သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ရွေးကောက်ပွဲ ရလဒ် မကျေနပ်သူတွေ ဆက်လက် ဆန္ဒပြ


အငြင်းပွားရတဲ့ အီရန်နိုင်ငံက ရွေးကောက်ပွဲအပြီး အရေးနိမ့်ခဲ့တဲ့ သမ္မတလောင်း မီယာ ဟူစိန် မူဆာဗီကို ထောက်ခံ အားပေး ကြတဲ့သူတွေရဲ့ဆန္ဒပြပွဲတွေဟာ မနေ့တုံးကလည်း မြို့တော် တဟီရန်မှာ ထောင်နဲ့ သောင်းနဲ့ချီပြီး အကြီးအကျယ် ဆန္ဒပြခဲ့ကြပါသေးတယ်။ ဆန္ဒပြသူတွေထဲမှာ အစိမ်းရောင် ခေါင်းစည်းနဲ့ ခါးစည်းကြိုးတွေကို အများအပြား ဆင်ယင်ထား ကြပါတယ်။ အဲဒီ အရောင်ကတော့ မစ္စတာ မူဆာဗီရဲ့ နိုင်ငံရေး မဲဆွယ်စည်းရုံးပွဲတွေမှာ အသုံးပြုခဲ့တဲ့ အရောင်ပါ။ ဆန္ဒပြ သူတွေက ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ချီတက်ခဲ့ကြတယ် ဆိုပေမဲ့ အဓိကအားဖြင့် ငြိမ်းချမ်းတဲ့ နည်းနဲ့ ဆန္ဒပြတာကို ပေါ်လွင်စေချင်လို့ အသံမထွက်ဘဲ ချီတက်ခဲ့ကြပါတယ်။ပြုပြင်ပြောင်းလဲရေး သမားတဦးဖြစ်တဲ့ မစ္စတာ မူဆာဗီက ဒီနေ့မှာ လည်းပဲ ဆန္ဒပြပွဲတွေ လုပ်ကြဖို့ နှိုးဆော် ထားပါသေးတယ်။

သူရဲ့ ရည်ရွယ်ချက်ကတော့ တိုင်းပြည်က အရာရှိတွေ အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ဟာ အကျုံးမဝင်ဘူး၊ ရှက်ဖို့ကောင်းတဲ့ လိမ်လည်မှုပဲ ဆိုတာကို လက်ခံစေချင်လို့ပါပဲ။ မစ္စတာ မူဆာဗီရဲ့ အင်တာနက် ဝက်ဆိုဒ်မှာတော့ ဆန္ဒပြသူတွေအနေနဲ့ ရွေးကောက်ပွဲ အပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့ကြသူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗလီဝတ်ကျောင်း တွေမှာ စုဝေးကြတာပဲဖြစ်ဖြစ်။ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ကြတာပဲဖြစ်ဖြစ် လုပ်ကြဖို့ နှိုးဆော်ထားတာပါ။ အီရန်ရဲ့ တော်လှန်ရေး အစောင့်တပ်တွေက သတင်းမီဒီယာ ဆက်စပ်မှုတွေကို မနေ့က ဖျက်ဆီးခဲ့ပါသေးတယ်။ နယ်ခြားမဲ့ သတင်းထောက်များ အဖွဲ့က ပြောတာကတော့ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး အဖမ်းခံရတဲ့ အီရန် သတင်းသမား အနည်းဆုံး ၁၁ယောက်ရှိပြီလို့ ဆိုပါတယ်။ အတိုက်အခံ နိုင်ငံရေး အဖွဲ့ဝင်တော်တော် များများလည်း အခုရက်ပိုင်းတွေ အတွင်းမှာ အဖမ်းခံနေကြရတယ်လို့လည်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG