သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံကို လာဖို့မရှိဟု စစ်အစိုးရ ငြင်းဆို


စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ သံသယရှိနေကြတဲ့ မြောက်ကိုရီးယားသင်္ဘော ကမ်နမ် ၁ (Kang Nam I) ဟာ မြန်မာနိုင်ငံကို လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ မမှန်ကန်ဘူးလို့ မြန်မာစစ်အစိုးရပိုင် သတင်းစာတွေက ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၇ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံ နမ်ဖိုဆိပ်ကမ်းက ထွက်ခွာလာတဲ့ ဒီသင်္ဘောမှာ သံသယဖြစ်စရာ ကုန်ပစ္စည်းတွေတင်ပြီး မြန်မာနိုင်ငံကို ဦးတည်လာနေတယ်လို့ သတင်းတွေ ဖော်ပြနေပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ဘာသတင်း အချက်အလက်မှ မရသေးပါဘူးလို့ ပြောဆိုလိုက်တာပါ။

ဒါပေမယ့်လည်း မြောက်ကိုရီးယားနိုင်ငံက ဒူမန်ဂမ် (Dumangang) လို့ အမည်ရတဲ့ ကုန်တင်သင်္ဘော တစင်းကတော့ အိန္ဒိယနိုင်ငံက ဆန်တွေတင်လာပြီး ဒီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ အများက သံသယရှိနေကြတဲ့ ကမ်နမ်သင်္ဘောကတော့ လတ်တလော တရုတ်ကမ်းလွန်မှာ ရောက်နေပြီး မကြာခင် ဆီဖြည့်ဖို့ လမ်းခရီးမှာ ရပ်နားရလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ဒေသတွင်းမှာ သွားလာနေတဲ့ သင်္ဘောတွေ အဓိက ၀င်ရောက်ဆိုက်ကပ် ဆီဖြည့်လေ့ရှိတဲ့ စင်္ကာပူနိုင်ငံကတော့ ဒီသင်္ဘော ဆိုက်ကပ်မယ်လို့ အကြောင်းကြားတာမျိုး မရှိတဲ့အကြောင်းလည်း ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ အမေရိကန် ဖျက်သင်္ဘောတစင်းက နောက်ယောင်ခံ လိုက်နေတဲ့ ကမ်နမ်သင်္ဘောနဲ့ ပတ်သက်လို့ ကြားဖြတ်ဟန့်တား စစ်ဆေးတာတွေ လုပ်လာမယ်ဆိုရင်တော့ သူ့နိုင်ငံအပေါ် စစ်ကြေညာတယ်လို့ သဘောထားမယ့် အကြောင်းလည်း မြောက်ကိုရီးယားက ပြောဆိုထားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG