သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ ကုလ အတွင်းရေးမှူးချုပ် တွေ့ဆုံဖို့ စစ်အစိုးရ ခွင့်မပြု


မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အခုလက်ရှိ နေပြည်တော်မှာ ရောက်နေပြီး နိုင်ငံရေးပါတီ တချို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေပါပြီ။ မစ္စတာ ဘန်ကီမွန်း အနေနဲ့ သူဘယ်သူတွေနဲ့ တွေ့တယ်၊ အဓိက ဘာတွေ ပြောဆိုဆွေးနွေးတယ် ဆိုတာတွေ ကို ဒီခရီးစဉ်ကို ဘန်ကောက်ကနေ စောင့်ကြည့်နေတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မစ္စတာ ဘန်ကီမွန်း က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ တောင်းခံတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကနဦး တုံ့ပြန်ချက် ပုံက သိပ် အလားအလာ မကောင်းလှဘူးလို့ ဆိုရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဟာ တရား ရင်ဆိုင်နေရသူ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြန်ပြောတယ်ဆိုပြီး မစ္စတာ ဘန်ကီမွန်း က ဆိုကြောင်း နေပြည်တော်ကလာတဲ့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် မစ္စတာ ဘန် က အလွယ်တကူ လက်မလျှော့ဘဲ သူ့ မေတ္တာ ရပ်ခံချက်ရဲ့ အရေးကြီးပုံကို အလေးအနက် ထပ်ပြောခဲ့ပြီး အကြောင်းပြန်ကြားမှာကို စောင့်နေတယ်လို့ သတင်းထောက်တွေကို ပြောကြောင်း အေပီသတင်းက ဆိုပါတယ်။

ရန်ကုန်ကို ဒီကနေ့ မနက်ပိုင်း ခရီးရောက်မဆိုက် မစ္စတာ ဘန်ကီမွန်း သတင်းထောက်တွေကို ပြောခဲ့တာကတော့ -

“အခုလုပ်ငန်းဟာ အင်မတန်ခက်ခဲတဲ့ လုပ်ငန်းတခုဖြစ်မယ် ဆိုတာ ကျနော်သိပါတယ်။ အပြောင်းအလဲ ဖြစ်ဖို့ဆိုရင် ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားလုပ်ဆောင်ဖို့ လိုတယ် ဆိုတာ ကျနော်သိပါတယ်။” လို့ ဘန်ကီမွန်းကပြောပါတယ်။

ဒါ့အပြင် သူ့ရဲ့ ရည်ရွယ်ချက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ မစ္စတာ ဘန်ကီမွန်း ရဲ့ ခရီးစဉ် နဲ့ပတ်သက်ပြီး ဘာမှ သေသေချာချာ သိမထားဘဲ မနေ့က ရှေ့နေတွေနဲ့ တွေ့တဲ့အချိန်မှာမှ ခရီးစဉ်အကြောင်း သိတာလို့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း က ပြောပါတယ်။ မနေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရှေ့နေတွေ တွေ့တဲ့အချိန်မှာ ဒေါ်စု ပြောခဲ့တဲ့ သဘောထား တခုကိုတော့ ဦးဉာဏ်ဝင်း က အခုလို ပြန်ပြောပြပါတယ်။

“မနေ့က တွေ့တဲ့အချိန်မှာ ကျနော်တို့ထဲက ရှေ့နေတဦးက ဒေါ်အောင်ဆန်းစုကြည်ကို မေးတယ်။ မစ္စတာ ဘန် ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဒီအမှုအပေါ်မှာ အကျိုးသက်ရောက် နိုင်တယ်လို့ ထင်သလား လို့။ သူ လုံး၀ မစဉ်းစားဘူးတဲ့ ဒီအမှု အတွက်။ သူ စဉ်းစားနေတာ အမျိုးသား ရင်ကြားစေ့ရေးပဲ။ အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့က အဓိက ပဲတဲ့။ သူ့အမှုအတွက် သူ ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူးတဲ့။”

မစ္စတာ ဘန်ကီမွန်း ခရီးစဉ်ရဲ့ ရလဒ်တခု အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သာ လွတ်မလာဘူး ဆိုရင်တော့ မအောင်မမြင် ဖြစ်ရတဲ့ ခရီးစဉ်တခု ဖြစ်လိမ့်မယ် ဆိုပြီး ပြောဆိုထားတာတွေ ကလည်း ရှိပါတယ်။ ဒါ့အပြင် နေအိမ်အကျယ်ချုပ် အခြေအနေ ပြန်ရောက်တာလို လွှတ်တာမျိုးဆိုရင်လည်း အကြီးအကျယ် မအောင်မြင်တဲ့ ခရီးစဉ် ဖြစ်လိမ့်မယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ထောက်ပြထားပါတယ်။

မြန်မာအာဏာပိုင်တွေ အနေနဲ့ အတွင်းရေးမှူးချုပ် နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မိမိတို့ တိုက်တွန်းတဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးက လူထု ဆက်ဆံရေးဆိုင်ရာ လက်ထောက် အရာရှိ ဒရိတ် ဝိုင်းဆက် (Drake Weisert) က အီးမေးက နေ တဆင့် ဗွီအိုအေ ကို ပြောပါတယ်။ ဒါဟာ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မှု ရှိနေတဲ့ ကိစ္စ ရပ်တွေမှာ တိုးတက်မှုရဖို့ ပြင်ဆင်ထားတယ် ဆိုတာကို ပြသရမယ့် အခွင့်အလမ်းကောင်း တခု ဖြစ်တယ်လို့လည်း မစ္စတာ ဒရိတ် က ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ မစ္စတာ ဘန်ကီမွန်းဟာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နဲ့ တွေ့ဖို့ရှိသလို တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ နေပြည်တော်က လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG