သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား သင်္ဘောကို ကြားဖြတ်စစ်ဆေးဖို့ အမေရိကန် မဆုံးဖြတ်သေး


ဒုံးကျည်တွေ ဒါမှမဟုတ် ဒုံးကျည်အစိတ်အပိုင်းတွေ တင်ဆောင်လာတယ်လို့ သင်္ကာမကင်းဖြစ်ခံရတဲ့ ကမ်နန် ၁ မြောက်ကိုရီယား သင်္ဘောကို အဆက်အသွယ်လုပ်ဖို့ မလုပ်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ သူ့မဟာမိတ်နိုင်ငံတွေဖက်က မဆုံးဖြတ်ရသေးဘူးလို့ အမေရိကန်စစ်ဖက်က ပြောပါတယ်။ အခြားနိုင်ငံတွေနဲ့အတူ ဆုံးဖြတ်ချက်လုပ်ဖွယ်ရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဌာန ပြောခွင့်ရသူက မနေ့ကတော့ ပြောပါတယ်။ ဘယ်နိုင်ငံတွေနဲ့လည်း ဆိုတာတော့ ရှင်းလင်းပြောတာ မရှိပါဘူး။

ဒါပေမဲ့လည်း ဒီဆုံးဖြတ်ချက်မျိုး မကြာခင်ထွက်လာမယ်လို့လည်း ခန့်မှန်းမထားဘူးလို့ ကာကွယ်ရေးဌာန ပြောခွင့်ရသူ Morrell က ပြောပါတယ်။ မြောက်ကိုရီယား လက်နက်တင်ပို့မှုကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အပေါ် ဖောက်ဖျက်တယ်လို့ သင်္ကာမကင်းရှိတဲ့ သင်္ဘောတွေကို ကြားဖြတ်တားမြစ် စစ်ဆေးတာမျိုးတွေ လုပ်ဖို့ အစီအစဉ်ရှိ မရှိကိုလည်း ပြောခွင့်ရသူက ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ မြောက်ကိုရီယားဖက်က သူ့သင်္ဘောတွေကို ဒီလို တားမြစ်စစ်ဆေးတာလုပ်ရင် စစ်ကြေညာတယ်လို့ ယူဆမယ်လို့ ပြောထားပါတယ်။

ကမ်နန် ၁ သင်္ဘောဟာ တရုတ်ပင်လယ်ကနေ မြန်မာနိုင်ငံဖက်ကို ဦးတည်နေတယ်လို့ တောင်ကိုရီယား ထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီးဖော်ပြခဲ့ပါတယ်။ ဒီသင်္ဘောရဲ့ခရီးစဉ် ဘယ်ကို သွားမလဲဆိုတာ ခန့်မှန်းချက် မေးမြန်းချက် ကိုတော့ အမေရိကန် ကာကွယ်ရေးဌာန ပြောခွင့်ရသူက ဖြေကြားဖို့ ငြင်းခဲ့ပါတယ်။ မြန်မာအစိုးရ မီဒီယာတွေမှာတော့ မြောက်ကိုရီယား သင်္ဘောတစင်း အိန္ဒိယဘက်ကနေ ဆန်တင်ပြီး မြန်မာနိုင်ငံကို လာဖို့ရှိတယ်ဆိုတာပဲ သတင်းဖော်ပြပြီး အသေးစိတ်ကိုတော့ မရေးပါဘူး။ အခု ကမ်နန်၁ မြောက်ကိုရီယား သင်္ဘောကိုတော့ အမေရိကန် ရေတပ်သင်္ဘောက နောက်ယောင်ခံလိုက်နေတယ်လို့ အမေရိကန်စစ်ဖက် အရာရှိတွေက ပြောခဲ့ပါတယ်။ မြောက်ကိုရီယားသင်္ဘောဟာ အခု ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ကျော်နေတယ်လို့ အမေရိကန် စစ်ဖက်အရာရှိတဦး ပြောဆိုချက်ကို ကိုးကားပြီး အေပီ သတင်းမှာ ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG