သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးတဲ့ မြောက်ကိုရီးယားသင်္ဘော နောက်တကြိမ် ဆိုက်ကပ်ဖွယ်ရှိ


မြန်မာနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားနိုင်ငံက
ကုန်တင်သင်္ဘောတစီးမှာ စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာဖွယ်ရာ ရှိတယ်
ဆိုပြီး သံသယတွေ ၀င်နေကြပါတယ်။ ဒီအတွက် အမေရိကန် စစ်သင်္ဘောတစင်းက
လည်း အဲဒီသင်္ဘောနောက်က နောက်ယောင်ခံ စောင့်ကြည့်နေပါတယ်။
မြောက်ကိုရီးယားသင်္ဘောရဲ့ ခရီးစဉ်အပေါ် အကဲခတ်တွေရဲ့ အမြင်ကိုတော့
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

သံသယဖြစ်စရာ ကုန်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယုံကြည်နေကြတဲ့
ကမ်နမ် ၁ (Kang Nam I) လို့ အမည်ရတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်း တရုတ်
ပင်လယ်ပြင်ကနေ မြန်မာနိုင်ငံဘက် ဦးတည်နေပုံရတာမို့ စောင့်ကြည့်နေကြတာပါ။
မြန်မာနိုင်ငံကို သွားတယ် မသွားဘူးဆိုတာ တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး
မရှိပေမယ့် အရင်တုန်းကလည်း အလားတူ ၀င်ထွက်မှုမျိုးတွေ ရှိခဲ့တာကြောင့်
ဒီတကြိမ်မှာလည်း မြန်မာနိုင်ငံကို ၀င်ရောက်ဆိုက်ကပ်လိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်
တွက်ဆနေကြတာပါ။

မြန်မာနဲ့ မြောက်ကိုရီးယားအရေး အကဲခတ်စောင့်ကြည့်နေတဲ့ ဘာတေးလ် လစ်တနာ
(Bertil Lintner) ကတော့ ကမ်နမ် အမည်ရှိတဲ့ သင်္ဘောတစီးဟာဆိုရင် အရင်တုန်းက
အခုလို ၀င်ရောက်ဆိုက်ကပ်တာမျိုးတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကမ်နမ်သင်္ဘောက အရင်တုန်းကလည်း မြန်မာနိုင်ငံကို သွားဖူးပါတယ်။ နောက်တခု
ကလည်း မြန်မာနဲ့ မြောက်ကိုရီးယားတို့အကြား သံတမန်ရေးရာ ဆက်သွယ်မှုတွေ
မေလ ၂၀၀၇ တုန်းက တရားဝင် ပြန်လည်စတင်ပြီး ရက်ပိုင်းအတွင်းမှာ ဆိုသလိုပဲ
ကမ်နမ်သင်္ဘောတစင်း သီလ၀ါဆိပ်ကမ်းကို ဆိုက်ကပ်ဖူးပါတယ်။ အဲဒီတုန်းကတော့
ရာသီဥတု ဆိုးရွားနေလို့ ခိုလှုံဆိုက်ကပ်တာလို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က
ရာသီဥတုကလည်း ဆိုးဆိုးရွားရွား ဖြစ်မနေပါဘူး။”

အဲဒီအချိန်တုန်းကလည်း မြောက်ကိုရီးယားသင်္ဘောဟာ ဘယ်လိုကုန်ပစ္စည်းတွေ
တင်ဆောင်လာတယ်ဆိုတာ အတိအကျ မသိရပေမယ့်လည်း စစ်လက်နက်လို့
ယုံကြည်ရတဲ့ စက်ပစ္စည်း ကြီးကြီးမားမားတွေကို ဆိပ်ကမ်းမှာ ချသွားတယ်လို့လည်း
သူက ဆိုပါတယ်။ ဒီတကြိမ်မှာလည်း ကမ်နမ်သင်္ဘောမှာ ဘာတွေတင်ဆောင်
လာတယ်ဆိုတာ အတိအကျ မသိနိုင်ပေမယ့် ဒီသင်္ဘောကို မျက်ခြည်မပြတ်
စောင့်ကြည့်နေတဲ့ အမေရိကန် ရေတပ်ကတော့ စိုးရိမ်စရာရှိတဲ့ ပစ္စည်းတွေလို့
ဆိုထားတာမို့ သာမန်ကုန်ပစ္စည်းတွေ မဖြစ်နိုင်ဘူးလို့လည်း ယုံကြည်နေကြတာပါ။

တကယ်တော့ နိုင်ငံတကာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဝေဖန်ခံနေ
ရတဲ့ မြန်မာစစ်အစိုးရနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုကြောင့် ဒေသတွင်း
စိုးရိမ်စရာဖြစ်နေလို့ ဖြေရှင်းနေရတဲ့ မြောက်ကိုရီးယား ၂ နိုင်ငံတို့အကြား ဆက်ဆံမှု
တွေ တိုးတက်လာတာ၊ အထူးသဖြင့် မြန်မာနိုင်ငံက စစ်ရေးတည်ဆောက်မှုအတွက်
အကူအညီပေးနေတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေတာပါ။

မြောက်ကိုရီးယား ပညာရှင်တချို့ မြန်မာနိုင်ငံက စစ်ရေးတည်ဆောက်မှုတွေမှာ ပါဝင်
ပတ်သက်မှုတွေနဲ့ ပတ်သက်လို့ မကြာသေးခင်ကပဲ ဆောင်းပါးတစောင်ရေးသားပြီး
ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့တဲ့ ဘာတေးလ် လစ်တနာကတော့ …

“လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက မြောက်ကိုရီးယား ကျွမ်းကျင်သူ အများအပြား
မြန်မာနိုင်ငံကို သွားကြတယ်ဆိုတာ ရှင်းနေတာပါပဲ။ ပထမဆုံး မြောက်ကိုရီးယားတွေ
ကို ဆိုရင်လည်း ရန်ကုန် သံလျက်စွန်းမှာ တွေ့ရတာပါ။ သူတို့တတွေက မြန်မာ
စစ်အစိုးရရဲ့ ဒုံးကျည်တပ်ဆင်မှုတွေမှာ ကူညီပေးတာတွေလည်း ရှိပါတယ်။”

လတ်တလောမှာတော့ အမေရိကန်ရေတပ် ဖျက်သင်္ဘောတစင်းဖြစ်တဲ့ USS John S.
McCain က တန်ချိန် ၂,၀၀၀ ရှိတဲ့ ကမ်နမ် ၁ ကို မျက်ခြည်မပြတ် နောက်ယောင်ခံ
လိုက်ကြည့်နေသလို ဆက်သွယ်ရေးဂြိုဟ်တုကနေလည်း လမ်းကြောင်းကို စောင့်ကြည့်
နေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ကမ်နမ်သင်္ဘောဟာ သီလ၀ါဆိပ်ကမ်းကို
ဆိုက်ကပ်ဖွယ်ရာရှိတယ် ဆိုပြီးတော့ သတင်းတွေ ကြားနေရပေမဲ့လည်း ဆိုက်ကပ်
မယ့် သင်္ဘောစာရင်းထဲမှာတော့ ထည့်သွင်းမထားဘူးလို့လည်း ဆိပ်ကမ်းအာဏာပိုင်
တွေနဲ့ နီးစပ်တဲ့ အသိုင်းအ၀န်းက ပြောပါတယ်။

ဒီလို နိုင်ငံတကာက ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာ
စစ်အစိုးရတို့အကြား ဆက်ဆံမှုတွေဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ပြဿနာတွေနဲ့
ရင်ဆိုင်လာရစရာတွေ ရှိလိမ့်မယ်လို့လည်း အကဲခတ်တွေက တွက်ဆနေကြတာပါ။
အထူးသဖြင့်ကတော့ အခုလို ဆက်ဆံမှုတွေက မြန်မာစစ်အစိုးရအတွက် နိုင်ငံရေးအရ
ကျောထောက်နောက်ခံပေးနေတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ရင်းနှီးမှုတွေအပေါ်
ထိခိုက်စရာတွေ ရှိနိုင်တယ်လို့ ဘာတေးလ် လစ်တနာက သူ့အယူအဆကို
ပြောပါတယ်။

“ဘာကြောင့်လည်းဆိုတော့ ဒါဟာ တရုတ်နိုင်ငံက မြန်မာအပေါ် အခုအနေအထားမှာ
သိပ်ပြီး ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိတော့တဲ့အဓိပ္ပါယ် ဖြစ်နေလို့ပါ။ နိုင်ငံရေးအရ
သြဇာလွှမ်းမိုးနိုင်တာတွေ မရှိတော့သလို တခြားကုန်သွယ်မှုတွေ၊ တင်ပို့မှုတွေနဲ့
ပတ်သက်လို့လည်း လက်လွှတ်ရမယ့် အခြေအနေမျိုးမို့ သိပ်တော့ ၀မ်းသာမယ်
မထင်ပါဘူး။”

ဒါဟာဆိုရင် လဆန်းပိုင်းအတွင်း မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချမှတ်အပြီး ပထမဆုံးအကြိမ် ထွက်ပေါ်လာတဲ့ ဖြစ်ရပ်
ပါ။ ဒီဆုံးဖြတ်ချက်ထဲမှာတော့ မြောက်ကိုရီးယား နျူကလီးယား လက်နက်အစီအစဉ်၊
ဒုံးကျည်လက်နက် အစီအစဉ်တွေ မလုပ်နိုင်အောင် မြောက်ကိုရီးယား သင်္ဘောတွေကို
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ၀င်ရောက်ရှာဖွေ စစ်ဆေးနိုင်တယ်ဆိုတဲ့ အချက်တွေ
ထည့်သွင်းထားတာပါ။

ဒါပေမယ့်လည်း ဒီလို စစ်ဆေးခွင့်ပြုဖို့က မြောက်ကိုရီးယားနိုင်ငံရဲ့ ခွင့်ပြုချက်
လိုအပ်တာဖြစ်သလို နိုင်ငံတနိုင်ငံရဲ့ ပိုင်နက်အတွင်း ရောက်သွားပြီဆိုရင်တော့
သက်ဆိုင်ရာနိုင်ငံရဲ့ ခွင့်ပြုချက်ရမှ ဖြစ်မှာပါ။ ဒါကြောင့်မို့ မြန်မာနိုင်ငံကိုသာ အများက
ယူဆထားသလို ဆိုက်ကပ်ခဲ့မယ်ဆိုရင် ဒီလိုရှာဖွေစစ်ဆေးမှုတွေ ဖြစ်လာဖို့ အလား
အလာ သိပ်ရှိမှာမဟုတ်ဘူးလို့လည်း အကဲခတ်တွေက တွက်ဆထားကြတာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG