သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့်မရှိဘဲ  ရွေးကောက်ပွဲမဖြစ်နိုင်


မြန်မာပြည်တွင်း သတင်းလွတ်လပ်ခွင့်တွေ ပိတ်ပင်တာတွေ သတင်းသမားတွေကို အပြစ်ပေးအကျဉ်းချမှုနဲ့ ပတ်သက်ပြီး ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Boarders) က တကယ်လို့ မြန်မာ ပြည်တွင်းမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ သတင်းလွတ်လပ်ခွင့်တွေ မရှိဘူး၊ အကျဉ်းချခံထားရတဲ့ သတင်းသမား တွေကိုလည်း ပြန်မလွတ်ပေးဘူး ဆိုရင် အဲဒီရွေးကောက်ပွဲကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအနေနဲ့ ဘယ်နည်းနဲ့မှ အသိအမှတ် မပြုနိုင်ဘူး ဆိုတာကို မြန်မာစစ်အစိုးရကို ပြတ်ပြတ်သားသား သတိပေးဖို့ လိုအပ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်း ကို ပြောကြားလိုက်ပါတယ်။ အကြောင်းစုံကို စုံးစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြထားပါတယ်။

အခုနောက်ပိုင်း မြန်မာစစ်အစိုးရက ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာ သတင်းတချို့ကို ပိတ်ပင်တားမြစ်ထားတာ တွေကို တိုးမြှင့်တာတွေ၊ အရင်အပတ်တုန်းက လည်း ရန်ကုန်အခြေစိုက် သတင်းသမား ကိုဇော်ထွန်းကို ထောင်ဒဏ် ၂ နှစ် ချမှတ် ခဲ့တာတွေ၊ သတင်းစာ ဆရာကြီး ဦးဝင်းတင် ကိုလည်း အနှောက်အယှက်ပေးမှုတွေ၊ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတဲ့ အပေါ်မှာ ပြစ်တင်ရှုတ်ချကြောင်း ဇွန်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသမားများ လွတ်မြောက်ရေးအတွက် ဖိအားပေးသလို အကျဉ်းကျ ခံထားရတဲ့ သတင်းသမားတွေ လွတ်မြောက် ရေးအတွက်လည်း ဖိအားပေး သင့်တယ်လို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ က ဗင်းဆင့်န် ဘရက်ဆဲလ် (Vincent Brossel) က အခုလို ပြောပါတယ်။

“များသောအားဖြင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကို ဖိအားပေးကြတာ မှန်ပါတယ်။ အဲဒါအပြင် ထောင်ထဲက တခြား လူတွေ လွတ်မြောက်ရေး အတွက် ဖိအားပေးဖို့ အရေးကြီးပါတယ်။ အကျဉ်းချခံထားရတဲ့ သတင်းသမားတွေ၊ ဘလော့ဂါတွေ အများကြီး ရှိပါသေးတယ်။ သူတို့ လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ဖိအားမပေးဘူးဆိုရင် သူတို့ဟာ ထောင်ထဲမှာ အကြာကြီး ဆက်နေရဖို့ ရှိပါ တယ်။”

ဆက်လက်ပြီး မစ္စတာ ဗင်းဆင့်န် ဘရက်ဆဲလ် က အခုလောလောဆယ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ အနေနဲ့လည်း သတင်း လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေ လွတ်မြောက်ရေး နဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရ သိအောင် ရှင်းရှင်း လင်းလင်း ပြတ်ပြတ်သားသား သတိပေးသင့်တယ်လို့ ပြောပါတယ်။

“ကုလသမဂ္ဂ ဘက်က လုပ်ဆောင်နိုင်တာတခုက တကယ်လို့ မြန်မာပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့် မရှိဘူး၊ အကျဉ်းချ ခံထားရတဲ့ သတင်းသမားတွေကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပြန်မလွတ်ပေးဘူးဆိုရင် အဲဒီ ရွေးကောက်ပွဲကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက ဘယ်နည်းနဲ့မှ အသိအမှတ် မပြုနိုင်ဘူးဆိုတာကို မြန်မာစစ်အစိုးရကို ပြတ်ပြတ်သားသား အသိပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ မစ္စတာ ဂန်ဘာရီနဲ့ မစ္စတာ ဘန်ကီမွန်း တို့က ဒီကိစ္စကို မပြောကြဘူး၊ မပြောနိုင်ကြ ဘူး ဆိုရင် ကုလသမဂ္ဂ ရဲ့ ယုံကြည်စိတ်ချမှု အပေါ်မှာ သံသယ ဖြစ်လာပါလိမ့်မယ်။”

ဆက်လက်ပြီး မစ္စတာ ဗင်းဆင့်န် က မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် ပိတ်ပင်တားမြစ်တာနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ် မှာ အဆိုးရွားဆုံး ၁၀ နိုင်ငံဖြစ်တဲ့အပြင် မြန်မာ့အိမ်နီးချင်း တရုတ် နဲ့ ဗီယက်နမ် နိုင်ငံတောင်မှ မြန်မာနိုင်ငံနဲ့စာရင် သတင်း လွတ်လပ်ခွင့်မှာ အခြေအနေတွေ အများကြီး ပိုကောင်းတယ် ဆိုတာကိုလည်း ထောက်ပြသွားပါတယ်။

မြန်မာစစ်အစိုးရ ဟာ သတင်းစာ ဆရာကြီး ဦးဝင်းတင် ကို ထောင်ထဲကနေ လွှတ်ပေးပြီးကတည်းက မှတ်ပုံတင် ထုတ်ပေး ခြင်း မရှိတဲ့အတွက်ကြောင့်မိုလို့ ဦးဝင်းတင် ဟာ မြန်မာပြည်တွင်းမှာ မြန်မာနိုင်ငံသား ဖြစ်လျက်နဲ့ စဉ်ဆက်မပြတ် ဧည့်စာရင်း တိုင်နေရတဲ့ အခက်အခဲကို ကြုံတွေ့နေရတဲ့အကြောင်း ဦးဝင်းတင် က ပြောသွားတာလည်း ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG