သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ဂျပန်အမတ်တွေ ဆုချီးမြှင့်


မြန်မာ့အရေး ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ကြပါတယ်။
ဒါ့အပြင် သူနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ
ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းတွေကို ထောက်ခံအားပေးဖို့လည်း ဒီကနေ့
ကျရောက်တဲ့ ဒေါ်စုရဲ့ ၆၄ နှစ်ပြည့်မွေးနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။
အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ
အားလုံး လွှတ်ပေးဖို့နဲ့ ဒီကနေ့ ဂျပန်လွှတ်တော်မှာ ကျင်းပခဲ့တဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းအနားနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆု
ပေးအပ်ပွဲကို မြန်မာ့အရေးဆောင်ရွက်နေကြတဲ့ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂက
ဦးဆောင်ကျင်းပခဲ့တာပါ။ ဒီအဖွဲ့ကိုတော့ Bi-Partisan လို့ခေါ်တဲ့ လက်ရှိအစိုးရအဖွဲ့ထဲ
က လွှတ်တော်အမတ်တွေရော အတိုက်အခံ အင်အားစုတွေထဲက လွှတ်တော်အမတ်
တွေနဲ့ပါ စုပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒီကနေ့ ကျင်းပခဲ့တဲ့ အခမ်းအနားနဲ့ ပတ်သက်လို့ ဒီ လွှတ်တော်အမတ်များ သမဂ္ဂက
အထွေအထွေအတွင်းရေးမှူး မစ္စတာ ယိုရှီနိုရီ ဆူမတ်ဆု (Mr. Yoshinori Suematsu)
က အခုလို ရှင်းပြပါတယ်။

“ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ သူမကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့
ဂျပန်လွှတ်တော်အမတ်တွေက မွေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ခဲ့ပါတယ်။ ကျနော်တို့
လွှတ်တော်အမတ်တွေရဲ့ တောင်းဆုလွှာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား NLD–LA
ဂျပန်ရဲ့ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးကို ကျနော်တို့ ပေးအပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်း
စုကြည် လက်ရှိထိန်းသိမ်းခံနေရတဲ့ အခြေအနေက လွှတ်ပေးဖို့ တောင်းဆိုထားတဲ့
ဂျပန်နိုင်ငံသား ၁၅,၀၀၀ လောက်ရဲ့ လက်မှတ်တွေကိုလည်း ဂျပန်အစိုးရ နိုင်ငံခြားရေး
ရုံးကို ပေးအပ်ခဲ့ပါတယ်။”

ဂျပန်လွှတ်တော်အမတ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆက်လက်
ရပ်တည်သွားမယ့်အကြောင်းလည်း သူက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်း
စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးအတွက် ဂျပန်အစိုးရအနေနဲ့
ဖိအားပေး လုပ်ဆောင်ဖို့ ဂျပန်လွှတ်တော်အမတ် ၇၀ ကျော်ကလည်း လက်မှတ်
ရေးထိုး တောင်းဆိုထားတယ်လို့ မစ္စတာ ဆူမတ်ဆုက ပြောပါတယ်။

မြန်မာနိုင်ငံအပေါ်ထားတဲ့ ဂျပန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်လို့လည်း
တဖြည်းဖြည်း ပြောင်းလဲမှု ရှိလာနေတဲ့အကြောင်း မစ္စတာဆူမတ်ဆုက ပြောပြပါ
တယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးဟာ အရေးပါတဲ့အချက်ဖြစ်တယ် ဆိုတာကို
ဂျပန်အစိုးရအနေနဲ့ တစစ သဘောပေါက်လာနေပြီ။ ဒါကြောင့် ဒီပြောင်းလဲလာတဲ့
ပေါ်လစီ အရှိန်ရလာအောင် ကျနော်တို့ လွှတ်တော်အမတ်တွေက အင်အားဖြည့်ပေး
နေတာ ဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း
ရှေ့လဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ အလားအလာ ရှိနေတဲ့အပြင်
အဲဒီလို မြန်မာနိုင်ငံကို မသွားခင် အခုလကုန်ပိုင်း ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်
ဖို့ ရှိတာမို့ အခုလို မြန်မာ့အရေးကို လှုပ်ရှားဆောင်ရွက်နေကြတဲ့ ဂျပန်လွှတ်တော်
အမတ်တွေအနေနဲ့ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် ရှိပါသလားလို့
မေးကြည့်တဲ့အခါမှာတော့ …

“အချိန်ရရင်တော့ မစ္စတာဘန်ကီမွန်းနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးချင်ပါတယ်။
ဘာပဲဖြစ်ဖြစ် မစ္စတာဘန်ကီမွန်း လာတဲ့အခါ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး
လုပ်ငန်းတွေ ဆွေးနွေးရအောင်၊ နောက် ကျနော်တို့အနေနဲ့ ဘယ်လိုကူညီနိုင်မယ်
ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးရအောင် ကျနော်နဲ့ တွေ့ခွင့်ပေးဖို့ ကျနော်တို့ဘက်ကတော့
ဂျပန်အစိုးရထံမှာ တောင်းဆိုထားပါတယ်။”

ဂျပန်လွှတ်တော်အမတ်တွေက အခုလို မြန်မာ့အရေးကို တက်တက်ကြွကြွ ပါဝင်
လှုပ်ရှားလာတဲ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ဖိအားပေး
လုပ်ဆောင်ဖို့ တောင်းဆိုတဲ့စာတွေ ဂျပန်အစိုးရကို အခုလို ပေးအပ်ခဲ့တာက အစိုးရရဲ့
နိုင်ငံခြားရေးပေါ်လစီ ပြောင်းလဲလာနိုင်တယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေသူတွေ
က ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG