သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် တရုတ် သဘောထား ပြောင်းလဲလာပြီလား?


မြန်မာစစ်အစိုးရကို နိုင်ငံတကာက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဆောင်တဲ့အတွက် အရေးယူဖို့ ဖိအားပေး တိုက်တွန်းပြောဆိုတိုင်း အမြဲတမ်း တရုတ်နိုင်ငံက ရှေ့တန်းကနေ ထော်လော်ကန့်လန့် ကာဆီးကာဆီး အကာအကွယ်ပေး လုပ်ပေးနေခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ပေးလာခဲ့ပေမယ့် အခုတကြိမ်မှာတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး တင်းတင်းမာမာ ပြောဆိုခြင်း မရှိပေမယ့် အနည်းငယ် တိုက်တိုက်တွန်းတွန်း ပြောဆိုလာတာကို တွေ့ရပါတယ်။ ဒီလိုပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ သဘောထား ပြောင်းလဲလာတဲ့ အရိပ်အရောင်ကို မြန်မာအရေး လှုပ်ရှား လုပ်ကိုင်နေသူများရဲ့ အမြင်သုံးသပ်ချက်များကို သိရှိနိုင်ဖို့ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (NLD–LA) ရဲ့ နိုင်ငံခြားရေးရာဌာန တာဝန်ခံ ဦးညိုအုန်းမြင့်၊ မြန်မာ့အရေး လေ့လာစောင့်ကြည့်နေသူ ဦးအောင်သူငြိမ်းတို့ကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာသတင်းဌာန) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ - ပထမဦးဆုံး အဲဒီအချက်ကို လက်ခံပါလား၊ ဦးညိုအုန်းမြင့် ဘယ်လိုသဘောရပါသလဲ။

ဦးညိုအုန်းမြင့် - “ကျနော်လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်ရဲ့ မြန်မာနိုင်ငံအပေါ်မှာ အမြဲတမ်း သူ့အနေနဲ့ ကာကွယ်ပေးနိုင် ပေမယ့်လည်း ဒီကနေ့ မြန်မာနိုင်ငံရဲ့ စစ်ခေါင်းဆောင်တွေက နိုင်ငံတကာကို မထီမဲ့မြင် လုပ်လာလေလေ တရုတ်အစိုးရအတွက် ပိုပြီး အခက်တွေ့လေလေ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဘယ်လိုပဲ အကျိုးစီးပွားကို ရှေ့တန်းထားထား တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ မျက်နှာစာမှာ နအဖကြောင့် ဒုက္ခရောက်ရပေါင်း များတဲ့အတွက်ကြောင့်၊ နိုင်ငံရေးသိက္ခာ ကျရတဲ့အတွက်ကြောင့် ဒီတကြိမ်မှာတော့ သူတို့ရဲ့ တရုတ်-မြန်မာ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရမယ့် အနေအထား ရောက်တယ်လို့ ကျနော်ထင်ပါတယ်။”

ဦးကျော်ဇံသာ - ဦးအောင်သူငြိမ်း ဘယ်လိုသဘောရပါသလဲ။

ဦးအောင်သူငြိမ်း - “အဓိကကတော့ နိုင်ငံတကာမှာ တရုတ်က မြန်မာစစ်အစိုးရအပေါ် အကာအကွယ် ပေးနေတဲ့ အချက်ပေါ်မှာ သူတို့ဘက်က တဖြည်းဖြည်း အရှက်ရလာစရာ ရှိတယ်လို့ ယူဆပါတယ်။ ဒါကြောင့်ပဲ အခုလို တိုက်တွန်း ပြောဆိုတာတွေ ဖြစ်လာတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့်လည်း မတူတာတချက်ကတော့ ဒီ တရုတ်နိုင်ငံက ကျန်တဲ့ အနောက်နိုင်ငံတွေ အမေရိကန်တို့၊ ဥရောပသမဂ္ဂတို့ ရပ်တည်ချက်အတိုင်း ဗမာပြည်အစိုးရအပေါ်ကို ဖိအားပေးတာမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်မယူဆပါဘူး။ ဒါပေမယ့် ပိုပြီးတော့ တိုက်တွန်းပြောဆိုတာမျိုးတော့ ဖြစ်လာနိုင်စရာ ရှိပါတယ်။”

ဦးကျော်ဇံသာ - ဒါပေမယ့် မြောက်ကိုရီးယားမှာလည်း အလားတူပဲ တရုတ်နိုင်ငံဟာ မြန်မာပြည်အပေါ်မှာ အကာအကွယ် ပေးခဲ့သလိုဘဲ မြောက်ကိုရီးယား အရေးမှာလည်း တရုတ်ဟာ အင်မတန် နှေးကွေးတုံ့နှေး နေခဲ့တယ်။ မြောက်ကိုရီးယားကို နိုင်ငံတကာနဲ့တန်းတူ အရေးယူ ပြောဆိုမယ့်ကိစ္စ၊ ဒါပေမယ့် အခုတကြိမ်မှာတော့ မြောက်ကိုရီးယားကို တရုတ်က နိုင်ငံတကာနဲ့အတူ ရောပြီးတော့ မလုပ်သင့်ဘူးဆိုပြီးတော့ အဏုမြူဗုံး စမ်းသပ်တဲ့ကိစ္စမှာ ပြောလာခဲ့ပါတယ်။ အဲဒီလိုပုံစံမျိုး မြန်မာနိုင်ငံအပေါ်မှာ ပြောင်းလာစရာအကြောင်း မရှိဘူးလားခင်ဗျာ၊ ဦးအောင်သူငြိမ်း ဆက်ပြောပါ။

ဦးအောင်သူငြိမ်း - “အဓိကကတော့ မြောက်ကိုရီးယားက လုံခြုံရေးကိစ္စပေ့ါ၊ ဒါနဲ့ပတ်သက်ပြီး သူတို့ဘက်က ပိုပြီး စိုးရိမ်စရာရှိတယ်လို့ ယူဆပါတယ်။ အထူးသဖြင့်တော့ အဏုမြူဗုံး ကိစ္စတွေ ရှိလာသလို မြောက်ကိုရီးယားဘက်ကလည်း ဒုံးပျံလွှတ်တာတို့ စသဖြင့် ဒီလို ရန်စကျူးကျော်တဲ့ အပြုအမူတွေ ရှိတဲ့အတွက်ကြောင့် ပိုပြီးတော့ သူတို့ စိုးရိမ်စရာအကြောင်း ရှိပါလိမ့်မယ်။ မြန်မာနိုင်ငံ အနေအထားမှာကြတော့ တွေ့နေရတဲ့ အနေအထားက သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို သူတို့အပေါ်မှာလည်း တချို့ပြဿနာတွေက သွားပြီး ရိုက်ခတ်တာ ရှိကောင်းရှိပါလိမ့်မယ်။ ဥပမာ မူးယစ်ဆေးဝါး ကိစ္စတို့၊ ကျနော်တို့ဆီက ဒုက္ခသည်တွေ ကိစ္စ စသဖြင့် ဒါတွေကတော့ တစုံတရာ တရုတ်နိုင်ငံအပေါ်မှာ ရိုက်ခတ်နိုင်ပါတယ်။ ဒါပေမယ့် ခုနပြောတဲ့ လုံခြုံရေးအရ ယှဉ်မယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံ ပြဿနာက သေးဦးမယ်လို့ ယူဆပါတယ်။”

ဦးကျော်ဇံသာ - ဦးညိုအုန်းမြင့်ကရော ဘယ်လိုမြင်ပါသလဲ။ တကယ်တော့ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာက သုံးသပ်သူ တချို့ကတော့ တရုတ်ဟာ မြောက်ကိုရီးယားလို နိုင်ငံမျိုးကို နိုင်ငံတကာက ဘယ်လို ဖိအားပေးနေပေမယ့် အဲဒီအချိန်မှာ မြောက်ကိုရီးယားဟာ သူ့လူလို့မြင်တယ်၊ သူ့အတွက် အားကိုးအားထား တရပ်လို့ အနည်းဆုံး မြင်တဲ့အတွက် ကာဆီးကာဆီး လုပ်ခဲ့တယ်။ အခု မြောက်ကိုရီးယား အန္တရာယ်ဟာ နိုင်ငံတကာက စိုးရိမ်သလိုပဲ တရုတ်နိုင်ငံအတွက်လည်း အန္တရယ် ဖြစ်တယ်ဆိုတာ မြင်လာတဲ့အတွက် သဘောထား ပြောင်းသွားတယ်လို့ ယူဆပါတယ်။ မြန်မာနဲ့ တရုတ်ကြားမှာရှိတဲ့ တိုင်းရင်းသား ပြဿနာတို့၊ လူမျိုးစု ပြဿနာတို့ရော တရုတ်နိုင်ငံရဲ့ မူဝါဒ ပြောင်းလဲလောက်အောင် အန္တရာယ်တရပ် ဖြစ်လာနိုင်ပါသလား၊ အခုအခြေအနေမှာ။

ဦးညိုအုန်းမြင့် - “မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ်မှာ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားတွေ မရှိသလိုဘဲ မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက် ရှိပေမယ့် ဗမာပြည်မှာလည်း နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဆောင်ရွက်နေမှုဟာ ဗမာပြည်မှာလည်း နျူကလီးယား လက်နက်သဖွယ် အန္တရာယ်ရှိတယ် ဆိုတာကိုလည်း တကမ္ဘာလုံးက အသိအမှတ်ပြုပါတယ်။ ဒီအတွက်ကြောင့် တရုတ်အစိုးရ အနေနဲ့လည်း မြန်မာနိုင်ငံကို စဉ်းစားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ နယ်ခြားပြဿနာနဲ့ နောက်တခါ ကိုအောင်သူငြိမ်း ရှင်းပြသလိုပဲ မူးယစ်ဆေးဝါး ပြဿနာ၊ နောက် နိုင်ငံရေးအရ သောင်မတင် ရေမကျဖြစ်နေတဲ့ နှစ် ၂၀ ကြာ ဒီမိုကရေစီရေး လှုပ်ရှားမှုကို တနေရာရာကို ဦးတည်စေချင်ပြီဆိုတဲ့ အချက်ကိုတော့ ကျနော်တို့ တွေ့နိုင်ပါတယ်။ ဒီအတွက်ကြောင့်လည်း တရုတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့၊ အဆင်ပြေနိုင်တဲ့ နည်းလမ်းတခုကို ရှာဖွေပေးဖို့ သူ့မှာလည်း အာသီသရှိတယ်လို့ ကျနော်ထင်ပါတယ်။”

ဦးကျော်ဇံသာ - အရင်တုန်းကတော့ နိုင်ငံတကာက ဘယ်လိုပဲပြောပြော မြန်မာနိုင်ငံဟာ သူ့အတွက် အသုံးတည့်နေတယ်၊ နိုင်ငံတကာက မြန်မာနိုင်ငံကို လုံးဝပစ်ထားရင် တရုတ်ရဲ့ ရင်ခွင်ထဲကို လုံးလုံးရောက်သွားမယ်၊ ဒါကြောင့် ဒါကို တရုတ်က ကျေနပ်နေတယ်လို့တောင် ပြောတဲ့သူ ရှိခဲ့ပါတယ်။ အခုအခါမှာရော ဒီအခြေအနေက ဘယ်လိုကြောင့် ပြောင်းသွားလဲ။ မြန်မာနိုင်ငံဟာ သူ့အတွက် ဆက်လက် အသုံးကျနေဆဲလို့ မမြင်နိုင်ဘဲနဲ့ မြန်မာနိုင်ငံဟာ ငါတို့အတွက်လည်း အန္တရာယ်ပဲလို့ ဘယ်လိုကြောင့် တရုတ်က မြင်လာနိုင်စရာအကြောင်း ရှိပါသလဲ ဦးညိုအုန်းမြင့်။

ဦးညိုအုန်းမြင့် - “အဲဒါ အဓိကကတော့ ကိုယ်ရတဲ့ပစ္စည်း၊ ကိုယ်ဝယ်ရမယ့် ပစ္စည်းထက် တန်ဖိုးများစွာပေးပြီး ဝယ်ရမယ်ဆိုရင် ဝယ်သူအတွက်လည်း အခက်အခဲရှိသလို ဒီအတွက်ကြောင့် မြန်မာနိုင်ငံရဲ့ ပြဿနာ၊ မြန်မာနိုင်ငံကို ကာကွယ်ရတဲ့ သူ့ရဲ့ အားထုတ်ရတဲ့ ဝါယမကအစ အင်မတန်မှ ဈေးအရမ်းကြီးလာတဲ့ အတွက်ကြောင့် ဒီနေ့ မြန်မာနိုင်ငံကို ကာကွယ်နေခြင်းဟာ တရုတ်အစိုးရအတွက် မလိုလားအပ်တဲ့ နိုင်ငံတကာ ဖိအားနဲ့ နိုင်ငံတကာက နေပြီးတော့ ပြစ်တင်မှုတွေက တရုတ်အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီကို ပြန်လည်သုံးသပ်ပြီး ဒီလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာ၊ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတွေ ဖြစ်လာတယ်လို့ ကျနော်ထင်ပါတယ်။”

ဦးကျော်ဇံသာ - အခုလို ဆက်ပြီး သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဘယ်လောက်အထိ တိမ်းညွတ်လာနိုင်စရာ ရှိပါသလဲ။ အခု နိုင်ငံတကာက၊ ယူအန်က တရုတ်က ပိုလုပ်သင့်တယ်၊ ပိုပြောသင့်တယ်လို့ ပြောတဲ့အခါ တရုတ်က အရင်ထက် နည်းနည်းပိုပြီး ပြောလာပြီလို့ ဆိုရမှာပေါ့နော် ဦးအောင်သူငြိမ်း။ အဲတော့ ဘယ်လောက်ထိများ ပြောလာပြီးတော့ မြန်မာနိုင်ငံဘက်ကရော ဘယ်လောက်အထိ လိုက်လံပြောင်းလဲနိုင်စရာ အကြောင်းရှိပါသလဲ။

ဦးအောင်သူငြိမ်း - “အခုအချိန်ထိ တွေ့နေရတာတော့ မြန်မာစစ်ဗိုလ်ချုပ်တွေက တရုတ်ပဲဖြစ်ဖြစ်၊ တခြား နိုင်ငံတကာကပဲဖြစ်ဖြစ် တိုက်တွန်းပြောဆိုတာကို လိုက်လုပ်မယ့် အနေအထားတော့ မတွေ့ရသေးပါဘူး။ ကျနော့်အမြင် နောက်တချက်က အရင်တုန်းကတော့ တရုတ်က စီးပွားရေးအရလည်း သိပ်ပြီး မတိုးတက်သေးတာ ပါပါလိမ့်မယ်။ အခုအနေအထားမှာတော့ တရုတ်က နိုင်ငံကြီးတခု အဖြစ်နဲ့ ကျန်တဲ့နိုင်ငံတွေ အားလုံးကလည်း သူ့အပေါ်မှာ ပိုပြီး အာရုံစိုက်လာတဲ့ အပေါ်မှာ သူကလည်း သူ့တာဝန်ရှိတဲ့အတိုင်း တုံ့ပြန်ရတယ်လို့ ထင်ပါတယ်။”

ဦးကျော်ဇံသာ - အပြောခံ၊ တိုက်တွန်းခံရတဲ့ နိုင်ငံနှစ်ခုကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား၊ တကယ်တော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာက ဘယ်လိုပဲပြောပြော အာခံပြီးတော့ မြောက်ကိုရီးယားတို့နဲ့ကြတော့ အတော်လေး ရင်းရင်းနှီးနှီး ဆက်ဆံချင်တဲ့၊ မြောက်ကိုရီးယားလို နိုင်ငံမျိုးနဲ့ အပေါင်းအသင်းလုပ်ချင်တဲ့ သဘောထားမျိုးများ ရှိနေသလား။ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေး၊ မြောက်ကိုရီးယားကလည်း အခု နိုင်ငံတကာက ဘာပြောပြော ငါတို့ ဆက်လုပ်မယ်၊ ဆက်ပစ်မယ်ဆိုတာပဲ ပြောနေတယ်။ မြန်မာနိုင်ငံရော နိုင်ငံတကာရဲ့ တိုက်တွန်းပြောဆိုမှုကို မလိုက်လျောဘဲနဲ့ မြောက်ကိုရီးယားလို တင်းခံပြီး ဆက်လုပ်မယ်၊ မြောက်ကိုရီးယားနဲ့ ပေါင်းပြီးတော့ တင်းမာမယ့် အလားအလာမျိုးများ တွေ့ရပါသလား။

ဦးညိုအုန်းမြင့် - “အတတ်နိုင်ဆုံးတော့ ဒီစစ်အစိုးရအနေနဲ့ တင်းမာမယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အီရတ်ကို အမေရိကန်က ဝင်ရောက်သိမ်းပိုက်တဲ့ အချိန်ကစပြီး အမေရိကန်နဲ့ မတည့်တဲ့ တိုင်းပြည်တွေက၊ အထူးသဖြင့် တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့အတွက် နျူကလီးယားလက်နက် ဆိုတဲ့ဟာကို စပြီး စဉ်းစားလာပြီဆိုတာ တွေ့ရပါတယ်။ နောက်တချက်က မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား အကြားမှာ တဖက်က ဒီမိုကရေစီ တိုင်းပြည်တွေ၊ ပွင့်လင်းတဲ့ တိုင်းပြည်တွေက နေပြီးတော့ ဖိအားကို တစုံတရာ တုံ့ပြန်ဖို့အတွက် အမျိုးသားရေး စိတ်ဓာတ်ကို ရှေ့တန်းတင်ပြီးတော့ သူတို့လုံခြုံရေးနဲ့ သူတို့အာဏာ တည်မြဲရေးကို အဓိကထားတဲ့ အတွက်ကြောင့် ဘယ်သူပဲပြောပြော၊ ဘယ်လောက်ပဲ ဖိအားပေးပေး သူတို့အနေနဲ့ လုံခြုံရေးအရ အာမခံချက်မရှိဘူးဆိုရင် ဘယ်သူပြောပြော နားထောင်မှာ မဟုတ်ပါဘူး။

“ဒီနေ့ပြဿနာက နိုင်ငံတကာကရော၊ ပြည်တွင်းမှာရော နအဖ စစ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းချင်တယ်ဆိုရင် သူတို့ရဲ့ ထွက်ပေါက်နဲ့ သူတို့ရဲ့ ဘဝအာမခံချက်၊ သူတို့လုံခြုံရေး၊ တည်တံ့မှု၊ အစရှိတဲ့ အချက်တွေကို မတန်ပေမယ့်လည်း သူတို့လိုချင်တယ်ဆိုတဲ့ အချက်က ကျနော်တို့ တွေ့နိုင်ပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာကလည်း နအဖ စစ်အုပ်စုကို ထွက်ပေါက်တခု ဒါမှမဟုတ် သူ့ရဲ့ နိုင်ငံရေး အာမခံချက် တစုံတရာ မပေးသ၍ သူ တောင့်ခံနေဦးမယ်လို့ ကျနော်ထင်ပါတယ်။”

ဦးကျော်ဇံသာ - အဲတော့ မပေးနိုင်ဘူးလား ဦးညိုအုန်းမြင့်တို့က၊ ဦးညိုအုန်းမြင့်တို့ဆိုတာ မြန်မာ့အတိုက်အခံ အင်အားစုတွေ အားလုံးရော၊ မြန်မာနိုင်ငံကို ပြောင်းလဲစေချင်တဲ့ နိုင်ငံတကာကရော မြန်မာစစ်အာဏာပိုင်တွေကို သူတို့လိုချင်တဲ့ ထွက်ပေါက်တို့ လုံခြုံမှုတို့ကို မပေးနိုင်ဘူးလား၊ မပေးနိုင်စရာအကြောင်း ဘာရှိလဲ။

ဦးညိုအုန်းမြင့် - “မပေးနိုင်စရာ အကြောင်းတော့ တကယ့်တကယ် မရှိပါဘူး။ ဒါပေမယ့် ပြဿနာက အဲဒီလို ဆုံးဖြတ်ချက်ကို ပေးနိုင်မယ့် ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောနိုင်မှသာလျှင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှ သူတို့ ဘာလိုချင်တယ်ဆိုတဲ့အချက်ကို သိရမှာဖြစ်ပါတယ်။ ဒီဘက်ကနေ ကမ်းလှမ်းလာမယ်ဆိုရင်လည်း သူတို့ဘက်က လိုက်လျောကောင်း လိုက်လျောနိုင်မယ်လို့ ကျနော်ထင်ပါတယ်။”

ဦးကျော်ဇံသာ - ဦးအောင်သူငြိမ်းကို နောက်ဆုံး မေးချင်တာက မြန်မာနိုင်ငံသည် နိုင်ငံတကာက ပြောင်းလဲပါ၊ ပြုပြင်ပါဆိုတာကို လိုက်ပြီး ပြောင်းလဲမယ့် အလားအလာ ရှိပါသလား၊ ဒါမှမဟုတ် နိုင်ငံတကာက ပြောတာကို ဖီဆန်ပြီး မြောက်ကိုရီးယားနဲ့ပဲ ငါတို့ပေါင်းမယ်၊ ငါတို့ ခပ်တည်တည်ပဲ တင်းခံမယ်ဆိုတဲ့ သဘောထားမျိုး၊ ဘယ်လမ်းကြောင်း ဖြစ်လာမယ်လို့ ထင်ပါသလဲ၊ ဘာကြောင့် ထင်ပါသလဲ၊ အဲဒီလို။

ဦးအောင်သူငြိမ်း - “အခုအနေအထားထိတော့ ပြောင်းလဲမယ့် အသွင်သဏ္ဌာန်မျိုး မတွေ့ရသေးပါဘူး။ ဒီအနေအထားမှာလည်း ကျနော် သုံးသပ်မိတာကတော့ မြန်မာစစ်အစိုးရထဲမှာ ရှိနေတဲ့ ခေါင်းဆောင်အားလုံးရဲ့ သဘာထားကတော့ ဒီလိုမဟုတ်ဘူး ထင်ပါတယ်။ တပ်မတော်ထဲမှာ တချို့ခေါင်းဆောင်တွေ အနေနဲ့ကတော့ ဒီနေ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာကိုလည်း သိတယ်၊ ပြုပြင်ပြောင်းလဲချင်တဲ့ ဆန္ဒလည်း ရှိနေတာ တချို့ ရှိနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သိရသလောက်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် တချို့ လူနည်းစုတွေကတော့ ဒီလို ခေါင်းမာတဲ့ မူဝါဒမျိုး ဆက်ပြီး ကိုင်စွဲသွားချင်တဲ့ ဆန္ဒမျိုး ရှိပါတယ်။”

ဦးကျော်ဇံသာ - ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်လာမှ ပြောင်းနိုင်မယ့်သဘော ဖြစ်နေတာပေါ့။

ဦးအောင်သူငြိမ်း - “ဟုတ်ကဲ့၊ လက်ရှိ အနေအထားမှာတော့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်မှပဲ ကျနော်တို့တိုင်းပြည်မှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ ပိုများတယ်လို့ ထင်ပါတယ်။”

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ကြဖို့ လိုလားတယ်ဆိုတဲ့အကြောင်း အခုလို မပြောဆိုခင်မှာလည်း မြန်မာနိုင်ငံ စစ်အစိုးရ အရာရှိကြီးတချို့နဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်ကို သူတို့နိုင်ငံမှာ တွေ့ဆုံဖြစ်အောင် စီစဉ်ပေးခဲ့တာတွေ ရှိပါတယ်။ ဒါတွေကိုကြည့်ရင် တရုတ်နိုင်ငံဟာ မြန်မာအပေါ်မှာ သဘောထား ပြောင်းလဲလာပြီလားလို့ ကောက်ချက်ချရမလို ဖြစ်နေပါတယ်။ သို့ပေမယ့် တရုတ်တို့ ဘယ်လောက်ပဲပြောင်းပြောင်း မြန်မာနိုင်ငံဘက်ကရော လိုက်ပြောင်းပါ့မလား ဆိုတာကတော့ အတိအကျ အဖြေမပေးနိုင်သေးတဲ့ မေးခွန်းတခု ဖြစ်နေပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG