သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အတွင်းရေးမှူးချုပ် မြန်မာခရီးစဉ်အတွင်း အရေးပါသူ အားလုံးနဲ့ တွေ့ဆုံသွားမည်


မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲတိုးတက်မှုတွေ ရှိလာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ လာမယ့် သောကြာနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးစားသွားမယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဘက်က ဘယ်လို မျှော်လင့်ထားတယ်၊ ဒီမျှော်လင့်ချက်တွေကရော ဘယ်လောက်အထိ ဖြစ်နိုင်မလဲဆိုတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံကို အခု ဇူလိုင် ၃ ရက်နဲ့ ၄ ရက်မှာ သွားရောက်မယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ဒီကနေ့ပဲ အတည်ပြု ပြောလိုက်တာပါ။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အချိန်အတော်ကြာကတည်းက စိုးရိမ်ပူပန်နေတဲ့ ကိစ္စရပ်တွေကို မြန်မာ အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် တွေ့ဆုံဖြေရှင်းနိုင်ဖို့ အတွင်းရေးမှူးချုပ် အနေနဲ့ မျှော်လင့်ထားတယ်လို့ ပြောခွင့်ရသူ မစ်ရဲှလ် မွန်းတပ်စ် (Michele Montas) က ပြောပါတယ်။

မြန်မာနိုင်ငံ အနာဂတ်အတွက်တော့ မဖြေရှင်းလို့ မဖြစ်တဲ့ အချက် ၃ ချက် ရှိတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယူဆထားတယ်လို့ ဆိုပါတယ်။

“အနာဂတ်အတွက် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့ လမ်းဆုံလမ်းခွမှာ မဖြေရှင်းဘဲ ထားခဲ့လို့ မဖြစ်တဲ့ အရေးကြီးဆုံး အချက် ၃ ခု ရှိတယ်လို့ အတွင်းရေးမှူးချုပ်က ယူဆပါတယ်။ ဒါတွေကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မရှိမဖြစ် အစိတ်အပိုင်းတရပ် အနေနဲ့ အစိုးရနဲ့ အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စဖို့နဲ့ အများလက်ခံ ယုံကြည်တဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်မယ့် အခြေအနေကောင်းတွေ ဖန်တီးဖို့ ဆိုတာတွေပါ။”

မြန်မာနိုင်ငံက မကြာခင်က ပြန်ရောက်လာတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီ (Mr. Gambari) ဟာ ဒီမနက်ပိုင်းမှာ သူ့ခရီးစဉ်ရလဒ်ကို အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံရှင်းပြပြီးတဲ့နောက်မှ အတွင်းရေးမှူးချုပ်အနေနဲ့ ဒီမနက်ပိုင်းကြမှ မြန်မာနိုင်ငံကိုသွားဖို့ တရားဝင် ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ အရင်ကတော့ သူ့အနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး သွားရောက်ဖို့ စီစဉ်နေတယ်၊ ဒါပေမယ့် သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါကို ရွေးနေတယ်လို့ ဆိုထားပါတယ်။ အခု ဂျပန်နိုင်ငံ ခရီးစဉ်ကအပြန် မြန်မာနိုင်ငံကို ဝင်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပြဿနာရပ်တွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ အတွင်းရေးမှူးချုပ်က မျှော်လင့်ထားတယ်လို့ ပြောရခွင့်ရသူ မစ်ရဲှလ် မွန်းတပ်စ်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီကိစ္စရပ်တွေကို မြန်မြန်ဖြေရှင်းနိုင်လေလေ ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီ ပြည့်ဝတဲ့၊ ဖွံ့ဖြိုးကြွယ်ဝတဲ့ တိုင်းပြည်အဖြစ် စောစောရောက်နိုင်လေလေ ဖြစ်မယ်လို့ အတွင်းရေးမှူးချုပ်က ယုံကြည်ပါတယ်။ ဒါကြောင့် ဒီ့အတွက် ကုလသမဂ္ဂအနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကို အရေးကြီးပုဂ္ဂိုလ် အားလုံးနဲ့ ဆွေးနွေးနိုင်ဖို့ သူ မျှော်လင့်ထားပါတယ်။”

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ၂၀၀၈ မေလတုန်းက တကြိမ် သွားရောက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေ ပေးနိုင်ရေး သွားရောက်ဆွေးနွေးခဲ့တာပါ။ အဲဒီနောက် နိုင်ငံတကာ အကူအညီတွေ အတော်အတန် ထောက်ပံ့ခွင့် ရခဲ့တယ်ဆိုပြီး မစ္စတာဘန်ကီမွန်း ခရီးစဉ်ကို နိုင်ငံတကာက အသိအမှတ် ပြုခဲ့ကြပါတယ်။ အခုတခေါက်မှာလည်း အဲဒီအဆက် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေအတွက်လည်း ဆွေးနွေးဖို့ရှိတယ်လို့ ကုလသမဂ္ဂရုံးက ပြောပါတယ်။

မစ္စတာဘန်ကီမွန်း အနေနဲ့ အခုလို နှစ်ရက်တာ ခရီးစဉ်ကာလ အတွင်းမှာ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးဖို့ အချိန်လုံလောက်ပါ့မလား၊ တွေ့ဆုံသင့်သူ အားလုံးနဲ့ တွေ့ဆုံနိုင်ပါ့မလား ဆိုတာကတော့ စဉ်းစားစရာပါ။ USCB အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ကိုအောင်ဒင်ကလည်း မစ္စတာဘန်ရဲ့ ခရီးစဉ် ရက်တိုတောင်းမှုအပေါ်မှာ အားမရဖြစ်ပါတယ်။

“အားလုံး စိတ်ပူနေကြတာက သူ့ကို သွားလည်း သွားစေချင်တယ်၊ သူသွားပြီးရင်လည်း တိကျသေချာတဲ့ ရလဒ်တခု ထွက်စေချင်တယ်။ အဲဒီမှာ အားလုံးမျှော်လင့်တာကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးပေါ့။ သူကိုယ်၌ကလည်း သူသွားတဲ့ခရီးစဉ်က အဲဒီလိုမျိုး အောင်မြင်မှု တစုံတရာရှိတဲ့ ခရီးစဉ် ဖြစ်ချင်တယ်။ ဒါကြောင့် ဂမ်ဘာရီကို အရင်လွှတ်ပြီး သွေးတိုးစမ်းတယ်။ ဆိုတော့ သူ့အနေနဲ့ တကယ်ကိုပဲ နအဖဘက်က သူ့ရဲ့ခရီးစဉ်ကို အပြုသဘော တုံ့ပြန်မယ်လို့ မျှော်လင့်ချက်ပေးလို့များ သူသွားသလား၊ အဲဒီလိုတော့ တွေးထင်စရာ ရှိတာပေါ့ဗျာ။ ဒါပေမယ့် တဖက်ကကြည့်တော့လည်း ဒီလောက်အရေးကြီးတဲ့ ကိစ္စကြီးတွေကို ဆွေးနွေးဖို့သွားတဲ့ ပုဂ္ဂိုလ်က ၂ ရက်ထဲနေမယ်ဆိုတော့လည်း သိပ်ပြီး သဘာဝမကျသလို ဖြစ်တယ်။”

ဒါပေမယ့် ကုလသမဂ္ဂ အကြီးအကဲ တဦးအနေနဲ့ အခုလိုသွားရောက်တယ်၊ စစ်ခေါင်းဆောင်တွေကို ပြောဆို နားချနိုင်တယ်ဆိုရင် တစုံတရာ ပိုပြီး ထိရောက်မှုရှိမယ်လို့ရော မယူဆနိုင်ဘူးလားခင်ဗျ။

“ကျနော်တို့ကတော့ သူသွားလို့ အောင်မြင်မှု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူလုပ်ရမယ့် နောက်အလုပ်ကို ရဲရဲရင့်ရင့် ဆက်လုပ်နိုင်ဖို့ပဲ ကျနော်တို့က တိုက်တွန်း မျှော်လင့်ပါတယ်။ နောက်အလုပ်ဆိုတာကတော့ သူ့ရဲ့ တောင်းဆိုချက်တွေကို နအဖက အပြုသဘော မတုံ့ပြန်ဘူးဆိုရင် ပြန်လာပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံရေးကိစ္စကို အရေးယူပါဆိုပြီး သူကိုယ်တိုင်က တိုက်တွန်းလှုံ့ဆော်ဖို့ပါပဲ။”

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို ရောက်မယ့် ဇူလိုင် ၃ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်ကို ပြန်စ စစ်ဆေးဖို့ ရုံးချိန်းထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ပြီး နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့ လုပ်သင့်တယ်လို့ တောင်းဆိုမှုတွေ ရှိထားသလို အချို့လှုပ်ရှားသူတွေကတော့ ရလဒ်ကောင်း မရဘဲနဲ့ မြန်မာနိုင်ငံကို သွားရောက်တာ မဖြစ်သင့်ဘူးလို့လည်း ယူဆမှုတွေ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG