်းစားတာတခုကတော့ အပြစ်ပေး အရေးယူတယ်ဆိုတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ပါ။ အပြစ်ပေး အရေးယူခံရသူတွေဟာ တယောက်ယောက်ကို ကျေးကျွန်သဖွယ် ထိန်းသိမ်း ထားသူတွေလား၊ ဒါမှ မဟုတ် လူကုန်ကူးသူတွေလား ဆိုတာ မရှင်းပါဘူး။ သူတို့ ပြောတဲ့ ဖြစ်ရပ်အများစုမှာ ပြည်ပထွက်တဲ့ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးခံရသူတွေအဖြစ် ပြောထားတာကလည်း အကြောင်းတခုပါ။ ဆိုတော့ အရေအတွက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ မေးခွန်း ထုတ်စရာတွေဖြစ်နေပါတယ်။”

မြန်မာစစ်အစိုးရက ၂၀၀၅ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကိုတော့ မစ္စတာ De Baca က အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံသားတွေ၊ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေကို လူမှောင်ခို ကူးတဲ့နေရာမှာ အဓိက နိုင်ငံဖြစ်တယ်ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလမှာပဲ ထုတ်ပြန်တဲ့ အမေရိကန် အထက်လွှတ်တော်ရဲ့ အစီရင်ခံစာ တခုမှာ ဖော်ပြခဲ့ပါ တယ်။ လူကုန်ကူးတဲ့ နေရာတွေမှာ မလေးရှား အာဏာပိုင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုပြီး အဲဒီ အစီရင်ခံစာ က ထောက်ပြခဲ့ တာကြောင့် ဒီအချက်သာ မှန်ရင် သူတို့ အရေးယူ လုပ်ဆောင်ပါ့မယ် ဆိုပြီး မလေးရှား အစိုးရဘက်က ပြန်ပြောခဲ့ရပါတယ်။

အခုထုတ်တဲ့ နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ မလေးရှားနိုင်ငံကို အဆင့် ၂ ကနေ အဆင့် ၃ ကို လျှော့ချလိုက်တာဟာ ဧပြီလ က ထုတ်ပြန်ခဲ့တဲ့ အထက်လွှတ်တော် အစီရင်ခံစာရဲ့ ဂယက် အများကြီး ပါမယ်လို့ ယူဆရပါတယ်။ အခု အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို တရားမဝင် နေထိုင်သူတွေအဖြစ် ဖမ်းဆီးပြီး ထိုင်း-မလေးရှား နယ်စပ်ဘက်မှာ လူမှောင်ခိုကူးသူတွေဆီကို လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ ကိုယ်တိုင်က ရောင်းစားတာတွေ ရှိတဲ့အကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေဆီကနေ သိထားရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့်လည်း မလေးရှားနိုင်ငံကို အဆင့်လျှော့ချလိုက်တာဟာ မထူးဆန်းပါဘူးလို့ ဆိုလာသူက မလေးရှားအခြေစိုက် Suaram ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒုက္ခသည်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူး မစ္စ Temme Lee ပါ။

“မလေးရှားကို အဆင့်လျှော့ချလိုက်တဲ့အတွက် ကျမတို့ကတော့ မအံ့သြပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေကို မှောင်ခို ကုန်ကူးတာ တိုက်ဖျက်ဖို့ ဥပဒေပြဌာန်းခဲ့တယ် ဆိုပေမယ့် ဥပဒေကို ထိထိရောက်ရောက် အသုံးမပြုခဲ့ဘူးလေ။ မလေးရှား မှာဖြစ်နေတဲ့ လူကုန်ကူးမှု ပြဿနာကို မဖြေရှင်းနိုင်သေးပါဘူး။ ပိုဆိုးတာက အစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင် ပါဝင် ပတ်သက်နေတာပါ။ အထူးသဖြင့်တော့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ၊ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက် တာပါပဲ။

”မလေးရှား အစိုးရကတော့ လူမှောင်ခိုကူးသူတွေကို ဖမ်းဆီးပြီး အပြစ်ပေး အရေးယူတာတွေ လုပ်တဲ့အကြောင်း ပြောလေ့ ရှိပေမဲ့ ဒီထဲမှာ ပါဝင်ပတ်သက်နေတဲ့ အစိုးရ တာဝန်ရှိသူ တဦးဦးကို အရေးယူတာမျိုး ခုချိန်ထိ မကြားဖူးသေးပါဘူးလို့ မစ္စတမ်မီက ပြောပါတယ်။ ဒါ့ကြောင့်လည်း လူကုန်ကူးတာကတော့ ဆက်ရှိနေတုန်းပါပဲတဲ့။

လူမှောင်ခိုကူးမှု ပပျောက်ရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့ မလေးရှား အာဏာပိုင်တွေ အနေ နဲ့ လုပ်ဆောင်သင့်တာတွေကို မစ္စတမ်မီက အကြံပေးခဲ့ပါတယ်။

“ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ ကိစ္စမှာ သူတို့ကို အာဏာပိုင်တွေက ဖမ်းဆီးတာတွေ ရပ်ပစ်သင့်ပါတယ်။ သူတို့ကို ဖမ်းဆီး ပြီး နယ်စပ်ဒေသတွေဆီ အပို့မခံရဘူးဆိုရင် လူကုန်ကူးတာလည်း ရပ်သွားမှာပါ။ တခြား လူကုန်ကူးတဲ့ပုံစံတွေဖြစ်တဲ့ အလုပ် အကိုင်နဲ့ ပတ်သက်တာတွေ၊ လိင်ပိုင်းဆိုင်ရာ လူကုန်ကူးတာတွေ ရပ်ဆိုင်းဖို့အတွက်ကတော့ အစိုးရအနေနဲ့ အပြင်းအထန် လုပ်ဆောင်ဖို့လိုတာပါပဲ။ ဥပဒေကို ထိထိရောက်ရောက် အသုံးပြုပြီး လုပ်ဆောင်ဖို့လိုပါတယ်။”

မလေးရှားနိုင်ငံ၊ Suaram လူ့အခွင့်အရေးအဖွဲ့က လုပ်ငန်းညှိနှိုင်းရေးမှူး မစ္စ Temme Lee ပါ။အခုချိန်ထိတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာသစ်နဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်ကရော၊ မလေးရှားအစိုးရဘက်ကပါ တုံ့ပြန်ပြောဆိုသံတွေ မကြားရသေးကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG