သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေး ကုလသမဂ္ဂ ပါဝင်ဆောင်ရွက်မှု


ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်အစိုးရရဲ့  လမ်းညွှန်အစီအစဉ်အတိုင်း ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းကို ကူညီပေးဖို့သွားနေတာမဟုတ်ဘဲ ဒီကာလမတိုင်မီမှာ အများပြည်သူနဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ စစ်မှန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာစေရေးကို ဦးတည်နေတာပါလို့ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရရဲ့  ကုလသမဂ္ဂတာဝန်ခံ ဒေါက်တာသောင်းထွန်း က ပြောဆိုပါတယ်။ လက်တလော မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (Ibrahim Gambari) ခရီးစဉ်ကလည်း ဒီအချက် ဦးတည်နေကြောင်း၊ မြန်မာနိုင်ငံအပေါ် ထားရှိလုပ်ကိုင်နေတဲ့ ကုလသမဂ္ဂလုပ်ငန်းစဉ်၊ မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ခရီး စတဲ့အကြာင်းအရာများကို ဦးသန်းလွင်ထွန်း (ဗွီအိုအေမြန်မာသတင်း ဌာနမှုး) က ဒေါက်တာသောင်းထွန်း ကို ဆက်သွယ် သုံးသပ်ဆွေးနွေးတင်ပြထားပါတယ်။

ဦးသောင်းထွန်း ။ ။ မစ္စတာဂမ်ဘာရီရဲ့  ခရီးစဉ်ဟာ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်း (Ban Ki-moon) ရဲ့  ရှေ့ ပြေးခရီးစဉ် ဖြစ်တယ်လို့ ကျနော်တို့ နားလည်းထားပါတယ်။ ဒါ ဘန်ကီးမွန်း သွားဖြစ်ခဲ့လို့ရှိရင် တွေ့ဆုံရမယ့်လူတွေအပိုင်းနဲ့ ပတ်သက်လို့ သေချာအောင် အစီအစဉ်တခု တိတိကျကျ ဖြစ်လာနိုင်ဖို့ရယ်၊ နောက်တခုက ရလဒ်တစုံတရာ ထွက်လာဖို့အတွက်။ ကျနော်တို့ အဲဒီအခြေခံတွေကို သွားစေ့စပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ အရေးကြီးတဲ့ ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဒီကိစ္စတွေ တောင်းဆိုနေတာ ရှိတယ်။ နိုင်ငံတကာရဲ့  သဘောထား၊ ပြီးခဲ့တဲ့လက လုံခြုံရေးကောင်စီမှာ ဆွေးနွေးကြပြီးတော့ ထုတ်ပြန်ချက်တရပ် ထုတ်ထားတာလည်းရှိတယ်။ ဒီအခြေခံတွေပေါ်မှာ နအဖဖက်က ဘယ်လိုသဘောထားရှိလဲဆိုတဲ့ အနေအထားတွေကို သွားပြီးတော့ တီးခေါက်ကြည့်တဲ့ သဘောထားမျိုးဖြစ်မယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ ခရီးစဉ်ကို မစ္စတာ ဘန်ကီးမွန်း သွားမယ့်ခရီးစဉ်ရဲ့  ရှေ့ ပြေးခရီးစဉ်အဖြစ် ယူဆလို့ရနိုင်တယ်ဆိုရင် မစ္စတာဘန်ကီးမွန်း ကိုလည်း လက်ရှိအနေအထားမျိုးမှာ မြန်မာအစိုးရအနေနဲ့ လက်ခံနိုင်တယ်အနေအထားမျိုး ရှိရဲလား?

ဦးသောင်းထွန်း ။ ။ ကျနော်တို့ အမြင်သဘောထားကို ပြောရမယ်ဆိုရင်တော့ ဒီအချိန်ဟာ မြန်မာနိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့ အလှဲ့အပြောင်းကာလဖြစ်တယ်။ တဖက်မှာ ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ ဒီ နအဖ ခေါင်းဆောင်တွေရဲ့ အပိုင်းမှာ ထိပ်တိုက်တွေ့ဆုံတဲ့ အစီအစဉ်မျိုးကို သွားနေတာကို တွေ့ရတယ်။ ဘာဘဲပြောပြော ကျနော်တို့ တိုင်းပြည်ရဲ့  အခြေအနေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓါတ်အခြေခံပေါ်မှာ ပြန်လည်ဆွေးနွေးရေးဘဲဖြစ်တယ်။ ကျနော်တို့တိုင်းပြည်ရဲ့  အဖြေဟာ ၂၀၁၀ ရွေးကောက်ပွဲ မဟုတ်ဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရွှေဂုံတိုင်ကြေညာချက်ကို ထုတ်ပြန်ပြီးတော့ ဖွဲ့စည်းပုံဥပဒေကို ပြန်လည်သုံးသပ်ဖို့ သူမနာ ကိုယ်မနာ ဆွေးနွေးစေ့စပ်မှုပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးမှုတွေလုပ်ဖို့ဆိုပြီး ကြေညာထားတာရှိပါတယ်။ ဒီလို အရေးကြီးတဲ့ အလှည့်အပြောင်းကာလမှာ ပြည်တွင်းပြည်ပ အင်အားစုတွေက နိုင်ငံရေးအရ လုပ်ကြကိုင်ကြတာတွေ ရှိဖို့လိုသလို နိုင်ငံတကာကလည်း သံတမန်ရေးအရ ရှေ့ တိုးအရှိန်မြှင့် လုပ်ကိုင်ဖို့ လိုပါတယ်။ အဲဒီ အခြေခံပေါ်မှာ ကျနော်တို့ စဉ်စားတာကတော့ ဘာဘဲဖြစ်ဖြစ် ဘန်ကီးမွန်း အနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံကို သွားရောက်ပြီးတော့ အဖြေတစုံတရာရဖို့ ကြိုးစားအားထုတ်သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ အတိုက်အခံတွေဖက်က သဘောထားကတော့ ဒေါက်တာသောင်ထွန်း ပြောသလို အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့။ တဖက်မှာလည်း ကုလသမဂ္ဂရဲ့  ချည်းကပ်တဲ့ ပုံစံကို ကြည့်မယ်ဆိုရင်တော့ ကုလသမဂ္ဂရဲ့  ချည်းကပ်မှုပုံစံက ၂၀၁၀ ရွေးကောက်ပွဲကိုဘဲ ဦးတည်ဆိုနေတဲ့သဘောမျိုး ဖြစ်မနေဘူးလား? အဲဒီတော့ ဒီလို ချည်းကပ်မှုပုံစံကို သူတို့အနေနဲ့ ပြန်ပြောင်းဖို့ ရှိပါသလား?

ဦးသောင်းထွန်း ။ ။ ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံဆိုင်ရာ ချည်းကပ်မှုက အဲဒီမှာ အမြင်ရှုပ်ထွေးမှုတွေရှိနေတယ်။ တချို့  သတင်းမီဒီယာတွေကတော့ ကုလသမဂ္ဂကိုယ်တိုင်ကိုက ၂၀၁၀ ရွေးကောက်ပွဲဖြစ်ရေးကို ဦးတည်နေတယ်ဆိုတဲ့ ကောက်ယူမှုမျိုးတွေ ရှိပါတယ်။ ဒါတွေကို မစ္စတာ ဂမ်ဘာရီ အပါအဝင် ကုလသမဂ္ဂ တာဝန်ရှိသူပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးကြည့်တဲ့အခါ သူတို့ရဲ့ အခြေခံ ရပ်တည်ချက်နဲ့ ကွဲပြားတယ်။ ကုလသမဂ္ဂအနေနဲ့ ၂၀၁၀ ကို လက်ခံတယ် လက်မခံဘူးဆိုတဲ့ ချည်းကပ်မှုမျိုးမရှိဘူး။ သူတို့ရဲ့  အခြေခံမှု ငါးချက်ကတော့ ဒါ ဗမာနိုင်ငံမှာ တကယ့်ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းမှုမျိုး ရရှိဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ နောက်တဆင့်ကတော့ အချိန်ဇယား အတိအကျရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ရေး၊ နောက် အင်အားစုအားလုံးပါတဲ့ အသွင်ကူးပြောင်းရေးတခု နိုင်ငံရေးလုပ်ငန်းစဉ်တခု ပုံဖော်ရေး၊ နောက်တခုကတော့ ကျနော်တို့ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးတဲ့နေရာမှာ လူမှုစီးပွားရေးကိစ္စတွေကိုပါ တပြိုင်နက်တည်း တူညီတဲ့ သဘောတူအမြင် ဆွေးနွေးရေး။ အားလုံးကို အကောင်းအထည်ဖော်ဖို့အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ်ရဲ့  ကြားဝင်ဆောင်ရွက်မှုကို တရားဝင်အသိအမှတ်ပြုပြီးတော့ ပြည်တွင်းမှာလည်း ကုလသမဂ္ဂရုံးခွဲထားရှိပြီးတော့ ကြားဝင်ဖြန်းဖြေမှုကို ဆက်တိုက်လုပ်ဆောင်သွားရေမှုတွေ ဖြစ်ပါတယ်။ ဒီ၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂအနေနဲ့ လက်ခံခြင်း၊ လက်မခံခြင်း သဘောထားအမြင် ချည်းကပ်မှုတော့ မရှိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ တကယ်လို့ ကျနော်အမှတ်မမှားဘူးဆိုရင် ပြီးခဲ့တဲ့ နောက်ဆုံးခရီးစဉ်မှာ မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာစစ်အစိုးရက ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကူညီဆောင်ရွက်သွားမယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်မျိုး လုပ်ခဲ့တာ မဟုတ်ဘူးလား?

ဦးသောင်းထွန်း ။ ။ အဲဒါ နှစ်ဆင့် ရှိပါတယ်။ ပထမအဆင့်ကတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ကျနော်တို့ အင်အားစုအားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို ဖန်တီးဖို့ပါ။ အဲဒီ နိုင်ငံရေးအခင်းအကျင်း မရှိဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာ အထွေထွေညီလာခံမှာ တင်သွင်းထားတဲ့ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့  အစီရင်ခံစာထဲမှာ ကျနော်တို့ ဖော်ပြထားတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် အထွေထွေအတွင်းရေးမှုးချုပ်က ပြောတာ နိုင်ငံတနိုင်ငံမှာ ရွေးကောက်ပွဲ တရပ် ကျင်းပရုံနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်သွားတာ မဟုတ်ဘူး။

ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမယ့် အင်အားစုအားလုံးက ကျေကျေလည်လည်နဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်ကြမှသာ ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းမှုတွေ ဖြစ်မယ်။ အဲဒါမှမဟုတ်လို့ရှိရင် ဒီ အင်အားစုအားလုံးပါဝင်တာ မဟုတ်ဘဲနဲ့ သဘောထားတူညီတာ မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲတွေကို ဇွတ်လုပ်မယ်ဆိုရင် လူ့အဖွဲ့အစည်းတွေမှာ ပိုပြီးတော့ ကွဲပြားခြားနားမှုတွေ ဖြစ်ပြီးတော့ နိုင်ငံရေး မတည်မငြိမ် ဖြစ်နိုင်တယ်ဆိုတဲ့ ကောက်ချက်ကိုတောင် ကျနော်တို့ အထွေထွေအတွင်းရေးမှုချုပ်ရဲ့  အစီရင်ခံစာထဲမှာ တင်ပြထားပါတယ်။ ဒါကြောင့်မို့လို ကျနော်တို့ နားလည်ချက်က ဒီနေ့ ကုလသမဂ္ဂ ကြိုးပမ်းနေတာ ဟုတ်ပါတယ် နအဖပြောနေတဲ့ ၂၀၁၀ timeline အချိန်ဇယားတခုအနေနဲ့ အဲဒီကာလမှာ အင်အားစုအားလုံးပါဝင်နိုင်တဲ့ ကျနော်တို့ ဒီ အသွင်ကူးပြောင်းမှုကာလဖြစ်စေချင်တယ်။ ဒါပေမယ့် အဲဒီမတိုင်ခင်မှာ အဲဒီလို ပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတခုကို ဖန်တီးရမယ်ဆိုတဲ့ ဦးတည်ချက်ပေါ်မှာ ယနေ့ ယူအန် ကနေ ကြိုးပမ်းဆောင်ရွက်နေတယ်လိုဘဲ ကျနော်တို့ နားလည်းထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အဲဒီလို ကြိုးပမ်းဆောင်ရွက်နေတဲ့ နေရာမှာလည်း ဒါ ကျင်းပ လေ့လာနေနေသူများအနေနဲ့ ဒါ အတော်လေး အားမရမှုတွေ ရှိနေတယ်ပေါ့နော်။ အထူးသဖြင့် ဒီ မစ္စတာ ဂမ်ဘာရီ ရဲ့  ခရီးစဉ်တွေ၊ ဘန်ကီမွန်း ရဲ့  ခရီးစဉ်တွေမှာ ဆိုရင်တောင်မှဘဲ ဒါ အရင်တခေါက် ဘန်ကီမွန်း သွားတုန်းကဆိုလိုရှိရင်လည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မတောင်းခဲ့ဘူးဆိုတဲ့ အခြေအနေမျိုးတွေတောင် ဝေဖန်ခံရတယ်။ အဲဒီတုန်းက သူ သွားတာက နာဂစ်ကိစ္စ သွားတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ သူအနေနဲ့ တောင်းခဲ့ရင် ရနိုင်ခဲ့တယ်ဆိုတဲ့ အနေအထားမျိုးရှိခဲ့တယ်။ အလားတူဘဲ လက်ရှိ မစ္စတာဂမ်ဘာရီ ရဲ့  ခရီးစဉ်မှာဆိုရင်လည်း ဒီနှစ်ဖက် ညှိနှိုင်းမှုကိစ္စတွေမှာ ကုလသမဂ္ဂအနေနဲ့ စစ်အစိုးရရဲ့  ဒီ လမ်းကြောင်းအတိုင်းကိုဘဲ လိုက်နေပြီးတော့ ညှိနှိုင်းမှုတွေ လုပ်နေတယ်ဆိုပြီးတော့ ဝေဖန်မှုတွေလည်း ရှိနေကြတယ်ဆိုတော့ ဒီဘက်က ဒေါက်တာသောင်းထွန်းတို့အနေနဲ့ ဒီအခြေအနေကို ဘယ်လို ပြုပြင်ပေးနိုင်ဖို့ ဖိအားပေးမှုတွေလုပ်တာတွေ ရှိသလဲ။

ဦးသောင်းထွန်း ။ ။ ကျနော်တို့အနေနဲ့ ဒီ မစ္စတာဂမ်ဘာရီ ဗမာပြည်ကပြန်လာတဲ့အချိန်တိုင်းမှာ ဆွေးနွေးထောက်ပြတာတွေ ရှိပါတယ်။ ပြောသွားသလိုဘဲ ဘန်ကီမွန်း ပထမသွားခဲ့တဲ့ ခရီးစဉ်က ရည်ရွယ်ချက်နဲ့ အခြေအနေခြင်းမတူပါဘူး။ အဲဒီတုန်းက ခရီးစဉ် ရည်းမှန်းချက်ကိုယ်တိုင်ကိုက နာဂစ် ဘေးဒဏ်ကိုခံစားနေရတဲ့ ကျနော်တို့ပြည်သူလူထုကို အကူအညီပေးနိုင်အောင် လမ်းကြောင်းတွေပွင့်သွားဖို့ ဒါက အဓိကဦးတည်ချက်အနေနဲ့ သွားခဲ့တာဖြစ်တယ်။ သို့သော်လည်း ဒီအချိန်မှာကတော့ ၂၀၁၀ နီးကပ်လာတာနဲ့အမျှ မြန်မာနိုင်ငံမှာ နိုင်ငံရေးအဖြေတခုရှာရေးဟာ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့  တာဝန်ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ဒီလုံခြုံရေးကောင်စီအစည်းအဝေးတွေမှာလည်း ဒီလိုမျိုး တိုက်တွန်းမှုမျိုးတွေ ရှိခဲ့သလို အထွေထွေအတွင်းရေးမှုးချုပ်ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမယ်ဆိုစကားတွေကိုလည်း နိုင်ငံတကာဖိအားပေးမှုတွေ ရှိပါတယ်။

ကျနော်တို့ဘက်ကလည်း ကုလသမဂ္ဂရဲ့  ချည်းကပ်မှုမျိုးတွေကို ၂၀၁၀ ရွေးကောက်ပွဲပေါ်မှာ ချည်းကပ်မှုမျိုးမဟုတ်ဘဲနဲ့ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံရေးအခင်းအကျင်းတခု ပေါ်ပေါက်ရေးဆိုတဲ့ဘက်ကို ဦးစားပေး ချည်းကပ်ဖို့ဆိုတဲ့အပိုင်းတွေကို ကုလသမဂ္ဂအဖွဲ့ဝင် အရေးကြီးတဲ့ နိုင်ငံတွေကို ဆွေးနွေးပြီးတော့ ကုလသမဂ္ဂပေါ်လစီကို ဒီလမ်းကြောင်းပေါ်က မယိုင်းအောင် ကျနော်တို့အနေနဲ့ တလျှောက်လုံး ကြိုးပမ်းအားထုတ်တာတွေ ရှိပါတယ်။ နောက်တခု ကျနော်ပြောရမယ်ဆိုရင်တော့ ဒီကနေ့ နိုင်ငံတကာ နဲ့ ဒေသအတွင်း နိုင်ငံရေးပထဝီအခင်းအကျင်းက ဒေါ်အောင်ဆန်းစုကြည် တရားစီရင်မှုအပေါ်မှာ အခြေခံပြီးတော့ တစုံတရာပြောင်းလဲသွားတာတွေ ရှိပါတယ်။ ပြည်တွင်းမှာလည်း ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နအဖဘက်ကလည်း အပစ်အခတ်ရပ်ဆဲရေး အတိုက်အခံအင်အားစုတွေအပေါ်မှာ တိုင်းရင်းသားအင်အားစုတွေအပေါ်မှာ ပိုပြီးတော့ ဖိအားပေးလာတဲ့ အနေအထားတွေ ရှိပါတယ်။

ဒါတွေအပေါ်မှာ ဒေသအတွင်းက နိုင်ငံတွေအနေနဲ့ စိုရိမ်မှုတွေ ပိုဖြစ်လာပြီးတော့ ဒေသပထဝီနိုင်ငံရေး အခြေအနေဟာ တစုံတရာပြောင်းလဲနေတဲ့ အနေအထားရှိတယ်။ ဒါတွေဟာ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အာဆီယံ ထုတ်ပြန်ကြေညာချက်မှာရော၊ အခုလပိုင်းအတွင်းမှာ တရုတ်နိုင်ငံ နဲ့ နအဖ ခေါင်းဆောင်တွေကြားထဲမှာ အပြန်အလှန်ဆွေးနွေးနေတဲ့ အနေအထားတွေပေါ်မှာရှိသလို၊ အီးယူတို့ ယူအန်တို့ အမေရိကတို့ကလည်း တရုတ်နိုင်ငံအပေါ်မှာ သံတမန်ရေးအရ ချည်းကပ်ပြီးတော့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရှိပါတယ်။ ဒါကြောင့်မို့ ကျနော်မြင်တာက ဒီတပတ် မစ္စတာ ဂမ်ဘာရီ ခရီးသွားရောက်နေတဲ့အချိန်အခါနဲ့ မစ္စတာဘန်ကီမွန်း ရဲ့  ခရီးစဉ်ပြင်ဆင်နေတဲ့ အချိန်ကာလ ပထဝီနိုင်ငံရေး အခင်းအကျင်းဟာ သံတမန်အရေးအရ ပိုမြှင့်လုပ်ဆောင်ဖို့ ပိုပြီးတော့ အားပေးတဲ့အနေအထားရှိတယ်လို့ ကျနော်တို့မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ဆိုပြီးတော့ နိုင်ငံတကာ၊ ကုလသမဂ္ဂ တောင်းဆိုပေးနေတာက နှစ်ပေါင်းတွေ ကြာနေခဲ့ပါပြီ။ အခုအချိန်မှာဆိုလိုရှိရင် မြန်မာစစ်အစိုးရအနေနဲ့ သူတို့ အဓိကရည်းမှန်းချက်တခုဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ လက်တကမ်းဘဲလိုပါတော့တယ်။ ဒီလို လက်တကမ်းဘဲ လိုတော့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆိုတဲ့ တောင်းဆိုမှုကို လိုက်လျှောပြီးတော့ ဆောင်ရွက်ပေးနိုင်မယ့် အနေအထား ရှိပါသလား။ ဥပမာ ဘန်ကီမွန်း သွားပြီးပြောတာတောင်မှဘဲ လွတ်ပေးနိုင်တဲ့ အနေအထားရှိရဲ့ လား။

ဦးသောင်းထွန်း ။ ။ ကျနော်တို့အနေနဲ့ မြင်တာကတော့ နိုင်ငံတကာကနေ ဝင်ရောက်ဆောင်ရွက်မှုကို ကျနော်တို့ လုပ်ငန်းစဉ်တခုအနေနဲ့ ချည်းကပ်ဖို့ ကျနော်တို့လိုမယ်။ အဖြေတခုဟာ တကြိမ်တည်း တခါတည်း ခရီးစဉ်တခေါက်တည်း ရချင်မှရမယ်။ သို့သော်လည်း ပြောင်းလဲလာတဲ့ နိုင်ငံတကာ ပထဝီနိုင်ငံရေးအနေအထားပေါ်မှာ သံတမန်ရေးအရ တိုးတက်ဆောင်ရွက်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်သွားမယ်ဆိုရင်တော့ အဖြေတခုရနိုင်တဲ့ အလားအလာ ရှိတယ်လို့ ကျနော်တို့မြင်ပါတယ်။ လုံးဝလက်ရှောင်ပြီးတော့ ဘာမှမလုပ်ဘဲနေရမယ့်အစား လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကို ကျနော်တို့လုပ်ရမယ်။ အဲဒီ သဘောထားမျိုးနဲ့ ကျနော်တို့ ကုလသမဂ္ဂရဲ့  ပါဝင်ဆောင်ရွက်မှုတွေကို ကျနော်တို့ ချည်းကပ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG