သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တော်ပြန်အဖြစ်နဲ့ကြုံရတဲ့ မလေးရှားရောက် မြန်မာအလုပ်သမားတွေ


ဇွန် ၁၅၊ ၂၀၀၉ - တကမ္ဘာလုံး စီးပွားရေးကျဆင်းနေတဲ့အချိန်မှာ ကိုယ့်ရဲ့လုပ်အားကိုအရင်းပြုပြီး ဘဝရပ်တည်ရေး လုပ်ကိုင် စားသောက်ကြရတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကြတဲ့သတင်းတွေကို နေ့စဉ်လိုတွေ့နေရပါတယ်။ ကိုယ့်နိုင်ငံထဲမှာ အလုပ်လက်မဲ့ဖြစ်ကြသူတွေသာမက ပြည်ပထွက် လုပ်ကိုင်ကြသူတွေလည်း ကိုယ်လုပ်နေတဲ့ကုမ္ပဏီ စီးပွားမကောင်းလို့ဆိုပြီး နိုင်ငံပြန်ပို့ခံရတာတွေရှိနေပါတယ်။ အဲဒီအထဲကမှ အခုနောက်ဆုံး မလေးရှားနိုင်ငံကဖြစ်ရပ်တခုကို ဒီသီတင်းပတ်ရဲ့စီးပွားရေး အစီအစဉ်မှာ တင်ပြထားပါတယ်။

နိုင်ငံတွင်းမှာ ကြီးပွားတိုးတက်ဖို့ အလုပ်အကိုင်အခွင့်အလန်း နည်းပါးလှတဲ့အတွက် မြန်မာနိုင်ငံ သားတွေ ပြည်ပထွက်အလုပ်လုပ်ကြတာဟာ အခုဆယ်စုနှစ်ပိုင်းတွေမှာ အတော့်ကိုများလာခဲ့ပါတယ်။ ဟိုးအရင်ကဆိုရင် ပြည်ပ ထွက် အလုပ်လုပ်တယ်ဆိုတာ မြို့ကြီးပြကြီးက မျက်စေ့ကြီးနားကြီး အဆက်အသွယ်ကောင်းသူတွေပဲ လုပ်ကြတာပါ။ အခုတော့ မြန်မာနိုင်ငံဒေသအသီးသီးကလူတွေ ပြည်ပနိုင်ငံအသီးသီးမှာ လုပ်ကိုင်နေကြပါပြီ။ အဲဒီလိုသွားလုပ်နေကြသူတွေထဲမှာ အဆင် ပြေတဲ့သူတွေအများအပြားရှိသလို အဆင်မပြေသူတွေလည်း ဒုနဲ့ဒေးပါ။ ကိုဖိုးတေးဟာ အဲဒီဒုနဲ့ဒေးထဲက တယောက်ဖြစ်ပါတယ်။ ကိုဖိုးတေးတို့အဖွဲ့မှာ အလုပ်သမား ၁၅ ယောက်ပါပါတယ်။ လွန်ခဲ့တဲ့တနှစ်နီးပါးက မလေးရှားကိုရောက်ခဲ့ကြပြီး မလေးရှားကုမ္ပဏီ တခုမှာ အလုပ်ဝင်ခဲ့ကြပါတယ်။ စသွားတဲ့အချိန်တုန်းကတော့ အခုလိုအဖြစ်မျိုးနဲ့ကြုံရလိမ့်မယ်လို့ သူတို့တွေတွေးမိခဲ့ကြမှာ မဟုတ်ဘဲ ကြိုးစားအလုပ်လုပ်၊ ခြိုးခြံချွေတာစုဆောင်းပြီး မလေးရှားသွားဖို့အတွက် ပေးခဲ့ရတဲ့ အမေရိကန်ဒေါ်လာ ၈၅၀ ပတ် ဝန်းကျင်၊ မြန်မာငွေ ကျပ်ဆယ်သိန်းနီးပါးကို ကျေအောင်ပြန်ဆပ်၊ ပြီးတဲ့အခါ မြန်မာနိုင်ငံကမိသားစုတွေ ကောင်းကောင်းနေ၊ ကောင်းကောင်းစားနိုင်အောင်၊ သားသမီးတွေပညာရေး အထောက်အပံ့ပြုနိုင်အောင် အိမ်ကိုငွေပြန်ပို့၊ ပိုတဲ့ငွေကို စုဆောင်း၊ စာချုပ်ပြည့်တဲ့အချိန်ကျ ထိုက်ထိုက်တန်တန် ငွေပမာဏတခု ပြန်သယ်သွားမယ်ဆိုတဲ့ အိပ်မက်တွေ တလှေကြီးနဲ့ သွားခဲ့ကြမှာ ပါပဲ။ ဒီလိုအဖြစ်မျိုးတွေ ကြုံလာရနိုင်တယ်လို့ သူတို့ကိုယ်တိုင်လည်းမသိ၊ ဘယ်သူကမှလည်း သူတို့ကိုပြောမပြ၊ သူတို့ကို မလေးရှားပို့လိုက်တဲ့ မြန်မာနိုင်ငံက အလုပ်အကိုင်အေဂျင်စီ၊ မလေးရှားက အလုပ်အကိုင်အေဂျင်စီတွေကလည်း ကြိုတင် ရှင်းပြခဲ့ ကြမှာမဟုတ်ပါဘူး။

သူတို့ကို မလေးရှားပို့ခဲ့တဲ့ကုမ္ပဏီကတော့ ရန်ကုန်မြို့က Greenway ဆိုတဲ့အေဂျင်စီပါ။ ဒီအစီအစဉ်အတွက် ဆက်သွယ်မေးမြန်း တာမှာ ကုမ္ပဏီရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြန်ပြီး ရှင်းလင်းဖြေကြားပေးခဲ့ပါတယ်။

ဦးဝင်းမြင့်ရဲ့အဆိုအရတော့ သူတို့ကုမ္ပဏီဟာ ၂၀၀၁ ခုနှစ်ကတည်းက အလုပ်သမားပို့တဲ့လုပ်ငန်းကို လုပ်လာခဲ့တာဖြစ်ပြီး ၈ နှစ် အတွင်း ဒီလိုပြဿနာမျိုး တခါမှမရှိခဲ့ဖူးဘဲ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တာပဲလို့ဆိုပါတယ်။ ဒါ့အပြင် ပြည်ပအလုပ်အကိုင်အေဂျင် စီပေါင်း ၁၁၄ ကျော်ထဲမှာ Greenway ဟာ ထိပ်တန်းကုမ္ပဏီဆယ်ခုစာရင်းထဲမှာ ပါပါတယ်လို့လည်းပြောပါတယ်။ ဦးဝင်းမြင့်က မလေးရှားကုမ္ပဏီဟာ ဒေဝါလီခံလိုက်ရတဲ့အတွက် အလုပ်သမားတွေကိုပြန်ပို့ရတာဖြစ်တယ်လို့ ပြောပေမယ့် အလုပ်သမား တွေပြောတာနဲ့ ကွဲပြားနေပါတယ်။

Greenway ကုမ္ပဏီနဲ့ချိတ်ဆက်ပြီး လုပ်ဆောင်ထားတဲ့ မလေးရှားဘက် အလုပ်သမားရှာဖွေရေးအေဂျင်စီက အခုအလုပ်သမား တွေကိစ္စကို အဓိက တာဝန်ယူဆောင်ရွက်ရသူ မလေးရှားနိုင်ငံသားနဲ့လည်း ဒီအစီအစဉ်အတွက် ဆက်သွယ်မေးမြန်းခွင့် ရခဲ့ပါ တယ်။ ဒါပေမယ့် သူက သူ့ရဲ့အသံကိုပဲဖြစ်ဖြစ်၊ နာမည်ကိုပဲဖြစ်ဖြစ် အသုံးပြုခွင့်မပေးခဲ့ပါဘူး။ သူ့ရဲ့အဓိကအကြောင်းပြချက်က တော့ ကုမ္ပဏီက ဆက်ပြီး လစာမပေးနိုင်တော့တဲ့အတွက် ပြန်ပို့ရတာဖြစ်တယ်ဆိုတာပါပဲ။ ဒါဟာ သူတို့အေဂျင်စီတခုထဲ ဖြစ်တာ မဟုတ်ဘဲ တခြားအေဂျင်စီတွေမှာလည်းဖြစ်နေပြီး တချို့ဆိုရင် ရာနဲ့ချီပြီးပြန်ပို့ကြတယ်လို့ဆိုပါတယ်။

အလုပ်သမားတွေဘက်က သူတို့ကို အလုပ်ဆက်မပေးနိုင်ရင် သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပြန်ပေးပါ၊ သူတို့ဖာသာ အလုပ် ရှာပါမယ်ဆိုပြီး တောင်းဆိုပါတယ်။ ဒါပေမယ့် မလေးရှားဥပဒေအရ လုပ်ငန်းကဏ္ဍတခုအတွက် လာတဲ့အလုပ်သမားဟာ တခြား လုပ်ငန်းကဏ္ဍတခုမှာ ပြောင်းလုပ်ခွင့်မရှိသလို ဒီအလုပ်သမားတွေဟာ လက်ရှိအချိန်ထိ သူတို့ကုမ္ပဏီနဲ့စာချုပ်မပြတ်သေးတဲ့ အတွက် လေယာဉ်ပေါ်တက်ခါနီးမှပဲ နိုင်ငံကူးလက်မှတ်တွေ ပြန်ပေးနိုင်မယ်လို့ မလေးရှားအေဂျင်စီဘက်ကပြောပါတယ်။

ဦးဝင်းမြင့်က အလုပ်သမားတွေ ရန်ကုန်ပြန်ရောက်လာရင် သူ့ဘက်က ပြန်လုပ်ပေးနိုင်တာကို ပြောခဲ့သလို အလုပ်သမားတွေ ဘက်ကလည်း ဒီအပေါ်မှာ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

စီးပွားရေးကျတဲ့အတွက် အလုပ်သမားလက်ခံယူတဲ့ကုမ္ပဏီမှာ လုပ်ငန်းမကောင်းဖြစ်တယ်လို့ပြောပါတယ်၊ ဆက်ပြီး အလုပ်မပေး နိုင်တော့ အလုပ်သမားတွေ ပြန်ပို့ခံရပါတယ်၊ အလုပ်သမားတွေကို ပြန်ပို့လိုက်ရတဲ့အတွက် မလေးရှား အလုပ်သမားအေဂျင်စီက ပိုက်ဆံ ဆက်မရတော့ဘူးလို့ဆိုပါတယ်၊ မြန်မာနိုင်ငံက အလုပ်အေဂျင်စီအနေနဲ့လည်း သူတို့ပို့လိုက်တဲ့အလုပ်သမားတွေ စာချုပ် သက်တမ်းမပြည့်ခင် ပြန်ပို့ခံရတဲ့အတွက် အခုလို မီဒီယာကနေ သတင်းထွက်တာကြောင့် လုပ်ငန်းနာမည် ထိခိုက်မယ့် အလား အလာကို ရင်ဆိုင်ရတယ်လို့ ပြောပါတယ်။

ဒီအခြေအနေအောက်မှာ အထိခိုက်ရဆုံးက ဘယ်သူလဲဆိုတာကိုတော့ သောတရှင်တို့ကိုယ်တိုင်ပဲ အဖြေရှာကြည့်ကြပါလို့ တိုက်တွန်းရင်း ဒီသီတင်းပတ်အစီအစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG