သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ဘန်ကီမွန်းနဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်


မကြာခင် မြန်မာနိုင်ငံသွားရောက်ဖို့ ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံက မပြေလည်နိုင်သေးတဲ့
နိုင်ငံရေးပြဿနာတွေအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်း
အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ဒီလို အကျိုး
ရလဒ်တွေ ထွက်ပေါ်နိုင်မယ့် ခရီးစဉ်ဖြစ်ဖို့အတွက်ကတော့ တရားစွဲဆိုခံနေရတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာစစ်အစိုးရခေါင်းဆောင်
တွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံမှ ဖြစ်မယ်လို့လည်း
ယုံကြည်ထားကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မကြာခင် မြန်မာနိုင်ငံသွားမယ်
ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာနဲ့အမျှ ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံက နိုင်ငံရေး
ပြဿနာတွေအတွက် တစုံတရာ အထောက်အကူ ဖြစ်လာလေမလား မြန်မာ့နိုင်ငံရေး
အသိုင်းအဝန်းက မျှော်လင့်နေကြတာပါ။ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေး
ပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီ ဗဟို
ကော်မတီဝင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်း
တွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုဖို့ ကမ္ဘာ့အကြီးအကဲတယောက် မြန်မာနိုင်ငံကို
လာမယ်ဆိုတာဟာ ကြိုဆိုစရာ၊ မျှော်လင့်စရာလို့ ဆိုပါတယ်။

“အရင့်အရင်ကလာခဲ့တဲ့ ကုလသမဂ္ဂ Special Envoy တွေ လာတဲ့အခါမှာတော့ ဘာမှ
ထူးထူးခြားခြား ပြန်ဖြစ်သွားတာတော့ မတွေ့ရဘူးပေါ့။ အဲဒီလိုအခြေအနေမျိုး ဖြစ်မယ်
ဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ။ အခုနေအခါ မြန်မာ့နိုင်ငံရေးမှာ အင်မတန်သိမ်မွေ့
ပြီး အင်မတန် အရေးကြီးတဲ့ကာလကို ရောက်နေတာဖြစ်ပါတယ်။ လမ်းဆုံလမ်းခွကို
ရောက်နေသလို ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်
ဖြစ်စေ နိုင်ငံတကာကလာပြီးတော့ ထိထိရောက်ရောက် ပါဝင်ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအဝင် မြန်မာ့နိုင်ငံရေး ပြေလည်ဖို့
ဖြေရှင်းပေးမယ်ဆိုရင် ကျနော်တို့အနေနဲ့တော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပဲ
ဖြစ်ပါတယ်။”

ဒီလိုပဲ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်ကလည်း
အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်က မြန်မာ့နိုင်ငံရေး တိုးတက်ဖို့အတွက် အထောက်အကူ
ဖြစ်စေနိုင်ပေမယ့်လို့ ပြဿနာတွေ ပြေလည်စေဖို့က ကုလသမဂ္ဂ တခုတည်းကို
အားကိုးလို့ မရနိုင်ဘူးလို့လည်း ယူဆထားတာပါ။

“ဘန်ကီမွန်းကိုယ်တိုင် လာတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ အကျပ်
အတည်းဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ထဲထဲဝင်ဝင် အတိုင်းအတာ တစုံတခု
အထိ သိသွားနိုင်တယ်၊ ဒီက တွေ့သင့်တွေ့ထိုက်တဲ့လူတွေနဲ့ တွေ့ပြီးတော့ ဆွေးနွေး
နိုင်တယ်ဆိုရင်တော့ ဒါ ကုလသမဂ္ဂအနေနဲ့လည်း ရှေ့ကို ဆက်လုပ်နိုင်မယ့် အတိုင်း
အတာတွေကို စဉ်းစားသုံးသပ်လို့ ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဘန်ကီမွန်း
လာရုံနဲ့ပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂက ဝင်ပြီးတော့ ဆောင်ရွက်ရုံနဲ့ပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့
နိုင်ငံရေးပြဿနာကို ပြီးပြည့်စုံတဲ့ ဖြေရှင်းမှုတခု ရမယ်လို့တော့ အန်ကယ့်အနေနဲ့
မယုံသလို မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးသမား တော်တော်များများကလည်း ဒီလိုတော့
ယုံကြည်မှု မရှိပါဘူး။”

ဒီလို မျှော်လင့်ချက်တွေရှိနေတဲ့ တချိန်တည်းမှာ ဒီခရီးစဉ်ကနေ မယ်မယ်ရရ အကျိုး
ရလဒ် ထွက်ပေါ်မလာမှာကိုလည်း အတွင်းရေးမှူးချုပ်ကိုယ်တိုင်က စိုးရိမ်မကင်း
ဖြစ်တာတွေ ရှိနေတယ်ဆိုပြီး သံတမန်အသိုင်းအဝန်းကို ကိုးကားပြီး သတင်းတွေက
ဖော်ပြနေကြပါတယ်။ အန်န်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဦးခင်မောင်ဆွေရဲ့
သဘောထားကတော့…

“သူ့ရဲ့ အရင်တုန်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေအရဆိုရင် ခိုင်ခိုင်မာမာ
အဆောက်အအုံရှိရှိနဲ့ ဖြစ်ထွန်းနိုင်မယ့် ရလဒ်မျိုး ရဖို့လိုတယ်၊ ရမှသာလျှင် သူလာချင်
တယ်လို့ ပြောထားတာ ကျနော် မှတ်မိနေပါတယ်။ အဲတော့ အခုလာမယ့်ကိစ္စကလည်း
အဲလိုရလဒ်မျိုးတွေကို မျှော်လင့်ချက်ရှိလို့သာ လာတယ်လို့ တွက်ဆလို့ရပါတယ်။
ပြီးတော့ သူတောင်းဆိုထားတဲ့၊ သူပြောထားတဲ့ အချက်အလက်တွေကို ပစ်ပယ်ပြီး
တော့ လာလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ အဲဒီတောင်းဆိုချက်တွေ၊ လိုလားချက်
တွေကို အထိုက်အလျောက် ယုံကြည်လောက်တဲ့ အတိုင်းအတာထိ သူရရှိထားလို့
လာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပဲ ဖြေရမှာဖြစ်ပါတယ်။”

တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်ကလည်း မြန်မာ
နိုင်ငံကို အတွင်းရေးမှူးချုပ်လာမယ့် ခရီးစဉ်ဟာ အနှစ်သာရရှိတဲ့ ခရီးစဉ်တခုဖြစ်ဖို့
ဆိုရင် နိုင်ငံရေးအသိုင်းအဝန်းမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်
တွေ့မှဖြစ်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

“အာဏာပိုင်တွေနဲ့ တွေ့ဖို့ကတော့ အမြင့်ဆုံး အာဏာပိုင်တွေနဲ့ တွေ့ရမယ်၊ ပြီးတော့
အန်န်အယ်လ်ဒီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ရမယ်၊ တခြား ရွေးကောက်ပွဲမှာ အနိုင်
ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေရယ်၊ ဒီမိုကရေစီ အင်အားစုတွေကို တွေ့သင့်တယ်လို့
ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့သင့်တယ်၊ အကျဉ်း
ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ထင်ရှားတဲ့ပုဂ္ဂိုလ်များနဲ့လည်း တွေ့သင့်
တယ်၊ ပြီးတော့ အရင့်အရင်တုန်းက ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ နောက်ပိုင်း
လာတဲ့အခါမှာ တိုင်းရင်းသား ရွေးကောက်ပွဲအနိုင်ရ ပါတီတွေနဲ့ တွေ့တာဆုံတာတွေ
မရှိခဲ့ဘူး။ ဘန်ကီမွန်းကိုယ်တိုင် လာတဲ့အခါတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့
လည်း ပြည့်ပြည့်စုံစုံ အချိန်ပေးပြီးတော့ တွေ့ဆုံသင့်တယ်လို့ ကျနော့်အနေနဲ့
သုံးသပ်ပါတယ်။”

အစောပိုင်းမှာတုန်းကတော့ အတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး
အကျဉ်းသားတွေ ပြန်လွှတ်ပေးအောင် မြန်မာစစ်အစိုးရကို တိုက်တွန်းဖို့ သူ့အနေနဲ့
မြန်မာပြည်ကို သွားလိုတယ်ဆိုပြီး ပြောဆိုထားတာပါ။ ဒါကိုလည်း မြန်မာစစ်အစိုးရ
ဘက်က သဘောတူထားပြီးဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ ခရီးစဉ်ဟာ ရှေ့လ
ဇူလိုင်လဆန်းပိုင်းလောက် ဖြစ်လိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ သွားမယ့်
ရက်ကိုတော့ တရားဝင် တိတိကျကျ ပြောတာမျိုး မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG