သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျကာတာမြို့ ဗြိတိန်သံရုံး ဒေါ်စုကို ဂုဏ်ပြု


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လှုပ်ရှားမှုကို ထောက်ခံ အားပေးတဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဗြိတိသျှသံရုံး အဆောက်အဦးနံရံ အပြင်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ဒီကနေ့ ကြာသပတေးနေ့ ညနေကစပြီး ဆလိုက် ထိုး ပြသထားမယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် ထောက်ခံအားပေးတဲ့အနေနဲ့ ဗြိတိသျှဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြုလုပ်တဲ့ လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့လယ်ကောင် မှာ ရှိတဲ့ ဗြိတိသျှသံရုံး အဆောက်အဦးကြီးရဲ့ အပြင်နံရံအပေါ် အများမြင်နိုင် အောင် ညအချိန်တွေမှာ ဒီကနေ့ ကြာသပတေးနေ့ကစပြီး တနင်္ဂနွေနေ့ညအထိ ဆလိုက်ထိုး ပြသထားမယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုကို ကမ္ဘာ့နိုင်ငံ တော်တော်များများမှာရှိတဲ့ ဗြိတိသျှသံရုံးတွေမှာ လုပ်ဆောင်သွားမှာဖြစ်ပြီး အထူးသဖြင့်တော့ မြန်မာနိုင်ငံနဲ့ ပထဝီအနေအထားအရ နီးစပ်တဲ့ အာရှနိုင်ငံတွေမှာ ဦးစားပေး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဗြိတိသျှသံရုံး ပြောခွင့်ရအမျိုးသမီး မစ္စ ဖာယေး ဘဲလ်နစ္စ (Ms. Faye Belnis) က ဗီအိုအေကို အခုလို ရှင်းပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို အခုလို ဆလိုက်ထိုး ပြရတဲ့ ရည်ရွယ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ဒီမိုကရေစီ စံနှုန်းတွေ စောင့်ထိန်းလိုက်နာမှု၊ လွတ်လပ်မှု စတဲ့ လှုပ်ရှားမှုတွေကို ကျမတို့က ထောက်ခံပြသတဲ့အနေနဲ့ လုပ်လိုက်တာပါ။”

အခု ဆလိုက်ထိုးပြသမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံဟာ အကျဉ်းထောင် သံတိုင်တွေအတွင်းက အပြင်ကို လှမ်းကြည့် နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ အဲဒီပုံဘေးမှာတော့ “အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားပါစေ” လို့ အဓိပ္ပာယ်ရတဲ့ အင်ဒိုနီးရှားနဲ့ အင်္ဂလိပ်ဘာသာ နှစ်ဘာသာစလုံးနဲ့ ရေးထားတဲ့ စာတမ်း လည်း ပါပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံကို ဘာကြောင့် အခုလို ပြသရတာနဲ့ ပတ်သက်လို့လည်း မစ္စ ဖာယေးကပဲ ဆက်ပြီးတော့…

“ဒီလှုပ်ရှားမှုကို ဘာကြောင့် အခုလို လုပ်ရသလဲဆိုတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အရေးကြီး ဖြစ်ရပ်ကြီး ၂ခု ကြောင့်ပါ။ တခုကတော့ မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ပြန်လည်ကြားနာမယ့် ဖြစ်ရပ်နဲ့ နောက်တခု ကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) မြန်မာနိုင်ငံကိုရောက်မယ့် အချိန်တွေနဲ့ ကိုက်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်ရှင်။”

ဗြိတိသျှသံရုံးတွေမှာ အခုလို လှုပ်ရှားမှုတွေ ပြုလုပ်တာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကိုယ်တိုင် ဦးဆောင်ပြုလုပ်တဲ့ လှုပ်ရှားမှုဖြစ်တဲ့ အကြောင်းလည်း သူက ဆက်ပြော ပါတယ်။

“ဒီလှုပ်ရှားမှုကို ဝန်ကြီးချုပ်ကိုယ်တိုင်က ဦးဆောင်လှုပ်ရှားတာပါ။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ အချိန်ကိုက်ပြီးတော့ လည်း ဝန်ကြီးချုပ်က ဒေါ်စုအတွက် ၆၄ ဆိုတဲ့ အင်တာနက် ဝက်ဆိုက်ကို စတင်တည်ထောင်ဖို့ကိုလည်း ထောက်ခံအားပေး ခဲ့သူပါ။ ကမ္ဘာတလွှားမှာရှိတဲ့ ဗြိတိသျှသံရုံးတွေ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ထောက်ခံ အားပေးကြဖို့၊ သံရုံး ဝက်ဘ်ဆိုက်တွေမှာ ဒီကိစ္စကို ဖော်ပြကြဖို့ ကိုယ်တိုင် အထူးအာရုံစိုက် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားမှာရှိတဲ့ သံရုံးဟာ ဒီလှုပ်ရှားမှုကို အပြည့်အ၀ စတင် အကောင်အထည်ဖော်တဲ့ သံရုံး ဖြစ်လာတာပါ။”

အင်ဒိုးနီးရှားနိုင်ငံမှာရှိတဲ့ ဗြိတိသျှသံရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ပုံကိုမှ တမင်ရွေးချယ် ပြသရခြင်းရဲ့ ရည်ရွယ်ချက် ကတော့ ၁၈ ရာစုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ဒီမိုကရေစီနဲ့ အမျိုးသမီး အခွင့်အရေးတွေကို ဦးဆောင်လှုပ်ရှားခဲ့တဲ့ အမျိုးသမီးခေါင်းဆောင် အေ.အာ.ကာရ်တီးနီး (A. R. Kartini) ကြောင့် ဖြစ်ပါတယ်။ ကာရ်တီးနီးကို အင်ဒိုနီးရှားနိုင်ငံမှာ သူတော်စင်တယောက်လို လေးစား ကြည်ညိုခံရသူ တဦးဖြစ်ပြီးတော့ ကာရ်တီးနီးရဲ့ ယုံကြည်ချက်ဖြစ်တဲ့ “အမှောင်ထုရဲ့ တဘက်ကမ်းမှာ အလင်းရောင်ဆိုတာ ရှိတယ်” ဆိုတဲ့ ယုံကြည်ချက်နဲ့အညီ ကာရ်တီးနီးလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို အင်ဒိုနီးရှား နိုင်ငံသားတွေ ကိုယ်ချင်းစာ နားလည်လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို အခုလို ဆလိုက်ထိုး ပြသတဲ့အတွက် အင်ဒိုနီးရှား အာဏာပိုင်တွေက ကန့်ကွက် တားဆီး တာ မရှိသလို ဒေသခံ အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းပံ့ပိုး ကူညီကြတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG