သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ပြည်တွင်းရေး အခြေအနေ ဂျပန် စိုးရိမ်


မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေအပေါ်မှာ စိုးရိမ်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရက်ပိုင်းအတွင်း သွားရောက်ဖို့ စီစဉ်ထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဂျပန်နိုင်ငံကို ရောက်တဲ့အချိန် ဂျပန်နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်လို့ အခု ထုတ်ဖော်ပြောဆိုလိုက်တာပါ။
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ မျှော်လင့်ချက်နဲ့ သဘောထား တွေကို ကိုသိန်းထိုက်ဦးက တင်ပြပေးပါလိမ့်မယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီနေ့ ဂျပန် ၀န်ကြီးချုပ် တာရိုအာဆိုနဲ့ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံကို မသွားရောက်ခင် ဂျပန်နိုင်ငံကို သုံးရက်ကြာသွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ မနေ့က ဘန်ကီမွန်းနဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဟီရိုဖုမိ နာကာဆိုနိက မြန်မာ့အရေးနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်း ပြောဆိုသွားပါတယ်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံ အခြေအနေ ပတ်သက်လို့ စိုးရိမ်မှုတွေ ပြောဆိုနေတဲ့အချိန်မှာ ဂျပန်နိုင်ငံ အနေနဲ့လည်း မြန်မာပြည်တွင်း အခြေအနေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေတဲ့ အနေအထား တွေနဲ့ ပြဿနာစုံ၊ အခြေအနေ အကြောင်းကြောင်း အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေတယ်ဆိုတာကို ပြောဆိုချင်ပါတယ်ဆိုပြီး ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဟီရိုဖုမိ နာကာဆိုနိက ပြောဆိုသွားတာပါ။

အခုလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဂျပန်နိုင်ငံကို ရောက်နေတဲ့အချိန်၊ ဂျပန် နိုင်ငံမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေလည်း ဒီနေ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးရှေ့မှာ သွားရောက် ဆန္ဒပြပြီး မြန်မာနိုင်ငံ့အရေးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဘက်က ဖိအားပေး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ သုတေသနမှူး ဦးမြသိန်းက ဆန္ဒပြပွဲအကြောင်းကို အခုလို ပြောပါ တယ်။

“လူကတော့ ၁၅၀ကျော် လာတယ်ခင်ဗျ။ အဓိကကတော့ ဘန်ကီမွန်း ဗမာနိုင်ငံကို သွားမယ်ပေါ့လေ။ သွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စ၊ နောက်ပြီး အခြေခံဥပဒေကို ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ပေးဖို့ကိစ္စ၊ နောက်တခုကတော့ အားလုံးပါဝင်နိုင်တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ကိစ္စတွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်။ အဲဒါကို ဘန်ကီမွန်း နိုင်ငံခြားရေးရုံးကို လာတဲ့အချိန်မှာ နိုင်ငံရေးလှုပ်ရှားတဲ့ အဖွဲ့အစည်း အသီးသီးနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ တောင်းဆို ဆန္ဒပြကြတာပါ။ ”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အလှည့်အပြောင်း ကာလမှာ တိုးတက်မှုတွေ ရဖို့ မရှိမဖြစ် လိုအပ်တဲ့အချက် သုံးချက်ကို ထပ်ပြီး ပြောဆိုခဲ့တာပါ။ မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့နဲ့၊ ရှေ့နှစ်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို နည်မှန်လမ်းမှန် အနေအထားမှာ လူအများ လက်ခံယုံကြည်တဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်မယ့် အခြေအနေ ဖန်တီးဖို့ တောင်းဆိုခဲ့တာပါ။

ဒီနေရာမှာ ကုလသမဂ္ဂဘက်က အဓိကထားတဲ့အချက်နဲ့ လက်ရှိ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆို ထားတဲ့အချက် ကြားမှာ ကွဲလွဲချက် တခုရှိနေပါတယ်။ အဲဒါကတော့ အန်အယ်လ်ဒီက တောင်းဆိုထားတဲ့ ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ရေးဆိုတဲ့ အချက်ပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ပြီး လူအများ ယုံကြည်လက်ခံနိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးဖို့ တိုက်တွန်းပေမဲ့ စစ်အစိုးရ အတည်ပြု ထားတဲ့ ဖွဲ့စည်းပုံပါ အချက်တွေကို ပြန်လည်ပြင်ဆင်ဖို့ ဆိုတာကို အဓိက အချက်အဖြစ် ပြောဆိုထားတာတော့ မရှိသေး ပါဘူး။

ဘာပဲဖြစ်ဖြစ် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ခရီးစဉ်အတွင်းမှာ အန်အယ်လ်ဒီအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်လို့ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ တွေ့ဖို့ အမြဲတမ်း အဆင်သင့်ပါ။ ကြိုတင်ပြင်ဆင်တယ်ဆိုတဲ့နေရာလည်း ကျွန်တော်တို့ အန်အယ်လ်ဒီ က သူ့ရဲ့ မူဝါဒတွေရှိပါတယ်။ မူဝါဒတွေ မူတည်ပြီးတော့ တွေ့မှာပါ။ အဓိကကတော့ နောက်ဆုံး အန်အယ်လ်ဒီ က ထုတ်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ပါသလို့ပါပဲ။ ဒိုင်ယာာလော့ကနေစမယ်။ ဒိုင်ယာလော့ အောက် မှာ မှ ဥပဒေ ပြင်ဆင်ရေးတို့ ဒါတွေက နောက်ကလိုက်ပါမယ်။ ဒီမူဝါဒက ရွှေဂုံတိုင်ဟာ နောက်ဆုံးဖြစ်သလို အခုထိလည်း ဒီမူဝါဒပါပဲ။”

ပြီးခဲ့တဲ့ နှစ်က အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ခရီးစဉ်မှာတော့ မုန်တိုင်းဒဏ် ခံနေရတဲ့ မြန်မာပြည်သူတွေကို ကယ်တင်ဖို့ နိုင်ငံတကာ အကူအညီတွေ လက်ခံနိုင်ရေးစစ်အစိုးရကို နားချနိုင်ခဲ့ပါတယ်။ အခုတခေါက် ခရီးစဉ်မှာရော၊ စစ်ဒဏ်သင့်ပြီး အတိဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ မေတ္တာရပ်ခံချက်တွေကို စစ်အစိုးရ ခေါင်းဆောင်တွေ လက်ခံအောင် နားချနိုင်ပါ့မလား မသေချာသေးပါဘူး။ အနိမ့်ဆုံးဆင့် အင်းစိန်ထောင်မှာ ချုပ်နှောင်ခံ နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မျှော်လင့်နိုင်ပါ့မလား။ ဦးဥာဏ်ဝင်းကတော့

“ကျွန်တော်တို့တော့ တကယ်ပဲ မျှော်လင့်နေပါတယ်။ အခုဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေ၊ နိုင်ငံတကာ အခြေအနေ၊ ကုလသမဂ္ဂအခြေအနေ၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ် ပြစ်မှု ကျူးလွန်တာ မရှိတဲ့အတွက် အဲဒီလို မျှော်လင့်ပါတယ်။”

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီရဲ့ သဘောထားနဲ့ မျှော်လင့်ချက်တွေကို ဦးဥာဏ်ဝင်း ပြောပြသွားတာပါ။



ဆက်စပ်သတင်းများ ...

XS
SM
MD
LG