သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ခရီးစဉ် အတိုက်အခံ အင်အားစု ကြိုဆို


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မကြာခင် သွားရောက်မယ့် မြန်မာနိုင်ငံ ခရီးစဉ်အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြိုဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တဦးကလည်း ဒီခရီးစဉ်ကို အကောင်းမြင်ထားပါတယ်။ သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ မြန်မာ့နိုင်ငံရေးမှာ အဓိကအကျဆုံး ကိစ္စဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) အာရုံစိုက်မယ်ဆိုတဲ့ ကိစ္စရပ်တွေ မဟုတ်ဘဲ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ဖြစ်တယ်လို့ လက်ခံထားပါတယ်။ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သဘောထား အမြင်တွေကို ဘန်ကောက်ရောက် ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

သီတင်းပတ်ပေါင်း အတော်ကြာ ခန့်မှန်း ပြောဆိုခဲ့ကြပြီးတဲ့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို တကယ်ပဲ သွားရောက်တော့မှာ ဖြစ်ပါတယ်။ မြန်မာ့အရေး အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ဇွန်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံကို တရက်ကြာ သွားရောက်ပြီး မစ္စတာဘန်ကီမွန်း လာရောက်ရေးကိစ္စ ဆွေးနွေးပြောဆိုပြီးတဲ့နောက် သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်ကို အစီရင်ခံအပြီး နာရီပိုင်းအတွင်းမှာပဲ မစ္စတာဘန်ကီမွန်းက သူကိုယ်တိုင်သွားဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။

မစ္စတာဘန်ကီမွန်း လာမယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြိုဆိုလိုက်ပေမယ့် သူရည်ရွယ်ထားတဲ့ အဓိကကိစ္စရပ် ၃ ခုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့လိုအပ်တယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ကတော့ ကုလသမဂ္ဂလို အဖွဲ့အစည်းက ကြိုးစားဆောင်ရွက်တာကို ကြိုဆိုပါတယ်။ ဒီကိုရောက်လာရင်လည်း အဓိက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့သင့်တယ်။ ဒါ ကျနော်တို့ သဘောထားပါ။”

ကုလသမဂ္ဂက မြန်မာ့အရေး ကြားဝင်ဆောင်ရွက် ပေးနေတာတွေမှာ တိုးတက်မှု မရှိလှတဲ့အတွက် ပြည်တွင်းပြည်ပမှာ အားမလို အားမရ ဖြစ်တာတွေက ရှိနေပါတယ်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA) ရဲ့ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးကျင့်ရှင်းထန်ကတော့ မစ္စတာဘန်ကီမွန်းရဲ့ အခုခရီးစဉ်အပေါ် အကောင်းမြင်ထားဆဲပါလို့ ပြောပါတယ်။

“ကျနော် အကောင်းမြင်ထားသေးတယ်။ နည်းနည်းလေး Hopeful ဖြစ်သေးတယ်ဗျ။ အမှန်မှာ သူက ကျနော်လာဖို့ လိုချင်ရင် ဒေါ်စုကို အရင်လွှတ်ပါ၊ ကျနော် ဘာမှမရှိဘဲ လာမှာမဟုတ်ဘူးဆိုတဲ့ သဘောမျိုးနဲ့ သူလုပ်နေတာ။ လုပ်နေပေမယ့် ဒီဘက်က ဘာမှ တုံ့ပြန်တာ မရှိတော့ ရှေ့ပြေးအနေနဲ့ ဂမ်ဘာရီလာပြီး လာမေးတာလို့ ထင်တာပဲ။ အဲဒါကို ဘာမှမဖော်ဘဲ တခါတည်း ၃ ရက်နေ့ အရောက်လာမယ် ဆိုပြီးတော့ ပြောတာနဲ့ တခုခုတော့ ဖြစ်မလား၊ တခုခုတော့ လုပ်မလား၊ ဒီဘက်က SPDC အနေနဲ့ လိုက်လျောဖို့ တခုခုရှိမလားဆိုတာ နည်းနည်း မျှော်နေတာပါ။”

ဦးကျင့်ရှင်းထန်တို့ရဲ့ UNA အဖွဲ့က မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး အကြံပြုစာတစောင် မစ္စတာဘန်ကီမွန်းဆီ ဇွန်လ ၂၅ ရက်နေ့မှာ ပေးပို့ခဲ့ပါသေးတယ်။ အဲဒီစာထဲမှာ မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ မြန်မာစစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ တိုင်းရင်းသား အင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာရေးအတွက် စစ်အစိုးရကို ပိုပြီးသင့်လျော်တဲ့ ဖိအားတွေ ပေးပါလို့ အကြံပြုထားပါတယ်။

ဒီကိစ္စတွေဟာ မြန်မာ့နိုင်ငံရေးမှာ အမြန်ဆုံးဖြေရှင်းနိုင်လေ၊ ဒီမိုကရေစီ နိုင်ငံတခုအဖြစ် အမြန်ဆုံး ရောက်နိုင်လေ ဖြစ်မယ်ဆိုပြီး မစ္စတာဘန်ကီမွန်းက သတ်မှတ်ထားတယ်ဆိုတဲ့ ကိစ္စရပ် ၃ ခုထဲမှာလည်း အပါအဝင်ပါ။ အဓိက ကွာခြားချက် တခုကတော့ ကုလသမဂ္ဂက ရွေးကောက်ပွဲကိစ္စကို ထည့်သွင်းပြောဆိုပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ထည့်မပြောတာပါပဲ။

အတွင်းရေးမှူးချုပ်ရဲ့ အဓိကကိစ္စရပ် ၃ ခုထဲက တခုတလေတောင် အောင်မြင်လိမ့်မယ်လို့ NLD အတွင်းရေးမှူးအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဦးဝင်းတင်က တွက်မထားပါဘူး။

“ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်ကို ကျနော် ဘာမှ သိပ်ပြောစရာ မရှိဘူး။ ခန့်မှန်းစရာလည်း အကြောင်းတော့ သိပ်မရှိဘူး။ ကျနော်ပြောတာက စစ်အစိုးရရဲ့ သဘောထားအနေနဲ့ ကျနော် ပြောချင်တာ။ စစ်အစိုးရကတော့ ခုနပြောတဲ့ အချက်ထဲမှာ တချက်အပါအဝင်ဖြစ်တဲ့ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ ဒေါ်စုကို လွှတ်ပေးဖို့ဆိုတာလည်း သူတို့ဘက်ကတော့ မရှိတော့ပါဘူး။ ဒီသဘောထားက သူတို့ မရှိဘူး။ ဖြစ်တဲ့နည်းနဲ့ ဒေါ်စုကို ထောင်ချမှာပဲ၊ အနည်းဆုံး လုပ်ထားနိုင်တာ သက်သက်သာသာ ဖြစ်အောင်ဆိုရင် ဆိုင်းငံ့ဘာညာ လုပ်ထားမယ်၊ သို့မဟုတ်လည်း အိမ်အကျယ်ချုပ်အနေနဲ့ ထားမယ်၊ စသည် ဒါလုပ်မှာပဲ။ ကျနော်ထင်တယ် ဒေါ်စုအမှုနဲ့ ပတ်သက်လို့ စစ်အစိုးရက အမြဲတမ်း ခေါင်းမာတတ်တယ်လေ။ ဒေါ်စုနဲ့ ပတ်သက်လို့မှ မဟုတ်ပါဘူး၊ ဘယ်ကိစ္စဖြစ်ဖြစ် ခေါင်းမာတယ်၊ သူတို့ တိမ်းရှောင်မယ်၊ ဒါ လုပ်မှာပဲ။”

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရေးဟာ ရွေးကောက်ပွဲပေါ်မှာ မူတည်မနေဘဲ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရေးက တကယ့်ကို အဓိကကျတယ်လို့ ဦးဝင်းတင်က လက်ခံထားပါတယ်။

“အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ်မှာ ဗမာပြည်ရဲ့ လတ်တလော နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့အတွက် တကယ့် Key က အဲဒီမှာတည်နေတယ်လို့ ကျနော်ပြောချင်ပါတယ်။ အဲဒါထက်ပိုပြီး အဆင့်မြင့်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်ဆိုရင်တော့ ဒေါ်စုလို နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေး၊ ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲလိုဟာမျိုး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးလို ကိစ္စမျိုး၊ စားပွဲဝိုင်း တွေ့ဆုံဆွေးနွေးပွဲသာ လုပ်နိုင်ရင်တော့ ဒါ အကောင်းဆုံးပေါ့။ အဲဒီထိ မလုပ်နိုင်သေးဘူး၊ အနိမ့်ဆုံးအားဖြင့် ဖြေရှင်းမယ်ဆိုရင်တောင်မှ အခြေခံဥပဒေ ပြင်ဆင်ရေးက အဓိကအကျဆုံး အချက်ပဲ။ အဓိကအကျဆုံး အချက်လို့ ပြောတဲ့အကြောင်းက အခြေခံဥပဒေ မပြင်ရင်တော့ ရွေးကောက်ပွဲဆိုတာလည်း ဘာအဓိပ္ပာယ်မှ မရှိဘူး။ နိုင်ငံရေးကို မရှိတော့ဘူး၊ ဒါပဲဗျ။”

ဒါပေမယ့်လည်း မြန်မာနိုင်ငံ ပြောင်းလဲရေးမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ၊ ခုချိန်ထိ ကြားဝင် ဆောင်ရွက်ပေးနေတာတွေ အပေါ်မှာတော့ အကောင်းမြင်ဆဲပါလို့ ဦးဝင်းတင်က ပြောပါတယ်။

“ဘာပဲပြောပြော အကုန်လုံး ရှိသမျှဟာ စစ်အစိုးရ လက်ထဲမှာပဲ၊ စစ်အစိုးရ ပြောသမျှပဲ ဆိုတာမျိုးတော့ မဟုတ်ဘူး၊ ကမ္ဘာကလည်း ပြောနေသေးတယ်၊ ကမ္ဘာကလည်း လုပ်နေသေးတယ်၊ နှီးနှောရာတော့ ရှိတယ်ဆိုတဲ့အတွက် ကျနော်ကတော့ အကောင်းမြင်ပါတယ်။ ကျနော်တို့ ဒီနေ့အထိ ကုလသမဂ္ဂရဲ့ လုပ်ဆောင်တာတွေမှာ အားမရတာတွေရှိတယ်၊ အထူးသဖြင့် မစ္စတာဂမ်ဘာရီအပေါ် ကျနော်တို့ တော်တော့်ကို အမြင်မကြည်ဘူးပေါ့ဗျာ၊ တော်တော့်ကို စိတ်ပျက်တဲ့ အနေအထားမှာ ရှိတယ်။ သို့သော် ဘယ်လိုပဲဖြစ်နေပစေ International Community ရဲ့ ကျနော်တို့အပေါ် ဝိုင်းဝန်းမှု၊ ပံ့ပိုးမှု၊ ဒါတွေကို ကျနော်တို့ အားတက်တုန်းပဲ၊ ဒါတွေအတွက် ကျနော်တို့ ကျေနပ်မှု ရှိတုန်းပဲ၊ အကောင်းမျှော်တုန်းပဲလို့ ကျနော်ကတော့ အဲဒီလိုပဲ သဘောထားပါတယ်။”

လက်ရှိမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဂျပန်နိုင်ငံမှာ ရောက်နေပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖုမိ နာကာဆိုနဲ (Hirofumi Nakasone) နဲ့ တွေ့ဆုံတဲ့အခါ တခြား ကမ္ဘာ့ရေးရာ ကိစ္စရပ်တွေနဲ့အတူ မြန်မာနိုင်ငံ အရေးကိစ္စကိုလည်း ဆွေးနွေးမယ်လို့ ဂျပန်ကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။ မစ္စတာဘန်ကီမွန်းဟာ ဂျပန်နိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို တိုက်ရိုက်လာရောက်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG