သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု နောက်ထပ် သက်သေ လက်ခံဖို့ လျှောက်ထားချက် တရားရုံးချုပ် ကြားနာမည်


ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံချေပမယ့် သက်သေတွေ တရားခွင်မှာ ထပ်ပြီးတင်ပြခွင့်ရဖို့ လျှောက်ထားတာကို တရားရုံးချုပ် က ဒီနေ့ပဲ လက်ခံလိုက်တယ်လို့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ သက်သေအဖြစ် တင်သွင်းထားသူ ၄ ဦး အနက် ပယ်ချ ခံထားရတဲ့ ကျန် ၂ ယောက်ကို လက်ခံဖို့ ဥပဒေ အကျိုးဆောင်တွေက အမြင့်ဆုံး တရားရုံးချုပ်ကို ပြင်ဆင်ချက် လျှောက်ထားတာကို လက်ခံလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေ၊ သက်သေတွေကို ဆက်သွယ်မေးမြန်း ထားတဲ့ ကိုအောင်လွင်ဦး က အပြည့်အစုံကို တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်ပြထွက်ဆိုခွင့်ရဖို့အတွက် ရန်ကုန်တိုင်း တရားရုံးအထိ လျှောက်ထားခဲ့ပေမဲ့ ၂ ဦးသာ ခွင့်ပြုထားတာမို့ နောက်ထပ် ကျန်နေသေးတဲ့ သက်သေတွေ ထွက်ဆိုခွင့် ရဖို့ ဥပဒေ အကျိုးဆောင်တွေက အမြင့်ဆုံးဖြစ်တဲ့ တရားရုံးချုပ်အထိ လျှောက်ထားတာကို အခု လက်ခံလိုက်တာပါ။ အစောပိုင်း မြို့နယ်နဲ့ တိုင်းရုံးတွေက သက်သေ ၂ ယောက်ဖြစ်တဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း နဲ့ တောင်ကြီးမြို့က တရားရုံးချုပ် ရှေ့နေ ဒေါ်ခင်မိုးမိုး တို့ကိုသာ ခွင့်ပြုထားတာပါ။ ဒီဆုံးဖြတ်ချက်ကို စိန်ခေါ် ပြီး ပယ်ချခံထားရတဲ့ နောက်ထပ် သက်သေ ၂ ဦးဖြစ်ကြတဲ့၊ ဒေါ်အောင်ဆန်း စုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ နောက် အတွင်းရေးမှူး ဦးဝင်းတင် တို့ကိုပါ တရားခွင်မှာ ထွက်ဆိုခွင့်ရဖို့ ပြင်ဆင် ချက် လျှောက်ထားတာကို အခုနောက်ဆုံး ပထမအဆင့်အနေနဲ့ တရားရုံးချုပ် က လက်ခံလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ဒီနေ့ စောစောပိုင်းကလည်း ပြင်ဆင်မှုကို တရားရုံးက လက်ခံလိုက်တယ်။ နောက်တဆင့် ကျန်သေးတယ်။ ကျွန်တော်တို့ ဘက်ရော၊ တရားလိုဘက်ရော နှစ်ဘက် လျှောက်လွဲှချက်ပေးရမယ်။ အဲဒီ လျှောက်လွဲှချက် ပေးပြီးတော့မှ ကျန်တဲ့ သက်သေ ၂ဦးကို ခွင့်ပြုတယ်၊ မပြုဘူးဆိုတာ အဲဒီတော့မှ သိရမယ်။ မနက်က ၄၅ မိနစ်ကြာတယ်။ လျှောက်လွှဲချက် ပေးတာ။ ညနေပိုင်း ၂နာရီကျော်လောက်မှ လက်ခံတယ်ဆိုတဲ့ အမိန့်ထွက်လာတယ်။”

ပြင်ဆင်ချက်လျှောက်ထားတာနဲ့ ပတ်သက်လို့ ၂ ဖက်ရှေ့နေတွေကို တရားရုံးချုပ်က ကြားနာမယ့် နေ့ရက်ကိုတော့ လာမယ့် သောကြာနေ့လောက်မှ ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။ လုံခြုံရေး တွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ ရန်ကုန်မြို့က တရားရုံးချုပ်မှာတော့ လာရောက် အကဲခတ်နားထောင်သူ အများအပြား ရောက်လာကြပေမဲ့ စာနယ်ဇင်းသမားတွေတော့ တက်ရောက်ခွင့် မရခဲ့ကြဘူးလို့လည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ယူနီဖောင်းတော့ မဟုတ်ဘူး။ အရပ်ဝတ်နဲ့ အဲဒီ Supreme Court ပတ်ဝန်းကျင်မှာ အများကြီးရှိတယ်။ ၆၀- ၇၀ လောက် ရှိမလား မသိဘူး။ သံရုံးကတော့ ထိုင်ခုံ အပြည့်ပါပဲ။ ၃၀- ၄၀ လောက်ရှိမယ်။ သတင်းသမားတွေကတော့ ဝင်ခွင့်မရတော့ အပြင်မှာပဲ။ သံတမန်တွေတော့ လာတာ မတွေ့ဘူး။”

ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပါ။ အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆို ကြားနာနေတဲ့ တရားခွင်မှာ တရားလိုဖြစ်တဲ့ အာဏာပိုင်တွေ ဖက်က သက်သေ ၁၄ ယောက်အထိ ထွက်ဆိုခွင့် ရထားတာ ဖြစ်ပေမယ့်၊ ခုခံချေပနေသူ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ ၂ ဦးသာ ထွက်ဆိုခွင့် ရတာမို့ ဒါဟာ မျှတတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး ဆိုပြီးတော့လည်း ဝေဖန်မှုတွေက ထွက်ပေါ်နေတာပါ။ အခုလည်းပဲ တရားရုံးချုပ်က ပဏာမ အနေနဲ့ လျှောက်ထားချက်ကို လက်ခံလိုက်ပေမဲ့လည်း တရားစီရင်ရေးစနစ် အပေါ် သံသယဝင်နေကြဆဲပါ။ ပယ်ချခံထား ရတဲ့ သက်သေတဦးဖြစ်တဲ့ အဲန်အယ်လ်ဒီ ပါတီ အတွင်းရေးမှူး တဦးဖြစ်သူ ဦးဝင်းတင် ရဲ့ အမြင်ကတော့ -

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်က မမျှော်လင့်ဘူး ခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ခွင့်ပြုရင်လည်း ဒေါ်ခင်မိုးမိုးတို့၊ ဦးကြည်ဝင်းတို့ပဲ လက်ခံလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီကိစ္စမှာ ဒေါ်စုကို ကျွန်တော်က သဘောကျတယ်။ လက်ကုန်နှိုက်ရမယ်၊ အခွင့်အရေးတွေ ရှိတယ်။ တောင်းဆိုရမယ့် အခွင့်အရေးရော၊ ရပိုင်ခွင့်တွေရော ရှိတယ်။ အဲဒီ အခွင့်အရေးတွေကို တရားရုံးချုပ်အထိ ဥပဒေကြောင်းအရ ကျွန်တော်တို့ လိုက်ပြောတယ်။ ရခြင်း၊ မရခြင်းကတော့ ကျွန်တော်တော့ သိပ်ထူးတယ် မထင်ပါဘူး။ ကျွန်တော်တို့ သက်သေခံလည်း ဒေါ်စုကို ထောင်ချမှာပဲလို့ အခုထိပဲ ထင်တယ်။ ကျွန်တော်တို့ သက်သေမခံလည်း လွတ်စရာ မရှိဘူး။ သက်သေခံလည်း လွတ်စရာ မရှိဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒီအမှုက သိပ်ပြီးတော့ကို အကြောင်း မညီညွတ်လွန်း အားကြီးမှ၊ ဒါမှမဟုတ် ကမ္ဘာ တခုလုံးက ဒါ့ထက် ဒါ့ထက် ပိုသိပ် ပြင်းထန်တဲ့ ပြစ်တင်ရှုတ်ချမှုတွေ၊ တောင်းဆိုမှုတွေ များလာရင်တော့ မသိဘူး။ သာမန်အားဖြင့်တော့ ဒေါ်စုကို လွှတ်ပေးဖို့ ဆန္ဒမရှိဘူး။ လွှတ်ချင်မှတော့ သူတို့ ဒီကိစ္စကို စကတည်းက ဘယ်လုပ်မလဲ။ ကျွန်တော့် အထင်ပေ့ါလေ။”

နေအိမ်ခြံဝန်းထဲကို အမေရိကန် နိုင်ငံသားတဦး တိတ်တဆိတ် ရေကူးဝင်ရောက်တာကို လက်ခံတာဟာ တားမြစ်ချက်ကို ဖောက်ဖျက်တာဆိုပြီး အာဏာပိုင်တွေဘက်က စွပ်စွဲပြီး တရားစွဲဆို ထားပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဘက် ကတော့ သူဟာ အပြစ်မရှိကြောင်း ရုံးတော်ကို ပြောထားတာပါ။ ဒါတွေကို သက်သေထူဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ဘက် က သက်သေတွေ အားလုံးကို ရုံးတော်ရှေ့မှောက် ထွက်ဆိုခွင့်ရဖို့ ကျိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ သက်သေ တဦး အဖြစ် ထွက်ဆိုခွင့်ရဖို့ မသေချာပေမဲ့ သူ့အနေနဲ့ ထွက်ဆိုခွင့်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်တဲ့ အခန်းကဏ္ဍတွေကို ပြောမယ်လို့ ဆိုပါတယ်။

“ပါတီရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ရော၊ လွန်ခဲ့တဲ့ နှစ် ၂၀လောက်ကတည်းက ပါတီ ၁၀၀ကျော်က တင်မြှောက် ထားတဲ့ ပုဂ္ဂိုလ်တယောက် အနေနဲ့ ရော၊ ပြည်တွင်းရဲ့ ယုံကြည်မှု၊ ကမ္ဘာရဲ့ ယုံကြည်မှုကို ရထားတဲ့ လူတယောက်အနေနဲ့ ရော၊ တွေ့ဆုံဆွေးနွေးပွဲမှာ ထိုင်ရမယ့် လူ၊ အဲဒီလူကို ထောင်ထဲ ထည့်သွင်းခြင်းအားဖြင့် နိုင်ငံရေး ပြဿနာတွေ ဖြေရှင်း နိုင်မှာ မဟုတ်ဘူး။ ဒေါ်စုက အပြစ်လည်း အမှုကြောင်း အရ မရှိပါဘူး။ နိုင်ငံရေး အရလည်း အလွန် အရေးကြီးတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကို ထောင်ထဲသွင်းလို့ ဘာမှ အကြောင်းမထူးဘူး။ အကောင်းဆုံးတော့ ဒီအမှုကို ရုပ်သိမ်းပစ်ပါ။ ရပ်စဲ ပစ်ပါ။ ဒေါ်စုကို လွှတ်ပြီး တွေ့ဆုံဆွေးနွေးပွဲမှာ တင်ပြီးတော့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းပါ။ ကျွန်တော်က ဒီလို သဘောနဲ့ ပြောမှာပဲ။ ”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ သက်သေတဦးအဖြစ် တင်သွင်းထားပေမယ့် အခုအချိန်အထိ ပယ်ချခံထားရဆဲဖြစ်တဲ့ အဲန်အယ်လ်ဒီ ပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပါ။ အစောပိုင်းမှာတုန်းကတော့ အခုလာမယ့် ၂၆ ရက်နေ့ကျရင် ရန်ကုန် အင်းစိန်ထောင်တွင်းမှာ ကြားနာနေတဲ့ တရားခွင်မှာ၊ ရှေ့နေတွေ လျှောက်လဲချက်တွေ တင်သွင်းဖို့ ယာယီအားဖြင့် သတ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံပေးမယ့် သက်သေတွေ နောက်ထပ် တင်သွင်းခွင့်ရဖို့ ကြိုးပမ်းမှုတွေ ရှိလာတာနဲ့အမျှ တရားခွင် အစီအစဉ်တွေမှာ အပြောင်းအလဲတချို့ ရှိလာမယ်လို့လည်း မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG