သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို အရေးယူပိတ်ဆို့မှု တိုးမြှင့်ဖို့ အီးယူ ဆုံးဖြတ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာပဲ အီးယူ ဥရောပ
အဖွဲ့ဝင် နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပိုတိုးပြီး ဆောင်ရွက်
သွားမယ်လို့ ကြေညာပါတယ်။ အီးယူ ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ်
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးခေါ် သံဃာ့လှုပ်ရှားမှုအပြီး တိုးပြီး
ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို နောက်တဆင့် တိုးမြှင့်သွားမယ်လို့ ပြောဆို
သွားတာပါ။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုပြီး ပထမစာပိုဒ်မှာ
စကားလုံး ၆၄ လုံးနဲ့ မနေ့က အီးယူ ဥရောပသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ နောက်ထပ် ပိုပြီးပြင်းထန်တဲ့
အရေးယူပိတ်ဆို့မှုတွေ ပြဋ္ဌာန်းသွားမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားသလို
ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘူးဆိုရင် စစ်အစိုးရကျင်းပမယ့် ၂၀၁၀
ရွေးကောက်ပွဲအပေါ် လူအများ လက်ခံနိုင်ခြေလည်း ထပ်ပြီး ဆုတ်ယုတ်သွားလိမ့်
မယ်လို့ ပါရှိပါတယ်။

မနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗြိတိန်
ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က မြန်မာစစ်အစိုးရက
ဒေါ်အောင်ဆန်းစုကြည်အပေါ် အခြေအမြစ်မရှိ မလိုမုန်းထား လုပ်ကြံတရားစွဲဆိုနေ
တာဟာ စိတ်မကောင်းစရာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ ဒါ့အပြင် …

“သူမဟာ ကျနော်အပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ ပိုမိုကောင်းမွန်မျှတတဲ့
ကမ္ဘာကို ဖန်တီးဖို့ ကြိုးစားနေသူတွေအတွက် ရှေ့ဆောင်လမ်းပြပါ။ အခုဆိုရင် မြန်မာ
စစ်အစိုးရအပေါ် ပိုပြီးပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးဖို့ ဥရောပနိုင်ငံ
တွေက ဒီနေ့ သဘောတူလိုက်ပါပြီ။ မြန်မာစစ်အစိုးရအနေနဲ့ ဒီလို သူတို့လုပ်ရပ်
အတွက် အကျိုးဆက်တွေ ရင်ဆိုင်ရမယ်ဆိုတာ သိရပါလိမ့်မယ်။”

မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို ပြည်ဝင်ခွင့် ငြင်းပယ်တာ၊ စစ်အစိုးရခေါင်းဆောင်တွေနဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေ ဥရောပမှာ ရှိခဲ့ရင် ထိမ်းချုပ်လိုက်တာ၊ လက်နက်ရောင်းချမှု ပိတ်ပင်တာ စတဲ့ အရေးယူ ပိတ်ဆို့မှုတွေ အီးယူက ပြဌာန်းပြီးသားဖြစ်ပါတယ်။ အခု ထပ်ပြီး နောက်တဆင့် အရေးယူမှုတွေ ပြဌာန်းသွားမယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်အစိုးရအပေါ် ဘယ်လို စည်းကမ်းချက်တွေ ထပ်သတ်မှတ်မယ်ဆိုတာကို အီးယူရဲ့ မနေ့က ကြေညာချက်မှာ အတိအကျ ဖေါ်ပြမထားပါဘူး။

မြန်မာစစ်အစိုးရအပေါ် အာရှနိုင်ငံတွေနဲ့ လက်တွဲပြီး ပိုပြီး ဖိအားပေးသွားမယ်လို့
လည်း ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ပြောဆိုပါတယ်။ မကြာခင်မှာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) လည်း မြန်မာနိုင်ငံကို
သွားနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုသွားပါတယ်။

အီးယူ ဥရောပနိုင်ငံတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အလေးအနက်
ထားတယ်ဆိုတာကို ထပ်မံထုတ်ဖော်သွားတဲ့သူကတော့ ဥရောပကော်မရှင်ရဲ့ ဥက္ကဋ္ဌ
ဟိုဆေး မန်နူယယ် ဘာရိုဆို (Jose Manuel Barroso) ပါ။ သူက စစ်အစိုးရက
ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာ ရက် ၂,၂၀၉ ရက် ရှိနေပြီလို့ အခုလို
ပြောပါတယ်။

“ဒီကနေ့ဟာ ထူးခြားတဲ့ အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပါ။ ပြီးတော့ ဒီနေ့ဟာ ၂၀၀၃ ခုနှစ်ကနေ စတွက်ရင် သူ့ရဲ့ ၂,၂၀၉ ရက်မြောက် အကျဉ်းကျခံနေရတဲ့နေ့လည်း ဖြစ်ပါတယ်။ သူပေးတဲ့ သတင်းစကားနဲ့ သူ့ရဲ့ အတွေးအမြင်တွေဟာ ဘယ်တော့မှ တိတ်ဆိတ်နေမှာ မဟုတ်ပါဘူး။ ဥရောပမှာရှိတဲ့ ကျနော်တို့အားလုံးရဲ့ ဆန္ဒကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးပါပဲ။”

မြန်မာစစ်အစိုးရဘက်ကတော့ ဥရောပအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတာဟာ ပြည်တွင်းရေးသာဖြစ်တယ်လို့ တုံ့ပြန်ထားတာပါ။ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဖရန့်ခ်-ဝေါ်လ်တာ စတိန်းမေယာ (Frank-Walter Steinmeier) ကလည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“မြန်မာပြည်အတွက်ဆိုရင် ဒီကနေ့မှာ ကျနော်တို့ အဓိကထား စဉ်းစားနေတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြသူတွေရဲ့ အကြောင်းတွေပါပဲ။ ဒေါ်စုဟာ သူ့ရဲ့ ၆၄ နှစ် ပြည့်မွေးနေ့ကို အကျဉ်းထောင်ထဲမှာ ဖြတ်သန်းနေရပါတယ်။ ကျနော်တို့ရဲ့ တောင်းဆိုချက်ကတော့ ဒေါ်စုကို ချက်ချင်း လွှတ်ပေးဖို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမှသာ မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်လိမ့်မယ်လို့ ကျနော်တို့က ထင်ပါတယ်။”

ဒီလို အီးယူဘက်က ဖိအားပေးမှုတွေကို တုံ့ပြန်ဖို့ မြန်မာစစ်အစိုးရဘက်ကတော့ အာရှ ဒေသတွင်း၊ အာဆီယံနိုင်ငံတွေ ကြားမှာ သံတမန်ရေးအရ တိတ်တဆိတ် ချဉ်းကပ်နေတယ်ဆိုတဲ့ ရန်ကုန် နိုင်ငံရေးသတင်းရပ်ကွက်ရဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်မချခင် စစ်အစိုးရဘက်က ဝန်ကြီးတချို့နဲ့ အရာရှိတချို့ အာရှ ဒေသတွင်း နိုင်ငံတွေကို လွှတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းပါ။

မနေ့က အီးယူကထုတ်တဲ့ ကြေညာချက်မှာတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အားလုံးပါဝင်ဖို့နဲ့ လွတ်လပ် တရား မျှတဖို့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ တောင်းဆိုခဲ့တာတွေကို ကြိုဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် မကြာခင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံကို သွားနိုင်ဖို့အတွက်လည်း ထောက်ခံကြိုဆိုတဲ့အကြောင်း အီးယူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG