သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် တောင်းဆို


ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး မြန်မာနိုင်ငံကို ခရီးဆက်တော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေးအတွက် စစ်အစိုးရကို မေတ္တာရပ်ခံလိုက်ပါတယ်။ အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးသင့်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

တိုကျိုမြို့ကို ရောက်ရှိနေတဲ့ မစ္စတာဘန်ကီမွန်းဟာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖုမိ နာကာဆိုနဲ (Hirofumi Nakasone) နဲ့ တွေ့ဆုံပြီး သတင်းထောက်တွေကို အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့မှာ သွားမယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူ မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က မနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အဆိုအရ မြန်မာ့နိုင်ငံရေးမှာ မဖြစ်မနေ ကိုင်တွယ်ဖို့ လိုအပ်တဲ့ ကိစ္စတွေကတော့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး၊ အစိုးရနဲ့ အတိုက်အခံတွေကြား တွေ့ဆုံဆွေးနွေးမှုတွေ အမြန်ဆုံး စတင်ရေး၊ အများယုံကြည် ကိုးစားလောက်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် အခြေအနေ ပတ်ဝန်းကျင် ဖန်တီးပေးရေးတို့ ပြုလုပ်ဖို့ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စတွေကို မြန်မြန်ကိုင်တွယ်လေ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ သာယာဝပြောရေးကို ရှေးရှုပြီး အမြန်ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အလေးအနက် ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG