သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီးယားသင်္ဘော စစ်ဆေးဖို့ အမေရိကန် တိုက်တွန်း


မြန်မာနိုင်ငံကို ဦးတည်နေတယ်လို့ ယူဆရတဲ့ သံသယရှိဖွယ် မြောက်ကိုရီးယားသင်္ဘောကို လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း အရေးယူစစ်ဆေးမှုလုပ်ဖို့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆိုပါတယ်။ဒီသင်္ဘောဟာ အရင်တုန်းကလည်း တာတိုပစ်ဒုံးကျည် အစိတ်အပိုင်းအချို့ကို သယ်ပြီးမြန်မာနိုင်ငံကို လာရောက်ပို့ဆောင်ခဲ့ဖူးတယ်လို့ စောင့်ကြည့်လေ့လာသူတွေကတော့ပြောနေပါတယ်။ ဒီတော့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီယားနှစ်နိုင်ငံ စစ်လက်နက်ပစ္စည်းရောင်းဝယ်ဆက်စပ်မှုတွေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်လက်နက် အစီအစဉ်တွေကို ဟန့်တားဖို့အတွက်စစ်လက်နက်ပစ္စည်းတွေ၊ နျူကလီးယားနဲ့ ဒုံးကျည်အစိတ်အပိုင်းတွေ တင်ပို့တာတွေတားမြစ်တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ထွက်ပြီး ဒါ ပထမဆုံးအကြိမ် မြောက်ကိုရီးယားဘက်က အကဲစမ်းမှုလို့ ပြောရပါမယ်။ ဆုံးဖြတ်ချက်အတိုင်းဆိုရင်တော့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မသင်္ကာဖွယ် မြောက်ကိုရီးယား သင်္ဘောတွေကိုနျူကလီယားလက်နက် အစီအစဉ်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ပါမပါ စစ်ဆေးလို့ရပြီးဖျက်ဆီးပစ်နိုင်ပါတယ်။ ကန်နန် ၁ (Kang Nam I) မြောက်ကိုရီးယား သင်္ဘောဟာစစ်လက်နက်ပစ္စည်းတွေကို တင်ဆောင်ပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်နေတယ်လို့တောင်ကိုရီးယား ထောက်လှမ်းရေးသတင်းက ခန့်မှန်းထားပါတယ်။

အမေရိကန် ရေတပ်သင်္ဘောကတော့ ဒါကို သံသယဖြစ်ပြီး နောက်ယောင်ခံလိုက်နေပေမယ့် ကြားဖြတ် ဟန့်တားစစ်ဆေးမှု လုပ်မလုပ်တော့ အမေရိကန် အစိုးရဘက်ကရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။ ဒါပေမဲ့လို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း လိုက်နာကြဖို့တော့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အီယန်ကယ်လီ (Ian Kelly) က မနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို တိုက်တွန်းသွားပါတယ်။

“မြောက်ကိုရီးယားအနေနဲ့ ရန်စတဲ့လုပ်ရပ်မျိုးတွေ မလုပ်ဖို့ ကျနော်တို့ အမြဲတောင်းဆိုနေတာပါ။ ကျနော်တို့ နိုင်ငံခြားရေးဌာန အနေနဲ့ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ အရ အရေးယူဆောင်ရွက်မှုကို အလေးပေးပါတယ်။အဲဒီဆုံးဖြတ်ချက်အရ သင်္ဘောကို စစ်ဆေးခွင့်ဟာ အရေးကြီးတဲ့အချက်ပါ။ ဒါကြောင့်အခြား ကုလသမဂ္ဂနိုင်ငံတွေကိုလည်း ဒီဆုံးဖြတ်ချက် ၁၈၇၄ အတိုင်း ဆောင်ရွက်ဖို့တိုက်တွန်းပါတယ်။”

ကန်နန် ၁ မြောက်ကိုရီးယားသင်္ဘောဟာ အရင်တုန်းကလည်း မြန်မာနိုင်ငံကိုလာရောက်ခဲ့ဖူးပြီး စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာခဲ့ဖူးတယ်လို့ လေ့လာသူတွေကတော့ ပြောပါတယ်။ ဒါ့အပြင် နျူကလီးယားထုတ်လုပ်မှုအတွက် အခြေခံပစ္စည်း yellow cake ကို မြန်မာနိုင်ငံဘက်က မြောက်ကိုရီးယားနဲ့ အီရန်ဘက်ကို တင်ပို့နိုင်ဖွယ်ရှိတယ်လို့လည်း သံသယတွေ ဖြစ်ထားကြပါတယ်။ မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေးကို အနီးကပ်စောင့်ကြည့်နေတဲ့ Dictator watch က ရိုလန် ဝပ်တ်ဆန် (RolandWatson) ကတော့ အခုသင်္ဘောဟာ ဒုံးကျည်လက်နက်အချို့တင်ပြီး မြန်မာနိုင်ငံကိုလာနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ကန်နန် ၁ သင်္ဘောဟာ ၂၀၀၇ ခုနှစ်တုန်းကတကြိမ် မြန်မာနိုင်ငံက သီလဝါဆိပ်ကမ်းကို ဆိုက်ရောက်ပြီး ကုန်တွေချဖူးပါတယ်။ ဒီသင်္ဘောဟာ ဒုံးကျည်အစိတ်အပိုင်းတွေကို သယ်ဆောင်လာခဲ့တယ်ဆိုတဲ့ အမေရိကန်အစိုးရ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ သတင်းတွေက အတော်လေး ယုံကြည်စရာရှိပါတယ်။ ဒီအချက်ကိုကြည့်ရင်ပဲ မြောက်ကိုရီးယားက ဒုံးကျည်အစိတ်အပိုင်းအချို့ မြန်မာနိုင်ငံကို ၂၀၀၇ခုနှစ်ကတည်းက ရောက်နှင့်နေပြီဆိုတာ ထင်သာမြင်သာ ရှိပါတယ်။ ဒါကြောင့် အခုသင်္ဘောဟာ မြန်မာနိုင်ငံကို သွားနေတယ်၊ အဲဒီထဲမှာ ဒုံးကျည်အစိတ်အပိုင်းတွေ သယ်ဆောင်လာတယ်လို့ ကျနော်ယုံကြည်ပါတယ်။”

မြန်မာအစိုးရဟာ မြောက်ကိုရီးယားထံကနေ တာတိုပစ်ဒုံးကျည်တွေကို ရရှိပိုင်ဆိုင်ထားပြီး ပတ်ဝန်းကျင်နိုင်ငံတွေကို ချိန်ရွယ်ထားတယ်လို့လည်း ရိုလန် ဝပ်တ်ဆန်ကပြောပါတယ်။

“၂၀၀၇ ဇူလိုင်ကတည်းက မြန်မာစစ်အစိုးရမှာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ရှိထားပြီဆိုတဲ့ အထောက်အထားတွေ Dictator watch အဖွဲ့အနေနဲ့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ဒါတွေကို မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာ ချထားပြီး ထိုင်းနိုင်ငံဘက်က လေကြောင်းစခန်းတွေကို ချိန်ရွယ်ထားပါတယ်။ သူတို့အနေနဲ့ အိန္ဒိယဘက်ကိုလည်း ချိန်ရွယ်ထားနိုင်ပါတယ်။”

ဒီသင်္ဘောဟာ မြောက်ကိုရီးယားကို အပြန်မှာ မြန်မာနိုင်ငံက ဘာတွေ ပြန်သယ်ဆောင်သလဲဆိုတာကတော့ မေးခွန်းထုတ်စရာပဲလို့လည်း ရိုလန်က ပြောပါတယ်။ သတင်းတွေအရဆိုရင်တော့ အရင်တုန်းက မြောက်ကိုရီးယားသင်္ဘောတွေက မြန်မာနိုင်ငံကကုန်ချအပြန်မှာ မြောက်ကိုရီးယားနဲ့ အီရန်ဘက်တွေကို သွားရောက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား၊ အီရန်တို့ရဲ့ နျူကလီယား အစီအစဉ်တွေနဲ့ ပတ်သက်မှုရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။ ဒါကြောင့် အခုလို မြောက်ကိုရီးယား-မြန်မာ နီးနီးကပ်ကပ် ဆက်ဆံလာတာဟာ နိုင်ငံတကာအတွက်တော့ ခြိမ်းခြောက်မှုတခုလို့ သူက ယူဆပါတယ်။

“အခုလို မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံတွဲပြီး လုပ်ဆောင်နေတာတွေဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေပါတယ်။ အရင် ဒုက္ခသည်တွေ ထိုင်းကိုပြေးလာတာတွေ၊ မူးယစ်ဆေးဝါး ကုန်သွယ်မှု လုပ်ငန်းတွေထက်ကို ပိုပြီးဆိုးပါတယ်။ မြန်မာစစ်အစိုးရရဲ့ အခြေအနေဟာ ကမ္ဘာကြီးအတွက်၊ နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် အဆိုးဆုံး ခြိမ်းခြောက်မှုတရပ် ဖြစ်လာပါတယ်။ အထူးသဖြင့်ကတော့ဒေသတွင်းနိုင်ငံတွေကိုပါ။ ယူရေနီယံသန့်စင်မှုလုပ်တာ၊ ဒုံးကျည်လက်နက် အစီအစဉ်လုပ်တာတွေ စတာတွေကြောင့် လက်နက်ပြန့်ပွားမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလက်နက်တွေဟာ နေရာအနှံ့အပြားက အကြမ်းဖက်သမားတွေဆီပါ ပျံ့နှံ့သွားနိုင်ပါတယ်။ သေချာတဲ့ အဓိကအချက်ကတော့ ဒေသတွင်းနိုင်ငံတွေကို ခြိမ်းခြောက်မှုဖြစ်ပါတယ်။ ထိုင်းတို့၊ အိန္ဒိယတို့လို နိုင်ငံတွေအတွက်ပါ။ ဒါပေမဲ့ ဒါနဲ့တင်ရပ်သွားမယ့်ပုံ မရှိပါဘူး။”

အမေရိကန်ဘက်ကလည်း ဒီသင်္ဘောကို လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်းစစ်ဆေးဖို့ တိုက်တွန်းမှုတွေ ရှိလာတာကြောင့် အခုလာမယ့် နှစ်ရက်သုံးရက်အတွင်းအခြေအနေဟာ ပိုလို့ စိတ်ဝင်စားစရာရှိတယ်လို့ ရိုလန်က ပြောပါတယ်။

“စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စကတော့ မြန်မာနိုင်ငံကို မရောက်ခင် စင်ကာပူကိုရောက်မယ့် အခြေအနေပါ။ နောက်လာမယ့် နှစ်ရက် သုံးရက်ဟာ အတော်လေးကိုစိတ်ဝင်စားစရာကောင်းလာမယ့် အခြေအနေပါ။ အမေရိကန် စစ်သင်္ဘောကလည်းနောက်က ထပ်ကြပ်မကွာ လိုက်နေတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရစင်ကာပူဆိပ်ကမ်းကို ဆိုက်ရောက်လာရင် သင်္ဘောကို စစ်ဆေးမှု လုပ်လာနိုင်ပါတယ်။”

မြန်မာနိုင်ငံက စစ်အရာရှိတွေ အထူးသဖြင့် စစ်ဖက်မှာ တတိယအကြီးဆုံးဗိုလ်ချုပ်ကြီးရွှေမန်းဟာ ဒီနှစ်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့တာကြောင့် မြန်မာ-မြောက်ကိုရီးယား စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့သုံးသပ်လာကြတာပါ။ ဒါ့အပြင် မြောက်ကိုရီးယားဘက်က နျူကလီးယား နည်းပညာရှင်တွေ အခြား စစ်ဖက်နည်းပညာရှင်တွေဟာလည်း မြန်မာနိုင်ငံတွင်းက ရုရှားနျူကလီးယားဓာတ်ပေါင်းဖိုကိစ္စနဲ့ အခြားစစ်ရေးကိစ္စတွေမှာ လာရောက်ကူညီမှုတွေရှိတယ်လို့လည်း အထောက်အထားတွေနဲ့ ရေးသားတင်ပြသူတွေလည်း ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG