သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဂျပန်အားပေးမှု ဘန်ကီမွန်းကျေနပ်


မနက်ဖြန် မြန်မာနိုင်ငံကို သွားတော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နောက်ဆုံး ပြောကြားချက်ကို ကြည့်ရအောင်ပါ။ ရှေ့နှစ် ၂၀၁၀မှာ ရွေးကောက်ပွဲ လုပ်ဖို့ မြန်မာ စစ်အစိုးရက စီစဉ်ထားပေမဲ့ ရွေးကောက်ပွဲအပေါ် အများလက်ခံ ယုံကြည်နိုင်မယ့် လုပ်ငန်းစဉ်တွေ စပြီး လုပ်တာ မတွေ့ရသေးဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဝေဖန် ပြောကြားခဲ့ပါတယ်။ လောလောဆယ် ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ ဘန်ကီမွန်း က အခုလို ပြောခဲ့တော့ သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားတဲ့အခါမှာ ရွေးကောက်ပွဲ ကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရအပေါ် ဘယ်လို တိုက်တွန်းမယ်လို့ မျှော်လင့်နိုင်သလဲဆိုတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ မနေ့တုန်းက ဂျပန် ဝန်ကြီးချုပ် တာရိုအာဆိုနဲ့ တွေ့ဆုံခဲ့သလို တိုကျို တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲလည်း ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံကို မသွားရောက်ခင် ဂျပန်နိုင်ငံကို ၃ရက်ကြာ သွားရောက်ပြီး မြန်မာနဲ့ ကမ္ဘာအရေးကိစ္စကို ဆွေးနွေးခဲ့တာပါ။ မြန်မာနိုင်ငံကို သွားရောက်မယ့် သူ့ရဲ့ ခရီးစဉ်ကနေ ဂျပန်နိုင်ငံနဲ့ ကုလသမဂ္ဂအကြား မြန်မာ့အရေး တူညီတဲ့ ရည်မှန်းချက်တွေ အကောင်အထည် ပေါ်အောင် ဘယ်လို ရှေ့ဆက် ဆောင်ရွက်မလဲဆိုတာ ဂျပန် ဝန်ကြီးချုပ် တာရိုအာဆိုနဲ့ တွေ့ဆုံ ဆွေးနွေးတိုင်ပင်ခဲ့တဲ့အကြောင်း မနေ့ တိုကျိုမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

“မြန်မာ့အရေး ကြားဝင်ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့အတွက် ဂျပန် နိုင်ငံအပေါ် ကျေးဇူးတင်တဲ့အကြောင်းနဲ့ သူဖွဲ့စည်းထားတဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့မှာ ဦးဆောင်ဦးရွက် အခန်းကဏ္ဍက တာဝန်ယူနေတဲ့ ဂျပန်နိုင်ငံအပေါ်မှာ အားကိုးယုံကြည်တဲ့အကြောင်း” ပြောသွားတာပါ။

တိုကျို တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာလည်း အတွင်းရေမှူးချုပ် ဘန်ကီမွန်းက မြန်မာအရေးနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
“မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာရဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ စိုးရိမ်မှုတွေကို လေးစားသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးသင့်ပါတယ်။”

မြန်မာစစ်အစိုးရက ရှေ့နှစ် ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမဲ့ ရွေးကောက်ပွဲအပေါ် လူအများ လက်ခံ ယုံကြည်လောက်တဲ့ လုပ်ငန်းစဉ်တွေ အစပျိုး လုပ်ဆောင်တာ မရှိသေးတဲ့ အကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဝေဖန်ပြောကြားခဲ့ပါတယ်။

“ရှေ့နှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို လူအများက လက်ခံ ယုံကြည်ပြီး ကျင်းပမယ့် အခြေအနေ သူတို့ဘက်က ဖန်တီးသင့်ပါတယ်။ အခုချိန်အထိ ရွေးကောက်ပွဲ ဥပဒေ ဆိုတာလည်း မရှိ၊ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာလည်း မဖွဲ့ရသေးပါဘူး။ လူတွေ လက်ခုံယုံကြည်တဲ့ အနေအထားကို စပြီး လုပ်ဆောင်တာ မရှိသေးပါဘူး။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အလှည့်အပြောင်း ကာလမှာ တိုးတက်မှုတွေ ရဖို့ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံရေး လိုအပ်ချက် အချက် ၃ချက်ကို အဓိက အားဖြင့် ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့နဲ့ ရှေ့နှစ် ကျင်းပဖို့ စီစဉ်တဲ့ ရွေးကောက်ပွဲကို နည်းမှန်လမ်းမှန် အနေအထားမှာ လူအများလက်ခံ ယုံကြည်တဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်မယ့် အခြေအနေတွေကို ဖန်တီးဖို့အတွက် မြန်မာစစ်အစိုးရကို တောင်းဆိုထားတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လူအများ ယုံကြည်လက်ခံမယ့် အခြေအနေမျိုး ဖန်တီးဖို့ တိုက်တွန်းနေပေမဲ့လည်း အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ စစ်အစိုးရအတည်ပြုထားတဲ့ ဖွဲ့စည်းပုံပါ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်တွေ ပြန်လည် ပြင်ဆင်ရေးကို အဓိကတောင်းဆိုနေပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အတွင်း အန်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အန်အယ်လ်ဒီဘက်က တွေ့ဆုံဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း အန်အယ်လ်ဒီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကုလသမဂ္ဂ အဖွ့ဲအစည်းနဲ့ တွေ့ဖို့ အမြဲတမ်း အဆင်သင့်ပါ။ ကြိုတင်ပြင်ဆင်တယ်ဆိုတဲ့နေရာလည်း ကျွန်တော်တို့ အန်အယ်လ်ဒီ က သူ့ရဲ့ မူဝါဒတွေရှိပါတယ်။ မူဝါဒတွေ မူတည်ပြီးတော့ တွေ့မှာပါ။ အဓိကကတော့ နောက်ဆုံး အန်အယ်လ်ဒီ က ထုတ်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ပါသလို့ပါပဲ။ ဒိုင်ယာာလော့ကနေစမယ်။ ဒိုင်ယာလော့ အောက် မှာ မှ ဥပဒေ ပြင်ဆင်ရေးတို့ ဒါတွေက နောက်ကလိုက်ပါမယ်။ ဒီမူဝါဒက ရွှေဂုံတိုင်ဟာ နောက်ဆုံးဖြစ်သလို အခုထိလည်း ဒီမူဝါဒပါပဲ။”

ပြီးခဲ့တဲ့ နှစ်က အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ခရီးစဉ်မှာတော့ မုန်တိုင်းဒဏ် ခံနေရတဲ့ မြန်မာပြည်သူတွေကို ကယ်တင်ဖို့ နိုင်ငံတကာ အကူအညီတွေ လက်ခံနိုင်ရေးစစ်အစိုးရကို နားချနိုင်ခဲ့ပါတယ်။ အခုတခေါက် ခရီးစဉ်မှာရော၊ စစ်ဒဏ်သင့်ပြီး အတိဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မေတ္တာရပ်ခံချက်တွေကို စစ်အစိုးရ ခေါင်းဆောင်တွေ လက်ခံအောင် နားချနိုင်ပါ့မလား မသေချာသေးပါဘူး။ အနိမ့်ဆုံးဆင့် အင်းစိန်ထောင်မှာ ချုပ်နှောင်ခံ နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မျှော်လင့်နိုင်ပါ့မလား။ ဦးဉာဏ်ဝင်းကတော့

“ကျွန်တော်တို့တော့ တကယ်ပဲ မျှော်လင့်နေပါတယ်။ အခုဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေ၊ နိုင်ငံတကာ အခြေအနေ၊ ကုလသမဂ္ဂအခြေအနေ၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ် ပြစ်မှု ကျူးလွန်တာ မရှိတဲ့အတွက် အဲဒီလို မျှော်လင့်ပါတယ်။”


ဆက်စပ်သတင်းများ ...

XS
SM
MD
LG