သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်အမြင့်တက်သမား မြန်မာ့အရေး စွန့်စား ဆန္ဒပြ


ဗြိတိန်နိုင်ငံသား အမြင့်တက်သမားတဦးဟာ လန်ဒန်မြို့က လွိုက်ဒ်စ် အော့ဖ် လန်ဒန်
(Lloyd’s of London) အာမခံကုမ္ပဏီကြီးရှိတဲ့ အဆောက်အဦးကို တွယ်တက်ပြီး
“Leave Burma” “မြန်မာနိုင်ငံက ထွက်” လို့ အဓိပ္ပာယ်ရတဲ့ စာတမ်းကြီးကို ချိတ်ဆွဲခဲ့
ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် အခုလိုလုပ်ခဲ့တဲ့
အဲဒီအမြင့်တက်သမားကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြ
ပေးထားပါတယ်။

အထပ် ၁၄ ထပ်ရှိပြီး အမြင့်ပေ ၁၉၀ နီးပါးရှိတဲ့ အဆောက်အဦးကြီးကို ကြိုးမပါ၊
ထောက်ကူပြုပစ္စည်းမပါဘဲ အနောက်တိုင်းဝတ်စုံအပြည့် ဟန်ကျကျဝတ်ဆင်ပြီး
တွယ်တက်ခဲ့သူကတော့ အသက် ၄၇ နှစ်အရွယ် မိုက်ခ် ရောဘတ်ဆန် (Mike
Robertson) ပါ။ ဘာ့ကြောင့် အခုလိုလုပ်တယ်ဆိုတာကို သူက ပြောပြရာမှာ…

“လွိုက်ဒ်စ်ကုမ္ပဏီဟာ မြန်မာလူထုအပေါ်မှာ တာဝန်ရှိတာမို့ ကျနော် ဒါကို ရိုးရိုးလေး
လုပ်တာပါ။ ဒါ့အပြင် ဒီကနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့လည်း ဖြစ်နေတဲ့
အခါကြတော့ နောက်ထပ် အကြောင်းရင်းတခု ဖြစ်သွားတာပေါ့ဗျာ။”

ဗြိတိန်နိုင်ငံမှာ အထပ်မြင့် အဆောက်အဦးတွေ အများကြီးရှိတဲ့ထဲကမှ ဘာ့ကြောင့်
လွိုက်ဒ်စ်ကုမ္ပဏီရှိတဲ့ ဒီအဆောက်အဦးကိုမှ ရွေးရတာပါလဲ၊ မိုက်ခ်ရဲ့အဖြေကတော့
ဒီအဆောက်အဦးထဲမှာ မြန်မာစစ်အစိုးရနဲ့ ငွေကြေးပတ်သက်တာတွေ အများကြီး
ရှိနေလို့ပါတဲ့။

“အဲဒီ လွိုက်ဒ်စ်ကုမ္ပဏီရှိတဲ့ အဆောက်အဦးထဲမှာ မြန်မာဗိုလ်ချုပ်ကြီးတွေနဲ့ ဘဏ္ဍာ
ငွေကြေးကိစ္စ ဆက်ဆံတာတွေ အများကြီး ရှိနေပါတယ်။ သူတို့က အရေးမကြီး
သယောင် လျှော့ပြီးပြောနေပေမယ့် ငွေကြေးကိစ္စတွေမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့
ပတ်သက်နေကြတာပါ။ ဒီ ဗြိတိန်မှာက အမေရိကန်နဲ့မတူဘဲ ဘဏ္ဍာငွေစီးဆင်းမှု
ဆိုင်ရာ ပိတ်ဆို့အရေးယူထားတာတွေ မရှိဘူးလေ။ အာမခံတွေ ရောင်းခွင့်ပြုထားပြီး
မြန်မာစစ်အစိုးရရဲ့ လေကြောင်းလိုင်းတွေနဲ့ သင်္ဘောလုပ်ငန်းတွေကို အထောက်အပံ့
ပြုနေပါတယ်။”

လွိုက်ဒ်စ်ကုမ္ပဏီဟာ အာမခံကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံက လေကြောင်းလိုင်းတွေ၊
သင်္ဘောလုပ်ငန်းတွေကို အာမခံထားတဲ့နေရာမှာ ပတ်သက်လုပ်ဆောင်ပေးနေတဲ့
အတွက် မြန်မာ့အရေးလှုပ်ရှားသူတွေက ဝေဖန်တိုက်ခိုက်တာကို ခံနေရတဲ့ ကုမ္ပဏီပါ။

အခုလို တက်ခဲ့တဲ့အတွက် မိုက်ခ်ကို လန်ဒန်ရဲက ဖမ်းဆီးပြီး အေးချမ်းမှုကို
နှောင့်ယှက်ဖျက်ဆီးမှု၊ ခွင့်ပြုချက်မရဘဲ ပိုင်နက်ကျူးကျော်မှုနဲ့ စွဲချက်တင်ထားပြီး
အမှုရင်ဆိုင်နေရပါတယ်။ ဒီလိုအဖြစ်နဲ့ ကြုံရပေမယ့်လည်း မိုက်ခ်ကတော့ နောင်တ
မရဘဲ သူ လုပ်သင့်တာကို လုပ်ခဲ့တာပါလို့ ပြောပါတယ်။

မိုက်ခ် ရောဘတ်ဆန်ဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ပြင်သစ်နိုင်ငံက
ကမ္ဘာကျော် အီဖယ်လ်မျှော်စင်ကြီးကို တက်ရောက်ခဲ့သေးပြီး မြန်မာနိုင်ငံမှာ
ပြင်သစ်ပိုင် တိုတယ်လ်ရေနံကုမ္ပဏီရဲ့ စီးပွားရေးပတ်သက်နေတာကို လူအများသိပြီး
ရှုတ်ချပြစ်တင်လာအောင် လုပ်ဆောင်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG