သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်ခရီး မျှော်လင့်ချက်ရှိလား?


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ မကြာမီရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို သွားရောက်ပါတော့မယ်။ နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်တဦးအနေနဲ့ မြန်မာနိုင်ငံအရေးကို ဘယ်လောက် အလေးထား ဆောင်ရွက်နေတယ်၊ ဘယ်လောက် ဦးစားပေးတယ် ဆိုတာကို ပြသလိုက်ခြင်း ဖြစ်ပါတယ်။ ဒီ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်မှ မြန်မာပြည်သူတွေအတွက် ဘာများ မျှော်လင့်နိုင်ပါသလဲ၊ အမြင့်ဆုံး ဘာကိုမျှော်လင့်ပြီးတော့ အနှိမ့်ဆုံးအဆင့် ဘာကိုမျှော်လင့်နိုင်သလဲ ဆိုတာကို ဦးကျော်ဇံသာက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistant Association for Political Prisoners-Burma) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်၊ ဧရာဝတီသတင်းဌာန အယ်ဒီတာ ဦးအောင်ဇော်တို့ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဦးကျော်ဇံသာ - ဦးဘိုကြည်ခင်ဗျား အခု မစ္စတာဘန်ကီမွန်း မြန်မာပြည်ကို သွားမယ်။ ဦးဘိုကြည်တို့က နိုင်ငံရေးအကျဉ်းသားများ ကူညီတဲ့ အဖွဲ့အစည်းဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွတ်မြောက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါသလား။

ဦးဘိုကြည် - အဲဒီလိုတော့ ကျနော်တို့ မျှော်လင့်မထားပါဘူး။ ဒါပေမယ့် အဲဒီလိုမျိုး လွတ်မြောက်ဖို့အတွက် လမ်းစတွေ ဖြစ်လာနိုင်တယ်လို့တော့ ကျနော်တို့ မျှော်လင့်ထားပါတယ်။

ဦးကျော်ဇံသာ - ဆိုတော့ လမ်းစဆိုတာ ဆက်ပြီးတော့ ဆွေးနွေးရမယ် ဆိုတာလား။

ဦးဘိုကြည် - ဟုတ်ကဲ့၊ သွားမယ့်အချိန်ကလည်း အလွန်တိုတောင်းတယ်၊ နှစ်ရက်တည်းပဲ ဖြစ်တယ်။ မြန်မာတပြည်လုံးရဲ့ ကိစ္စကို ဒီနှစ်ရက်တည်းနဲ့ သူ တွေ့ဆုံဆွေးနွေးနိုင်မယ့် အရေအတွက်ကလည်း အလွန်နည်းနိုင်တယ်။ တကယ် တွေ့သင့်တွေ့ထိုက်တဲ့ လူတွေနဲ့ ဘယ်လောက်တွေ့မလဲ။ အဲဒီအခြေအနေပေါ် မူတည်ပြီးမှ နောက်ပိုင်းအကျိုးဆက်တွေကို ကျနော်တို့ ခန့်မှန်းလို့ရမှာပါ။

ဦးကျော်ဇံသာ - ဟုတ်ကဲ့။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကိစ္စကိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ရုံနဲ့ ပြီးမယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စတခုတည်း ပြောမယ်ဆိုရင်ကော ဘယ်လောက်ထိ မျှော်လင့်ချက်ထားနိုင်ပါသလဲ။

ဦးဘိုကြည် - အမြင့်ဆုံး ဖြစ်နိုင်တာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာမျိုးက အမြင့်ဆုံးဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အနိမ့်ဆုံး ဖြစ်နိုင်တာကတော့ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားတာက ဥပဒေအရ ဖမ်းထားတာ ဖြစ်တယ်၊ ဥပဒေကို ချိုးဖောက်လို့ ဖမ်းတာဖြစ်တယ်၊ ဒါဟာ ပြည်တွင်းကိစ္စဖြစ်တယ် ဆိုတာမျိုးနဲ့ သူတို့ တင်းခံတာမျိုးလည်း ဖြစ်လာနိုင်တယ်။

ဦးကျော်ဇံသာ - ဟုတ်ကဲ့၊ ဒါက နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူးကို မေးလိုက်တာပါ။ အကုန်လုံးကို လွှမ်းခြုံပြီး ဧရာဝတီ သတင်းဌာန အယ်ဒီတာ ဦးအောင်ဇော်ကို မေးလိုပါတယ်။ ဘာများ အမြင့်ဆုံး မျှော်လင့်နိုင်ပါသလဲ။

ဦးအောင်ဇော် - ကျနော်တို့ မျှော်လင့်လို့ရတာပဲ ပြောတာထက် ဘန်ကီမွန်း သွားသင့်၊ မသွားသင့် ပတ်သက်ပြီးတော့ ဝေဖန်ချက်တွေ အမျိုးမျိုးရှိပါတယ်။ ကုလသမဂ္ဂမှာလည်း အဖွဲ့နှစ်ဖွဲ့ ကွဲတယ်လို့ ကျနော်တို့ သိရပါတယ်။ တစ်ကတော့ မသွားသင့်ဘူး။ မသွားသင့်ဘူးဆိုတဲ့အဖွဲ့ ဘာကြောင့်လဲဆိုတော့ ပြန်လာရင် လက်ချည်းသက်သက် ပြန်လာမယ်။ နှစ်ဆိုတဲ့အဖွဲ့ကတော့ သွားသင့်တယ်။ ဘာမှ အကျိုးကျေးဇူး မရရင်တောင်မှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆိုတာ ပဋိပက္ခတွေ ဖြစ်နေတဲ့နေရာ၊ နိုင်ငံရေးပြဿနာတွေ ရှိနေတဲ့နေရာ၊ စစ်ပွဲတွေ ရှိနေတဲ့နေရာ၊ မြန်မာပြည်လို ပဋိပက္ခတွေ ဖြစ်နေတဲ့နိုင်ငံကို သွားကိုသွားရမယ်ဆိုတဲ့ အုပ်စုတစု ရှိပါတယ်။ အဲဒီအုပ်စုက အနိုင်ရသွားတယ်လို့ ကျနော်ယူဆပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံအရေးကို Campaign လုပ်နေတဲ့ အုပ်စုတွေကလည်း ဘန်ကီမွန်း သွားကိုသွားရမယ်လို့ ထောက်ခံကြတာကို တွေ့ရပါတယ်။ ဆိုတော့ ကျနော်သိချင်တာက ဘန်ကီမွန်းက ဒီတရက်လောက်ပဲကြာတဲ့ ခရီးစဉ်မှာ သူ အိမ်စာဘယ်လောက် လုပ်ထားပြီးပြီလဲ။ မြန်မာပြည်အရေးကို ဘယ်လောက် ကြေကြေညက်ညက် နားလည်သလဲ။ ဒေါ်အောင်ဆန်းစုကြည်အပြင် အကျဉ်းသားနှစ်ထောင် လွတ်မြောက်ရေးကိစ္စအပြင် တခြား မြန်မာပြည်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကိစ္စတွေ၊ Road Map ကို Inclusive ဖြစ်အောင် လုပ်မယ့်ကိစ္စတွေ ဘယ်လောက်ထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ထဲထဲဝင်ဝင် ပြောနိုင်မလဲ။

ဘန်ကီမွန်း ဒီတရက်တည်း သွားတာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားအားလုံး လွတ်မြောက်လာမယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် အကျဉ်းသား လွတ်မြောက်ရေးကို Time Frame လို့ခေါ်တဲ့ အချိန်ကာလတခုနဲ့ နှိုင်းယှဉ်ပြီး လွှတ်ပေးမယ့်ကိစ္စ တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် မျှော်လင့်လို့ရတာက ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးမှုတွေ ယူအန်ရဲ့မျက်နှာကို လိုက်ပြီးတော့ ဆိုင်းငံ့ပြစ်ဒဏ်ပေးပြီး အိမ်ကိုပြန်ပို့မလား၊ နောက်ဆုံးပိတ် လွှတ်ပေးမလား၊ တခြားအကျဉ်းသားတွေ လွှတ်ပေးမလားဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးတချို့ ရှိတာကိုတော့ တွေ့ရတယ်။ ဒါလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘက်က မဟုတ်ဘဲနဲ့ ဘန်ကီမွန်းတို့ဘက်ကနေ ဘယ်လောက်ထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြတ်ပြတ်သားသား Diplomacy နည်းလမ်းအရ ပြောနိုင်မလဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်တယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ - အဲဒီအချက်ကို ကျနော် ဆက်မေးချင်တယ်။ နာဂစ်တုန်းကတော့ မစ္စတာဘန်ကီမွန်း သွားလိုက်တဲ့အတွက် နိုင်ငံတကာ အကူအညီ ပေးပို့ရေးမှာ မြန်မာနိုင်ငံအစိုးရဘက်က လက်ခံဖို့၊ အဲဒီကိစ္စဟာ အတော်လေး ပြေလည်သွားတယ်လို့ လူတွေက သူ့ကို မှတ်ချက်ချကြတယ်။ အဲဒီတုန်းကတော့ အကူအညီပေးဖို့ ဆိုပြီးတော့ အထုပ်အပိုးပြပြီးတော့ သွားတာဖြစ်တယ်။ ဒီတကြိမ်မှာ ဘယ်လို Incentives မျိုး၊ ဘယ်လို မက်လုံးမျိုးကိုပြပြီး ဆွဲဆောင်နိုင်မလဲ။ ကိုဘိုကြည် စဆွေးနွေးပါခင်ဗျ။

ဦးဘိုကြည် - ဘန်ကီမွန်းဘက်ကတော့ သူက နအဖနဲ့ နိုင်ငံတကာနဲ့ ပိုပြီး အဆင်ပြေလာအောင် နအဖကို ဘယ်လိုမျိုး လုပ်သင့်တယ်၊ အဲဒီကနေတဆင့် နိုင်ငံတကာကနေ နအဖကို အကူအညီပေးနိုင်အောင် နအဖဘက်က ဘယ်လိုပုံစံမျိုးတွေ လုပ်သင့်တယ်ဆိုတာမျိုးတွေ ချပြမှာတော့ သေချာပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း တဖက်မှာ သူပြောမှာက တကယ်လို့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘူး၊ တွေ့ဆုံဆွေးနွေးရေး မလုပ်ဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲက သူတို့အတွက် အသိအမှတ်ပြု ခံရနိုင်ဖွယ် မရှိဘူး၊ နိုင်ငံတကာက လက်ခံမှာမဟုတ်ဘူးဆိုတဲ့ ဒီလိုမျိုး စကားတွေလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့တဲ့အချိန်မှာ ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် နောက်တခု ကျနော်တို့ စိုးရိမ်တာက ဘန်ကီမွန်း နအဖနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့အချိန်၊ သူပြန်သွားပြီး သူ့ရဲ့ အကဲဖြတ်ချက်က ကျနော်တို့ တနိုင်ငံလုံးအတွက် တော်တော်အရေးကြီးပါတယ်။ ဆိုတော့ အဲဒီဟာကို ပိုပြီး စောင့်နားထောင်ရလိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ - ကိုအောင်ဇော်ခင်ဗျား၊ မစ္စတာဘန်ကီမွန်းက မြောက်ကိုရီးယားကြတော့ ကိုယ်တိုင်သွားပြီး မကြိုးပမ်းဘူး၊ ဒါဟာ ရလာလိမ့်မယ်လို့ မထင်လို့ မသွားဘူးလို့ ယူဆရပါတယ်။ မြန်မာနိုင်ငံကြတော့ သူကိုယ်တိုင် သွားတယ်ဆိုတော့ သူကတော့ တခုခု ဖြစ်လာလိမ့်မယ်လို့ တွက်ထားပုံရပါတယ်။ မစ္စတာဘန်ကီမွန်း ဒီလောက် ကမ္ဘာ့အဆင့်အမြင့်ဆုံး သံတမန်ကြီးတဦးအနေနဲ့ ဒီလောက် ဝါရင့်တဲ့ပုဂ္ဂိုလ်ကတော့၊ မြောက်ကိုရီးယားကို မသွားဘဲနဲ့ မြန်မာပြည်ကို သွားတယ်ဆိုတာကတော့ သူ့က မျှော်လင့်ချက် အပိုင်တွက်လို့ပဲလို့ ကျနော်တော့ ယူဆတယ်၊ အဲလိုမျိုး မဖြစ်နိုင်ဘူးလား။

ဦးအောင်ဇော် - သူ့ဘက်ကလည်း မပိုင်ရင်တော့ မလုပ်ဘူးပေါ့။ သူ့ဘက်က လမ်းစလေးတခုကို ဟိုဘက်ကလည်း ဖွင့်ပေးလို့ ဝင်သွားတာ ဖြစ်နိုင်တယ်ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်အစိုးရက ဘေးကျပ်နံကျပ်ပါ။ ပျားအုံကို တုတ်နဲ့ထိုးတဲ့ စစ်အစိုးရပါပဲ။ တကယ့်တကယ်တော့ သူက သူ့ရဲ့သေတွင်းကို တူးတဲ့ပုံစံဖြစ်နေတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်တဲ့ကိစ္စ၊ မြောက်ကိုရီးယားသင်္ဘောတွေ ကိစ္စ၊ မြောက်ကိုရီးယားနဲ့ လျှို့ဝှက် စစ်ရေးပူးပေါင်းမှု လုပ်တဲ့ကိစ္စ၊ နိုင်ငံတကာရဲ့ ဖိအားပေးမှု ခံရတဲ့ကိစ္စ၊ နိုင်ငံတကာရဲ့ ဝိုင်းကြဉ်တာကို ခံရတဲ့ကိစ္စ၊ အမေရိကန်က ဖိအားပေးတာကို ခံရတဲ့ကိစ္စ၊ အာဆီယံက သူ့ကို ဖိအားပေးတာ ခံရတဲ့ကိစ္စ၊ နောက် တရုတ်ကအစ သူ့ကို ဝေဖန်တဲ့ကိစ္စ၊ ဒါတွေအားလုံးကို သူ ဖြေထုတ်ဖို့ လိုပါတယ်။ ဖြေထုတ်ဖို့ လိုတဲ့အတွက်ကြောင့် သူဟာ အပေါက်တပေါက်ကို ရှာရပါတယ်။ လေရှူပေါက်တခုပေါ့လေ။

အဲဒီအခါမှာ ဘန်ကီမွန်းကို ထုတ်ပြီးတော့ ဘယ်လိုမျိုး အပေးအယူလုပ်မလဲဆိုတာ၊ လုပ်နိုင်တယ်လို့ ကျနော် တွက်ဆမိတယ်။ အဲဒါက ဘာလဲဆိုတာတော့ ကျနော်လည်း ဗေဒင်ဆရာမဟုတ်တော့ မသိဘူး။ ဒါပေမယ့် သူက တခုခုကို အပေးအယူလုပ်ချင်တဲ့ သဘောရှိတယ်။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်ကို လျှော့ရက်နဲ့လွှတ်မှာလား၊ ဒါမှမဟုတ် အိမ်ပြန်ပို့မှာလား၊ လွှတ်ပေးလိုက်မှာလား၊ ဒါမှမဟုတ် Election နဲ့ပတ်သက်ပြီး တခုခု အပေးအယူ လုပ်မှာလားဆိုတဲ့ ပုံစံမျိုးပေါ့လေ။

သူက အမြဲတမ်း ကျဉ်းထဲကျပ်ထဲ ရောက်တဲ့အခါတိုင်း လုပ်လေ့ရှိပါတယ်။ နာဂစ်ကိစ္စတုန်းကလည်း စစ်သင်္ဘောတွေက တဖက်က မြန်မာပြည်ကို ဝင်တော့မယ့်ပုံစံမျိုး လုပ်တဲ့အခါမှာ အာဆီယံက ပြောခဲ့တဲ့ စကားတခွန်း ရှိပါတယ်။ အဲဒါကတော့ လျှို့ဝှက်စကားပေါ့လေ။ တော်တော်များများ မသိကြပါဘူး။ အင်ဒိုနီးရှားက ပြောခဲ့ပါတယ်၊ ခင်ဗျားတို့ ယူအန်နဲ့ အာဆီယံကို ပေးမဝင်ဘူးဆိုရင်၊ TCG ဆိုတဲ့အဖွဲ့ကို ပေးမဖွဲ့ဘူးဆိုရင် ကျနော်တို့ အမေရိကန်၊ ဗြိတိသျှနဲ့ ပြင်သစ်က စစ်သင်္ဘောတွေကို ပေးဝင်ရတော့မယ်ဆိုပြီး ပြောတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကနေ ချက်ချင်းပဲ ဒီဘက်ကနေ အလျှော့ပေး လုပ်ဆောင်မှုမျိုး လုပ်ရတာ ဖြစ်ပါတယ်။ ဆိုတော့ ဒီကိစ္စမှာလည်း ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘန်ကီမွန်းနဲ့ တခုခုတော့ အပေးအယူ လုပ်နိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့ ယူဆလို့ရပါတယ်။

ဦးကျော်ဇံသာ - နာဂစ်ကိစ္စက စောစောကပြောတဲ့ လျှို့ဝှက်သတင်း ဦးအောင်ဇော်ဆီက ကြားရတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အခု နိုင်ငံရေးကိစ္စမှာရော အဲဒီလိုမျိုး မက်လုံးပေးတာထက် ခပ်တင်းတင်းပြောလာနိုင်တဲ့ အခြေအနေရော မျှော်လင့်နိုင်ပါသလား။

ဦးအောင်ဇော် - ကျနော်မြင်တာတော့ ဘန်ကီမွန်းဘက်က ပြောတာက မြန်မာပြည်ဟာ လူထဲသူထဲကို ဝင်ချင်ရင်၊ နိုင်ငံတကာနဲ့ ပြန်ပြီးဆက်ဆံချင်ရင်၊ အမေရိကန် အစိုးရက ဖိအားပေးထားတဲ့ ပိတ်ဆို့မှုတွေကို ပြန်ပြီး ရုပ်သိမ်းစေချင်တယ်ဆိုရင် အလျှော့အတင်း လုပ်ပါဆိုပြီး ဘန်ကီမွန်းဘက်က ပြောလာနိုင်တယ်။ ဒီလိုပြောဖို့အတွက်လည်း ဘန်ကီမွန်းက သူ့ရဲ့ ၁၄ နိုင်ငံအဖွဲ့ရှိတယ်၊ သူ့ရဲ့ Friends of Burma ဆိုတဲ့အဖွဲ့ ရှိတယ်။ အဲဒီအဖွဲ့ ထောက်ခံမှု၊ UNSC ရဲ့ထောက်ခံမှု၊ ဒါ့အပြင် ဒေသတွင်းမှာရှိတဲ့ တရုတ်အပါအဝင် အာဆီယံအဖွဲ့ရဲ့ ထောက်ခံမှုတွေကို သူက နေပြည်တော်ကို မသွားခင်မှာ အပြည့်အ၀ ယူဖို့လိုတယ်။

အဲလိုထောက်ခံမှုမျိုးကိုလည်း သူ တစိတ်တပိုင်း ရထားပြီးပြီလို့ ကျနော်ယုံကြည်တယ်။ ဒါကြောင့် သူက ယူအန်ကြောင့် သွားတာမဟုတ်ဘဲနဲ့ အဲဒီလူတွေရဲ့ ထောက်ခံမှုနဲ့ သွားပြီးတော့ ကဲ ခင်ဗျားဖြစ်စေချင်တာက ဘာလဲ၊ ကျနော်ပြောနိုင်တာ ဒါ၊ အဲဒီလိုမှ ဖြစ်မလာဘူးဆိုရင် ခင်ဗျားအတွက် ဒီ့ထက်ပိုပြီးတော့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ သူ့ဘက်က ပြောပြီဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကလည်း အလျှော့အတင်း လုပ်လာနိုင်တယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ - ကိုဘိုကြည်ကို နောက်ဆုံးမေးချင်တာကတော့ အခု ဘန်ကီမွန်း သွားရောက်မယ့်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းလုပ်ထားတဲ့နေ့ ဖြစ်ပါတယ်။ ဒီအမှုကို သူတို့ ဆက်သွားလိမ့်မယ် ထင်ပါသလား၊ ဘန်ကီမွန်းကို အကြောင်းပြပြီး ရွှေ့ဆိုင်းလိုက်မလား။

ဦးဘိုကြည် - သေချာတာက ဘန်ကီမွန်း သွားမယ်လို့ ပြောနေတဲ့အချိန်မှာပဲ မြန်မာနိုင်ငံထဲမှာ အဖမ်းအဆီးတွေကတော့ ဆက်ရှိနေပါသေးတယ်။ မနေ့တနေ့က ဆိုရင်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ဖမ်းနေတာမျိုးတွေ ရှိနေသေးတယ်။ ဒီအခြေအနေတွေကို ကြည့်မယ်ဆိုရင် နအဖဘက်ကတော့ သိပ်ပြီးတော့ နောက်ဆုတ်မယ့်ပုံစံမျိုး မရှိဘူး။ သူတို့လိုချင်တဲ့ အတိုင်းအတာအထိ ရဖို့အတွက် လူထုကို အကြောက်တရားနဲ့ အုပ်ချုပ်မယ် ဆိုတဲ့ဟာကတော့ ဆက်ပြီး ကိုင်စွဲနေတုန်းပဲ ရှိတယ်။

နောက်တခုက အာဏာရှင်တွေရဲ့ ထုံးစံအတိုင်းပဲ သူတို့ကတော့ နောက်ဆုံးအချိန်အထိ ဘယ်တော့မှ လျှော့မှာမဟုတ်ဘူး။ ဒါပေမယ့် သူတို့လျှော့မယ်ဆိုရင်တောင်မှ သူတို့က အပေါ်စီးနဲ့ လျှော့ချင်တဲ့ပုံစံမျိုး သွားနေတာမျိုးတွေတော့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စကလည်း တရားရုံးနဲ့ ဆိုင်တယ်ဆိုပြီးတော့ တရားရုံးကတော့ ဆက်ပြီး သွားနေလိမ့်ဦးမယ်၊ ဒါပေမယ့် အမှုစီရင်တဲ့ကိစ္စကိုတော့ ချက်ချင်းလုပ်မှာ မဟုတ်သေးဘူး။ အဲဒါကတော့ နိုင်ငံရေး အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ အမှုစီရင်တဲ့ အခြေအနေကို သူတို့ ဆက်လုပ်ပါလိမ့်မယ်။

ဦးကျော်ဇံသာ - မစ္စတာဘန်ကီမွန်းသွားမယ့် ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ လူတိုင်းဟာ အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့တော့ မျှော်လင့်ကြပါလိမ့်မယ်။ မဖြစ်လာဘူးလို့လည်း မပြောနိုင်ပါဘူး။ သို့သော်လည်း ဖြစ်လာဖို့ဆိုတဲ့ ရာခိုင်နှုန်းကတော့ အတော်လေးနည်းတယ်လို့ မျှော်လင့်သူ တော်တော်များများက တွက်ကြပါတယ်။ သီချင်းထဲကလို မျှော်သာမျှော်သည် မယုံကြည်လို့ပဲ ဆိုရလေမလားလို့ ပြောကြားရင်း ဒီတပတ်အစီအစဉ်ကို နိဂုံးချုပ်အပ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG