သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုလွတ်မြောက်ရေး တီရှပ်လှုပ်ရှားမှု ဆင်နွှဲ


လက်ရှိ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရပြီး တရားစွဲဆိုခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့မှာ အသက်
၆၄နှစ် ပြည့်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတဝန်း နိုင်ငံ့ခေါင်းဆောင်တွေ
အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးတွေ၊ အထင်ကရ
နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား
သူတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတွက် တောင်းဆိုနေကြသလိုပဲ
ပြည်တွင်းမှာဆိုရင်လည်း အဖွဲ့ချုပ် အဖွဲ့ဝင်တွေက တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ
အာဏာပိုင်တွေက နှောင့်ယှက်ဟန့်တားတာတွေ ရှိပါသလား၊ အခြေအနေတွေကို
စုံစမ်းထားတဲ့ မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
ဖရီးတီရှပ် (Free T.Shirt)၊ ဓာတ်ပုံနဲ့ ပန်းတွေတပ်ဆင်တဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်
တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ၁၇၊ ၁၈၊ ၁၉ ရက်
၃ရက်ဆက်တိုက် ပြုလုပ်သွားမှာဖြစ်ကြောင်း အဖွဲ့ချုပ်ဝင်တွေက ပြောပါတယ်။

ဦးဆောင်လှုပ်ရှားသူ မကွေးတိုင်း သရက်မြို့နယ်စည်းရုံးရေးမှူး ကိုအောင်လှိုင်သန်း ပြောပြ
တာက …

“ကျနော်တို့ ဒီလှုပ်ရှားမှုက ၁၇ ရက်နေ့က စခဲ့တယ်။ အခု မကွေးမြို့ပေါ်မှာဆိုရင်
မကွေး မြသလွန်ဘုရားမှာ ၁၇ ရက်နေ့ကစပြီး ယောက်ျားလေးတွေက အင်္ကျီအဖြူ
ဝတ်ပြီး အဲဒီအင်္ကျီထဲမှာ နှင်းဆီပန်းလေးတပွင့် ထိုးထားတယ်။ မိန်းကလေးတွေက
လည်း အင်္ကျီအဖြူဝတ်ပြီး ခေါင်းမှာ စံပယ်ပန်းပန်ပြီး မြသလွန်မှာ အန်တီ
လွတ်မြောက်ရေး ဆုတောင်းလုပ်ခဲ့ကြတယ်။ မနက်ဖြန် ၁၉ ရက်နေ့မှာဆိုရင်
ဘုန်းကြီးကျောင်းတွေမှာလိုက်ပြီး အန်တီ့သက်စေ့ ၆၄ ပါး ဆွမ်းကျွေးမယ်။ ဒါ
ကျနော်တို့ မကွေးအနေနဲ့လုပ်တာပါ။ တခြား ညောင်ဦး၊ ပုပ္ပါး၊ ပုဂံ၊ ကျောက်ပန်း
တောင်း၊ မြင်းခြံ၊ မန္တလေး၊ ပခုက္ကူ၊ ရေနံချောင်း၊ ချောက်၊ ဒီမြို့တွေမှာလည်း အလားတူ
ဒီကိစ္စတွေကို ဆက်လုပ်သွားမယ်။”

အခုလို လှုပ်ရှားမှုတွေလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဆူပူလိုတဲ့ ရည်ရွယ်ချက်နဲ့
လုပ်ဆောင်တာမဟုတ်ဘဲ ပြည်သူလူထုတွေ နိုးကြားလာဖို့နဲ့ မိမိဆန္ဒကို ထုတ်ဖော်
နိုင်အောင် လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားမဲ့စွာ စစ်ဆေးခြင်းခံနေရတယ်။
အဲဒီအပေါ်မှာ ကျေနပ်မှုမရှိဘူးပေါ့။ ကျေနပ်မှုမရှိတဲ့အခါ ပြည်သူတွေက သူတို့
တတ်နိုင်တဲ့ ဥပဒေဘောင်အတွင်းကနေပြီး ဒါကို လက်မခံနိုင်ကြောင်း ပြသတဲ့အနေနဲ့
လုပ်ဆောင်နေတယ်။”

ဒီလိုလှုပ်ရှားမှုတွေကြောင့် အာဏာပိုင်တွေဘက်ကနေ အနှောင့်အယှက်ပေးမှုတွေ
အနည်းငယ်သာရှိကြောင်း၊ မြို့နယ်တိုင်းမှာ အနှောင့်အယှက်ပေးတဲ့ပုံစံတော့ မတူ
ကြောင်း ဆက်ပြောသွားပါတယ်။

“ပုံမှန်အားဖြင့်တော့ စောင့်ကြည့်တာတို့ ဘာတို့ နည်းနည်းကျပ်တာပေါ့။ လုပ်ရကိုင်ရ
ခက်အောင် သူတို့ခိုင်းထားတဲ့လူတွေက တောက်လျှောက် စောင့်ကြည့်နေတာပေါ့။
နယ်တွေမှာဆိုရင် နာမည်ရှိတဲ့လူတွေရဲ့ အိမ်တွေကို စောင့်ကြည့်နေတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံလှုပ်ရှားမှုကို လုပ်ခဲ့တဲ့ ရေနံချောင်းမှာတော့
တိုင်းစည်းအဖွဲ့ဝင်တဦးရဲ့သမီး မင်္ဂလာဆောင်မှာပဲ ဓာတ်ပုံတွေဝေခဲ့ကြောင်း၊ ဒီထဲမှာ
အစိုးရဝန်ထမ်းတွေကပါ တောင်းယူတာတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေကပါ
တောင်းယူတာတွေရှိကြောင်း ပြောဆိုခဲ့ပါတယ်။

“လာပြီးတောင်းကြတာပေါ့။ လိုက်ဝေတာမဟုတ်ဘူး၊ လာတောင်းတဲ့လူတွေကို ပေးရ
တာကို မလောက်ဘူး။ မင်္ဂလာဆောင်မှာ ပေးရတယ်။ အနှောင့်အယှက်ပေးတာ မရှိ
ဘူး။ အမျိုးသားဘက်က ရပ်ကွက်ထဲကလူတွေ ဖိတ်တဲ့အထဲမှာ ကြံ့ခိုင်ရေးတွေလည်း
ပါတယ်၊ ဧည့်ခံတဲ့အထဲမှာ။ ဒါပေမယ့် ကြံ့ခိုင်ရေးတွေထဲမှာပဲ လာပြီးတောင်းကြတာကို
များပါတယ်။ ကြံ့ခိုင်ရေးတွေ တောင်းတယ်လို့ပဲ ကျနော်ကတော့ ဆိုလိုချင်တယ်။
ဝန်ထမ်းတွေကလည်း လာတောင်းကြတယ်။ ကျောင်းဆရာမတွေ၊ ရုံးတွေ ဘဏ်တွေ
ကရော၊ စုံနေတာပဲ ဝန်ထမ်းပေါင်းစုံက လာပြီးတောင်းကြတယ်။”

မနက်ဖြန်မှာကျရောက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
၆၄နှစ်ပြည့် မွေးနေ့မှာတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက အဖွဲ့ချုပ်ဝင်တွေက
ဆွမ်းကပ်လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့လည်း ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG