သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအန်ယူတပ်ဖွဲ့တွေ စခန်းတချို့က ဆုတ်ခွာ


ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်ဖွဲ့တွေကို မြန်မာစစ်အစိုးရတပ်တွေနဲ့
ဒီကေဘီအေ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့တွေ ပူးတွဲစစ်ဆင်ရေး ဆင်နွှဲ
နေတာမှာ ကေအန်ယူဘက်က တပ်မဟာ ၇ အောက်မှာရှိတဲ့ တပ်စခန်းတချို့ကနေ
ဆုတ်ခွာပေးခဲ့တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဒီတိုက်ပွဲတွေကြောင့်
ထွက်ပြေးလာကြတဲ့ ကရင်ရွာသားတွေကို ထိုင်းနိုင်ငံဘက်က ပေးမဝင်တော့ဘူးလို့
ဆိုပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခု စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ ပူးပေါင်းပြုလုပ်နေတဲ့ စစ်ဆင်ရေး
ကြောင့် ကေအန်အယ်လ်အေ တပ်မဟာ ၇နဲ့ တခြားတပ်စခန်းတွေ ကျသွားတဲ့သတင်း
တွေ ပြင်ပ ဝိုင်ယာသတင်းတွေမှာ ရေးသားဖော်ပြနေကြတာပါ။ ဒါကြောင့် ဒီသတင်း
တွေ မှန်မမှန်သိရအောင် ကေအန်ယူအဖွဲ့က တွဲဖက်အတွင်းရေးမှူး ၁ လည်းဖြစ်၊
သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံလည်းဖြစ်တဲ့ ဗိုလ်မှူးလှငွေကို ဗွီအိုအေက
ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

ဗိုလ်မှူး အခု အပြင်မှာ တပ်မဟာ ၇ ကျသွားတယ်ဆိုပြီး သတင်းတွေထွက်နေလို့၊ အဲဒီ
သတင်း ဟုတ်မဟုတ် ဗိုလ်မှူးအနေနဲ့ အတည်ပြုပေးလို့ ရမလားခင်ဗျ။

“လုံးဝမဟုတ်ပါဘူးခင်ဗျ။ ဒီနေ့ဆိုရင်တော့ တချက်မှတောင် မပေါက်ဘူး။”

ဒီနေ့ တိုက်ပွဲတွေ မရှိဘူးပေါ့။

“ဘာမှမရှိဘူး။ သူတို့လူနာတွေ သူတို့ပို့နေတာတောင် မကုန်သေးဘူး။”

အခု သတင်းတွေမှာတက်နေတဲ့ စခန်းတွေ ကျတယ်ဆိုတာက…

“ဟုတ်တယ်၊ ၂၀၂ ရယ် အဲဒီမှာရှိတဲ့ သူတို့ပြောတဲ့ ၁၀၁ ဆိုတာ ကျနော်တို့ဆီက
ဖယ်ပေးလိုက်တာ။ လက်နက်ကြီး ပစ်ကွင်းတွေချည်း ဖြစ်နေလို့ ပြောက်ကျားပဲထားခဲ့
တယ်။ နောက် ၂၁ တို့ နေရာတကွက်ပေါ့ ဖယ်ပေးလိုက်တာ။ ဒါတွေကို သူတို့က
ကျတယ်ဆိုပြီး ကြေညာထားတာ။ ကျနော်တို့က ခံစစ်ရှင်အနေအထားနဲ့ နေထားတာ၊
ခံစစ်သေအနေအထားနဲ့ နေထားတာတချို့ ဖြုတ်လိုက်ပြီးတော့ ပြောက်ကျားအနေနဲ့
ပြန်ထားတယ်။ သူတို့ လက်နက်ကြီး အကြီးအကျယ် သုံးဖို့ဆိုတာကလည်း အခု မိုးနဲ့
လေနဲ့၊ သူတို့ ပေါ်တာ ဖမ်းမရဘူး၊ ဒဏ်ရာရတဲ့လူတွေ ပြန်သယ်ဖို့အတွက် သူတို့
နယ်မြေဖြတ်ကျော်ဖို့ အခက်အခဲတွေ အများကြီးရှိတယ်။ သူတို့လူဦးရေနဲ့ ပြန်သယ်ရ
မယ့် ဒဏ်ရာနဲ့ မကာမိတဲ့အခါကြတော့ သူတို့လူတွေ ထိခိုက်ပြီး သေကျေတာ
များလာတဲ့အပေါ်မှာ သူတို့ ပြန်စဉ်းစားနေရတာပေါ့၊ စွန့်သင့် မစွန့်သင့်။ မစဉ်းစား
လည်း သူတို့ကိစ္စပဲလေ။”

D-Day ကိစ္စနဲ့ပတ်သက်ပြီး သူတို့က ဘယ်လို ကြေညာချက်ထုတ်တာလဲခင်ဗျ။
ဗိုလ်မှူးတို့ဆီ ဘယ်လိုလုပ် သတင်းဝင်လာတာလဲ။

“D-Day ဆိုတာလည်း ကျနော်တို့က ကောလာဟလအနေနဲ့ပဲ ကြားတာပါ။ ဘယ်သူ့
ဆီက လာမှန်းလဲ မသိဘူး။ D-Day က ၁၆ ရက်နေ့ဆိုပြီး။ အခုဟာကလည်း ဘာမှ
အတည်ယူလို့မရဘူး။ လူတွေကလည်း ဝါဒဖြန့်ချိရေး သတင်းတွေက များနေတဲ့အခါ
ကျတော့ ဘာမှ အတည်ပြုလို့မရဘူး။”

အခုနောက်ဆုံး ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို သိရအောင် KHRG
ကရင်လူ့အခွင့်အရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာလည်း KHRG
ပြောခွင့်ရအမျိုးသမီး နော်အဲ့ဖောထူးက အခုလို စပြောပြပါတယ်။

“KHRG ကရရှိတဲ့ သတင်းအချက်အလက်တွေကတော့ တချို့ရွာသူရွာသားတွေက
သောင်ရင်းမြစ် မြန်မာပြည်ဘက် အခြမ်းမှာပဲ ရှိနေတုန်း။ သူတို့က ဒီဘက် ထိုင်းနိုင်ငံ
ထဲကို ဆက်လက်ကူးလာချင်သေးတယ်။ ဒါပေမဲ့ ထိုင်းစစ်သားတွေက သူတို့ကို
အဝင်မခံဘူး၊ ထိုင်းဘက်ကို။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကပြောတယ်၊ ဝင်လာတဲ့
လူဦးရေက များပြီ၊ ဝင်လာတဲ့လူဦးရေက ပြည့်ပြီဆိုပြီး ပြောတော့ ရွာသူရွာသားတွေက
သောင်ရင်းမြစ်ရဲ့ မြန်မာပြည်ဘက်ခြမ်းမှာ ရှိနေတုန်းပဲ။”

ဒါ ဒီနေ့ဖြစ်တာလားခင်ဗျ။

“ဟုတ်ကဲ့၊ အခုလက်ရှိ လတ်တလော အခြေအနေ။”

အခု ဒီဘက်ကိုရောက်ပြီး ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက်က အမတို့
နောက်ဆုံးရထားတဲ့ စာရင်းဇယားအရဆိုရင် ဘယ်လောက်ရှိမလဲ။

“အခု ဒုက္ခသည် စာရင်းဇယားက ၃,၅၀၀ နီးပါး ရှိနေပါပြီ။”

အခု နောက်ဆုံးထွက်လာတဲ့ လူတွေထဲက တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ပြောပြ
တာတွေ ရှိပါသလား။

“တိုက်ပွဲအခြေအနေ သူတို့ပြောတာကတော့ ဒီကေဘီအေဘက်က အလုံးကြီးတွေ
သေနတ်တွေနဲ့ ပစ်နေတုန်းပဲ။ သူတို့ဘက်က စစ်သားတယောက်ယောက် ထိခိုက်မယ်၊
အထိအခိုက်၊ အနာအကျင် ရှိမယ်ဆိုရင် သူတို့က အလုံးကြီးတွေ၊ သေနတ်တွေ
အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ကြားရပါတယ်။ ဒါပေမဲ့ ဒီဘက်က ရွာသူရွာသား
တွေ ထိခိုက်ဒဏ်ရာရတဲ့သတင်း မရှိသေးပါဘူး။”

KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောခွင့်ရအမျိုးသမီး နော်အဲ့ဖောထူး ပြောပြ
သွားတာပါ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG